A d v e r t i s e m e n t With Us

ချီလီ-အာဂျင်တီးနား ကိုပါဖလား ဗိုလ်လုပွဲ သုံးသပ်ချက်

ဇွန် ၅ ရက် မြန်မာ စံတော်ချိန် မနက် ၃ နာရီခွဲမှာ ၂၀၁၅ ခုနှစ် ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် အိမ်ရှင် ချီလီနဲ့ အာဂျင်တီးနား အသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ကိုပါဖလားပြိုင်ပွဲမှာ ၀င်ရောက် ကစားတဲ့ နိုင်ငံကိုယ်စားပြု ဘောလုံး အသင်းတွေရဲ့ ဘောလုံး စွမ်းရည်နဲ့ အရည်အသွေးက အဆင်မြင့် အနေအထားမှာ ရှိနေသလို ပရိသတ်ကို ဘောလုံး ရသ ပေးနိုင်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ဘောလုံးပြိုင်ပွဲ တပွဲ ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ရွှေဖိနပ်ဆု၊ ရွှေလက်အိတ်ဆု၊ အသန့်ရှင်းဆုံး ကစားသမားဆုတွေကို ပေးအပ်သွားမှာ ဖြစ်သလို အကောင်းဆုံး လူငယ်ကစားသမားဆုနဲ့ မာစတာကတ်ရဲ့ အကောင်းဆုံး ကစားသမားဆုတွေကိုတော့ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ဖီဖာရဲ့ ၂၀၁၇ ခုနှစ် တိုက်ကြီးများ ချန်ပီယံပြိုင်ပွဲမှာ ၀င်ရောက် ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ တောင်အမေရိက ဘောလုံး ချန်ပီယံရှစ်ဆိုပြီး ၁၉၁၆ ခုနှစ်ကတည်းက ကျင်းပလာတဲ့ ကိုပါ အမေရိက ဖလားပြိုင်ပွဲ သမိုင်းမှာ  ၁၉၅၅ ခုနှစ်က ချီလီက အိမ်ရှင်အဖြစ် ကျင်းပတဲ့ပွဲမှာ အာဂျင်တီးနားနဲ့ ပထမဆုံးအကြိမ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး အာဂျင်တီးနားက အနိုင်ရရှိခဲ့  ပါတယ်။ ကိုပါ အမေရိကလို့ အမည်ပြောင်းကျင်းပခဲ့ပြီးတဲ့နောက် ချီလီဟာ အာဂျင်တီးနားကို တခါမှ အနိုင်ရရှိခဲ့ခြင်း မရှိဘဲ ၅ ကြိမ် သရေကျပြီး ၁၉ ကြိမ် ရှုံးနိမ့်ထားပါတယ်။ ချီလီနိုင်ငံမှာ ၇ ကြိမ် ဒီ ၂ သင်း ကစားခဲ့ဖူးပြီး အာဂျင်က ၃ ပွဲနိုင် ၄ ပွဲသရေကျထားပါတယ်။ ဒီအသင်းတွေရဲ့ သမိုင်းကြောင်း အချက်အလက် မှတ်တမ်း ဘောလုံးသမား အရည်အသွေးနဲ့ပတ်သက်ပြီး ၀ါရင့် မြန်မာ့ အားကစားကလောင်ရှင်တွေနဲ့ နည်းပြတွေရဲ့ အမြင်နဲ့ ဘယ်အသင်း အနိုင်ရမလဲဆိုတာကို သုံးသပ်တင်ပြချင်ပါတယ်။ ဒီပြိုင်ပွဲ သမိုင်းကြောင်းအရ အရင်နှစ်က ချန်ပီယံ ဥရုဂွေးက ချန်ပီယံ ၁၅ ကြိမ်နဲ့ ကိုပါဖလားမှာ အအောင်မြင်ဆုံး အသင်းတသင်းဖြစ်ပါတယ်။ အာဂျင်တီးနားကတော့ ချန်ပီယံ ၁၄ ကြိမ်၊ ဘရာဇီးကတော့ ၈ ကြိမ်နဲ့ ဒုတိယနဲ့ တတိယ အအောင်မြင်ဆုံးအသင်းတွေ ဖြစ်ပါတယ်။ ကိုပါဖလားပြိုင်ပွဲမှာ ချီလီအသင်းက ချန်ပီယံ ဖြစ်ခဲ့ဖူးခြင်းမရှိပေမယ့် ဒုတိယနေရာကိုတော့ ၄ ကြိမ် ရရှိခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၂ ခုနှစ်အတွင်း ချီလီနဲ့ အာဂျင်တီးနားတို့ ၅ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဂျင်တီးနားက ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ ချီလီအသင်း ကိုပါပွဲမှာ ကစားခဲ့တဲ့ ၆ ပွဲမှာတော့ ၅ ပွဲနိုင် ၁ ပွဲသရေကျထားပါတယ်။ အာဂျင်တီးနားက နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲနိုင် ၂ ပွဲသရေကျထားပါတယ်။ ဒီ ၂ သင်းရဲ့ ကစားသမား စုဖွဲ့မှုကို ကြည့်မယ်ဆိုရင်တော့ မက်ဆီ၊ ဒီမာရီယာ၊ အဂွီရိုတို့ ပါဝင်နေတဲ့ အာဂျင်တီနားအသင်းက ဆန်းချက်ဇ်၊ မစ်ဒယ်တို့ရဲ့ ချီလီအသင်းထက်တော့ အားသာနေတာကို အောက်က အထောက်အထားတွေက ပြနေပါတယ်။ ပွဲတလျှောက်ကစားခဲ့တဲ့ ချီလီ ဂိုးသမား ကလောဒီယို ဘရာဗိုနဲ့ အာဂျင်တီးနား ဂိုးသမား ဆာဂျီယို ရိုမာရိုတို့ ၂ ဦးမှာ ဘရာဗိုက ဂိုးပေါက် ကာကွယ်မှု ၇၃.၃ ရာခိုင်နှုန်းနဲ့ ရိုမာရိုက ၇၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးထားပါတယ်။ ကိုပါပွဲမှာ ချီလီအသင်းက ပေးဂိုး ၄ ဂိုး အာဂျင်က ၃ ဂိုးသာ ပေးဂိုးရှိခဲ့ပါတယ်။ ရှေ့တန်း တိုက်စစ်မှူးတွေဖြစ်တဲ့ အဂွါဒို ဗားဂတ်စ်နဲ့ ဆာဂျီရို အဂွီရိုတို့ကို နှိုင်းယှဉ်မယ်ဆိုရင်တော့ ဗားဂတ်စ်က ၄ ဂိုး အဂွီရိုက ၃ ဂိုး သွင်းယူထားပါတယ်။ ဘောလုံးဖြန့်ပေးပို့မှုမှာ ဗားဂတ်စ်က ၉၅ ကြိမ်နဲ့ ၅၁ ကြိမ်သာ ရထားတဲ့ အဂွီရိုထက်သာနေသလို အဂွီရိုကြောင့်ရတဲ့ ပြစ်ဒဏ်ဘောက ဗားဂတ်စ်ထက်ပိုများနေပါတယ်။ အလယ်တန်း ကစားသမားတွေဖြစ်တဲ့ အာတူရို ဗစ်ဒယ်နဲ့ ဂျာဗီယာ မာရှေးယာနိုတို့ ၂ ဦးမှာတော့ ဗစ်ဒယ်က ဘောလုံး ပေးပို့မှု ၈၉. ၁ ရာခိုင်နှုန်းနဲ့ မာရှေးယာနိုက ၉၁.