A d v e r t i s e m e n t With Us

လူငယ်ဗွီဒီယိုပြိုင်ပွဲ ကျင်းပရန် အာရှဖွံ့ဖြိုးရေးဘဏ် လျှောက်လွှာခေါ်ယူ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာကျင်းပမယ့် ဒုတိယအကြိမ်အာရှဆည်မြောင်းဖိုရမ်အကြို လူငယ်ဗွီဒီယို ပြိုင်ပွဲတရပ်ကို အာရှဖွံ့ဖြိုးရေးဘဏ်က ကြီးမှူးကျင်းပမှာဖြစ်ပြီး လျှောက်လွှာစတင်ခေါ်ယူနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ၃ မိနစ်စာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်နဲ့ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသက် ၁၈နှစ်မှ ၃၀ နှစ် ကြားလူငယ်တွေ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရမယ့်ခေါင်းစဉ်က “Who’s growing tomorrow’s food?” (မနက်ဖြန်အတွက် စားနပ်ရိက္ခာကို ဘယ်သူတွေစိုက်ပျိုးကြမလဲ) လို့ သတ်မှတ်ထားပါတယ်။ ဆုရရှိသူကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ အာရှဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်ကို ခေါ်ယူပြီး  နိုဝင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ့် ဖိုရမ်မှာ ပူးပေါင်းပါဝင်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စား နပ်ရိက္ခာအဖွဲ့နဲ့ နိုင်ငံတကာရေအရင်းအမြစ် စီမံခန့်ခွဲမှုသိပ္ပံအဖွဲ့တွေက ဆုချီးမြှင့်မယ်လို့ဆိုပါတယ်။ နောက်ဆုံးစကာတင်အဆင့်ဝင်တဲ့ ဗွီဒီယိုတွေကိုတော့ အဲဒီဖိုရမ်မှာ ပြသထားမှာ ဖြစ်သလို အာရှဖွံ့ ဖြိုးရေးဘဏ်ရဲ့အင်တာနက်စာမျက်နှာမှာလည်း ဖော်ပြထားမှာဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်၊ ရေအရင်းအမြစ်အသုံးချမှုဆိုင်ရာဆိုင်ရာပညာရှင် ရက်စမင်ဆီဒီတီက “အာရှမှာ ရေအရင်းအမြစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းကို ဆည်မြောင်းရေသွင်း စိုက်ပျိုးတဲ့နေရာမှာ အသုံးနေတာပါ။ ဒါဟာ လူဦးရေတိုးပွားလာမှု၊ မြို့ပြဖြစ်ထွန်းလာမှု၊ စားသောက်နေထိုင်မှု ပုံစံပြောင်းလဲလာမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်နေပါတယ်။ ဒီစိန်ခေါ်မှုတွေအပေါ်မှာ ဆန်းသစ်တဲ့ အမြင်တွေနဲ့ဖော်ကြူးထားတဲ့ ဗွီဒီယိုတွေကို ကျနော်တို့မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေဟာ အင်တာနက်စာမျက်နှာ YouTube.com ဒါမှမဟုတ် Youku.com မှာ ဗွီဒီယို ကို တင်ရမှာဖြစ်ပြီး ပါဝင်တဲ့အကြောင်းအရာ၊ ကြည်လင်ပြတ်သားတဲ့တင်ပြမှု၊ ပေးလိုတဲ့ ရည်ရွယ်ချက်၊ ဗွီဒီယိုမှာပါဝင်တဲ့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်စတဲ့ အကြောင်းအရာတွေပေါ်မူတည်ပြီး ရွေးချယ်ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်အင်တာနက်စာမျက်နှာမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထားပြီး [email protected] ကို အီးမေးလ်ပို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာဆုရရှိသူတွေကို အောက်တိုဘာလ ၁၅ ရက်မှာ ကြေညာပေးသွားမှာဖြစ်ပြီး အသေးစိတ်စည်း ကမ်းချက်တွေကိုလည်း အဲဒီစာမျက်နှာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်ဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ သဘာဝပတ်ဝန်းကျင်တိုးတက်မှုနဲ့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ကိုင်နေတာပါ။

A d v e r t i s e m e n t With Us

More News
Up