Home
မြန်မာသတင်း
နမ္မတူမြို့ အစိုးရတပ်စခန်း တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံး
ရွှေအောင်
·
July 5, 2015
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့အ၀င်က အစိုးရတပ်စခန်းတခုကို ဇူလိုင် ၅ ရက်မနက် ၁ နာရီခွဲလောက်မှာ လက်နက်ကိုင် တပ်ဖွဲ့တခုက ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ နမ္မတူမြို့ အခြေစိုက်တပ်မတော် ခြေမြန်တပ်ရင်း ၃၂၄ ကို မနက် ၁ နာရီခွဲလောက်ကစပြီး တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်းဘက်က ၂ ယောက် သေတယ်လို့ ဒေသခံက ပြောပါတယ်။ “ဒီမနက် ၂ နာရီ မထိုးခင်မှာ ၃၂၄ မှာ သေနတ်သံ ပေါက်ကွဲသံကြားရပါတယ်။ ဖြစ်တဲ့အချိန်ကတော့ ၁ နာရီကျော် ကြာတာပေါ့ဗျာ။ ၃နာရီ ထိုးတဲ့အချိန်မှာ သေနတ်သံရော ဗုံးသံရော တိတ်သွားတယ်။ ကျနော်တို့ အခု ပြန်ကြားတာတော့ တပ်ဘက်က ၂ ယောက်သေတယ်၊ ၁ ယောက် ဒဏ်ရာရတယ်။” အစိုးရတပ်ရင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နမ္မတူမြို့မရဲစခန်း စခန်းမှူးက အတည်ပြုပြောကြားပေမယ့် လူသေဆုံးမှုနဲ့ ပတ်သက်လို့တော့ အတည်ပြုပြောကြားခြင်း မရှိပါဘူး။ နမ္မတူမြို့အနီးတ၀ိုက်မှာ အစိုးရတပ်နဲ့ တအာင်းပလောင်တပ်တို့ တိုက်ပွဲဖြစ်ပွားတာမျိုး မကြာခဏ ကြားရပေမယ့် အခုလို တပ်ရင်းကို ၀င်တိုက်ခိုက်တာမျိုးကတော့ အခုမှ ဖြစ်ပွားတာပါ။ မြို့အနီးတ၀ိုက်မှာ တအာင်းပလောင်တပ်ဖွဲ့၊ ရှမ်းတပ်ဖွဲ့နဲ့ ကေအိုင်အေ ကချင်တပ်ဖွဲ့တို့ လှုပ်ရှားသွားလာလေ့ရှိပြီး အခု တိုက်ခိုက်မှုဟာ တအာင်းပလောင်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ မြို့ခံတွေက သုံးသပ်ပြောနေကြပေမယ့် ဒီဗွီဘီက သီးခြားဆက်သွယ်အတည်ပြုလို့ မရသေးပါဘူး။ နမ္မတူမြို့မှာတော့ မြို့ခံတွေ အသွားအလာအနေအထိုင်မပျက် လှုပ်ရှားသွားလာနေကြပြီး တိုက်ခိုက်ခံရတဲ့ ခြေမြန်တပ်ရင်းဟာ မြို့နဲ့ ၁ မိုင်လောက် ဝေးတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024