A d v e r t i s e m e n t With Us

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် ပစိဖိတ်သမုဒ္ဒရာကို အောင်မြင်စွာဖြတ်သန်း

နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာကို အောင်မြင်စွာ ဖြတ်သန်းပြီးနောက် ဇူလိုင် ၂၃ ရက်နေ့ အစောပိုင်းမှာ ဟိုင်ဝိုင်အီ ကျွန်းပေါ်က ဟိုနိုလူလူ စီရင်စုထဲမှာ ပါဝင်တဲ့ ကာပိုလိုင်မြို့ (Kapolei) ကို ဆိုက်ရောက်သွားပါတယ်။ ဂျပန်နိုင်ငံကနေ ဇွန်လ ၂၉ ရက်နေ့ စတင်ထွက်ခွာခဲ့ပြီး ဟာဝိုင်အီအထိ အောင်မြင်စွာ ပျံသန်းနိုင်တဲ့အတွက် လေယာဉ်ပျံသန်းမှု သမိုင်းမှာ လေယာဉ်မှုး တယောက်တည်း  မရပ်မနား မောင်းနှင်းတဲ့ အချိန်အကြာဆုံး ခရီးစဉ်အဖြစ်  မှတ်တမ်းသစ်ကိုပါ ရေးထိုးနိုင်လိုက်ပါတယ်။ လေယာဉ်ကို ပဲ့ကိုင် မောင်းနှင်သွားတဲ့ ဆွစ်ဇလန် နိုင်ငံသား လေယာဉ်မှူး အန်ဒရီး ဘော့ရှာဘက်က သူ့အတွက် ထူးခြားတဲ့ သမိုင်းဝင် အတွေ့အကြုံသစ် ဖြစ်သလို၊ အရေးအကြီးဆုံးကတော့ နေရောင်ခြည် စွမ်းအင်ကို ထိထိရောက်ရောက် အသုံးပြုနိုင်တယ်ဆိုတာကို လက်တွေ့ သက်သေပြလိုက်နိုင်ပြီလို့ ပြောပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ကမ္ဘာတပတ် ပျံသန်းပြတဲ့ ရည်ရွယ်ချက်က သန့်ရှင်းတဲ့ စွမ်းအင်ကို လူတွေ အာရုံစိုက်မှု တိုးလာစေဖို့ ဖြစ်ပါတယ်။ ခရီးစဉ် အစအဆုံး မိုင် ၂၂၀၀၀ (နှစ်သောင်းနှစ်ထောင်) ပျံသန်းဖို့ ရည်ရွယ်ထားပြီး အဘူဒါဘီကနေ မတ်လ ၉ ရက်နေ့က စတင်ထွက်ခွာခဲ့တာပါ။ ပျံသန်းချိန် ၂၅ ရက်၊ ရပ်နားရာနေရာ ၁၂ နေရာနဲ့ ကမ္ဘာတပတ် ပျံသန်းမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီမတိုင်ခင် နောက်ဆုံး ခရီးတထောက်ကတော့ တရုတ်နိုင်ငံ နန်ဂျင်းကနေ မေလ ၃၁ ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး  ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းဖို့ ရည်ရွယ်ပေမယ့် ရာသီဥတု အခြေအနေ မကောင်းတာကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်းက နာဂိုယာမြို့မှာ ကြားဖြတ် ရက်နားပြီး ရက်တချို့ စောင့်ဆိုင်းခဲ့ရပါတယ်။ နောက်ထပ် ခရီးစဉ်ကတော့ ဟိုဝိုင်အီကနေ အရီဇုံးနား ပြည်နယ်ထဲက ဖိနစ်မြို့ဆီကို ပျံသန်းမှာ ဖြစ်ပါတယ်။ ဖိနစ်မြို့ရောက်ပြီးရင် အတ္တတိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး လေယာဉ် စတင်ထွက်ခွာခဲ့ရာ အဘူဒါဘီဆီကို လေယာဉ်မှူး နှစ်ယောက်စလုံးက မောင်းနှင်ပြီး ကမ္ဘာတပတ် ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up