Home
မြန်မာသတင်း
အစိုးရနှင့်ဒီကေဘီအေ တိုက်ပွဲကြောင့် ခရီးသွားပြည်သူများ အခက်ကြုံ
DVB
·
July 4, 2015
ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ် လမ်းပိုင်းမှာဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့  ဒီကေဘီအေတပ်တွေအကြား တိုက်ပွဲတွေကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေရပါတယ်။ မြ၀တီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ တပ်စွဲထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား ဇူလိုင် ၂  ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အန္တရာယ်ဖြစ်စေသလို ခရီးသွားရာမှာလည်း ကြန့်ကြာခဲ့ရတယ်လို့ ခရီးသည်တင်ကား ပြေးဆွဲနေတဲ့ ဦးလှအေးက ပြောပါတယ်။ “လမ်းခရီးကြမ်းတာ ဖြည်းဖြည်းမောင်းသွားလို့ရတယ်။ အခုလိုတိုက်ပွဲကြမ်းနေရင် ဘာမှလုပ်လို့မရဘူး၊ ခဏရပ် ကျနော်တို့သွားပါရစေလို့ ပြောလို့လည်းမရဘူး။ ပုပ်ကုန်တွေဆိုရင်လည်း ပုပ်ကုန်တယ်၊ လူတွေသွားဖို့အတွက် အန္တရာယ်များတယ်။ ငွေရေးကျေးရေးကတော့ အန္တရာယ်အကြားမှာလည်း ပေးနေရတယ်။ အန္တရာယ်မရှိရင်လည်း ပေးနေရတာပဲ၊ ဒီမနက် ၆ နာရီခွဲကတည်းကစောင့်နေတယ်။ အခုနေ့လယ်ပိုင်း ၃ နာရီထိုးနေပြီ သွားလို့မရသေးဘူး။ ဒါဆို မြဝတီမြို့နဲ့ နီးနီးလေးတနေရာမှာပဲ ရှိသေးတယ်၊ တိုက်ပွဲသံတွေလည်း ကြားနေရတယ်။ သွားမယ်ဆိုရင်လည်း အဆူခံ ဟောက်ခံနေရတယ်။” တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ စီးပွားရေးလုပ်ကိုင်နေသူတွေနဲ့  ရွှေ့ပြောင်းအလုပ်သမားတွေလည်း ခရီးကြန့်ကြာခဲ့ရပါတယ်။ လက်နက်ကြီးသံ တိတ်သွားတဲ့အချိန်မှာတော့ ကော့ကရိတ် မြဝတီတောင်ပတ်လမ်းကို သွားလာတဲ့ ခရီးသည်မရှိတော့ဘဲ လမ်းအဟောင်းကိုပဲ အသုံးပြုသူတွေ ပိုများလာပါတယ်။ ခရီးသည်တဦးဖြစ်တဲ့ မ၀င်းအိဖြိုးက “သူများတွေလည်း ကိုယ့်လိုပဲ သွားချင်နေကြပြီ။ အချိန်ကလည်း အရမ်းကြာနေပြီ။ သွားရတာကလည်း  ခရီးကလည်း နီးနီးနားလည်း မဟုတ်ဘူး၊ အဝေးကြီးဆိုတော့” လို့ ပြောပါတယ်။ သင်္ကန်းညီနောင်ဘက်မှာတော့ အစိုးရတပ်ဘက်ကနေပြီး ဒီကေဘီအေတပ်စွဲထားတဲ့ ဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ နှစ်ဖက်စလုံး ထိခိုက်တာတွေရှိခဲ့ပြီး  ဇူလိုင် ၄ ရက်နေ့ မနက်မှာတော့ တိုက်ပွဲတွေမရှိတော့ပေမယ့် နှစ်ဖက်အသင့်ပြင်ထားတာတွေ ရှိနေတဲ့အတွက် အချိန်မရွေးပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တောင်ပတ်လမ်းကိုလည်း ဖြတ်သန်းဖို့ ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ဇူလိုင်လအတွင်းမှာ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး ပိုမိုတိုးမြှင့် ချထားသလို ဖွင့်ပွဲအတွက် နေရာပြင်ဆင်မှု ရှိနေချိန်မှာ ခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024