၈ ရာခိုင်နှုန်း ရှိနေပါတယ်။ အသင်းဖော်တွေ ဂိုးသွင်းခွင့်ရဖို့ ဖန်တီးမှု ၆ ကြိမ်တိတိ ဗစ်ဒယ်က လုပ်ဆောင်ခဲ့ပေမယ့် မာရှေးယာနိုကတော့ ၂ ကြိမ်ပဲ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ချီလီက ဆန်းချက်ဇ်နဲ့ အာဂျင်တီးနားက မက်ဆီတို့ကတော့ ၁ ဂိုးစီ သွင်းယူထားပါတယ်။  ကစားဖော်တွေ ဂိုးသွင်းဖို့ မက်ဆီက ၃ ကြိမ် ကူညီထားသလို ဆန်းချက်ဇ်က ၁ ကြိမ် ကူညီထားပါတယ်။ မက်ဆီကြောင့် လူကျွံဘော ပေးရတာ မရှိပေမယ့် ဆန်းချက်ဇ်ကြောင့် ပေးရတဲ့ လူကျွံဘောက ၄ ကြိမ်ရှိပါတယ်။ ပါရာဂွေးနည်းပြ ရေမွန်ဒိုင်ယက်ဇ်ကတော့ အာဂျင်တီးနားက ပါရာဂွေးအသင်းနဲ့တုန်းက ကစားတဲ့ ခြေမျိုးနဲ့ ဆိုရင် ချီလီကို အနိုင်ရပြီး ကိုပါအမေရိက ဖလားကို ရသွားမယ်လို့ ခန့်မှန်းပါတယ်။ မြန်မာဘောလုံး လက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးကတော့ ချီလီက ကစားအားရှိသလို အာဂျင်တီနား အသင်းမှာ သမ္ဘာရင့် ဘောလုံးသမားတွေပိုများတဲ့အတွက် အာဂျင်တီးနားကို ပိုကြိုက်တယ်လို့ ပြောပါတယ်။ ၀ါရင့် အားကစားကလောင်ရှင် ကိုဟိန်းသန့်ကတော့ ချီလီအသင်း ဗိုလ်လုပွဲရောက်လာတာဟာ အိမ်ရှင်ဆိုတဲ့ ဖိအားပါသလို အိမ်ရှင်က ပိုပြီးအခွင့်အရေး ရှိနေတယ်လို့ သုံးသပ်ပါတယ်။ “အသင်းသားတွေ ကစားပုံကအစ ကိုယ့်အိမ်ကွင်းရှေ့မှာဆိုတော့ ပိုပြီးတော့ မာမာထန်ထန် ကစားနိုင်မယ်။ အာဂျင်တီးနားကတော့ ချီလီမှာ လုပ်တဲ့ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲတာ များတယ်။ ခြေစွမ်းအရ ကြည့်မယ်ဆိုရင်တော့ အာဂျင်တီးနားက သာတာ မှန်ပေမယ့် ဒီပွဲမှာ ချီလီရဲ့ အိမ်ရှင်အားနဲ့ ခပ်မာမာ ခပ်တင်းတင်း တုံ့ပြန်ကစားလာရင်တော့ ကလပ်အသင်းတွေမှာ အဓိက ကစားသမားတွေများတဲ့ အာဂျင်တီးနား ကစားပုံက ပျက်သွားလိုက်မယ်ထင်ပါတယ်။ ကျနော်စိတ်ထင်တော့ အချိန်ပိုတွေ ဘာတွေအထိ သွားရပြီးတော့ နောက်ဆုံးတော့ ချီလီပဲ နိုင်သွားလိမ့်မယ်ထင်တယ်” လို့ သူက ပြောပါတယ်။ တက်လမ်းအားကစားဂျာနယ် အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ကတော့ ၂ သင်းစလုံးမှာ ထိပ်တန်း ကစားသမားတွေပါသလို ကစားရာမှာတော့ သရေကျပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူနိုင်တယ်လို့ ခန့်မှန်းပါတယ်။ “အာဂျင်တီးနားရဖို့ များတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဘောလုံးပွဲဆိုတာကတော့ သိတဲ့ အတိုင်း ဘယ်သူမှ ပြောလို့မရပါဘူး ”လို့ သူက ပြောပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူး အဂွီရိုကတော့ ကိုပါဖလားကို ရရင် ကမ္ဘာ့ဖလားအကြွေးကို ပြန်ပေးတာနဲ့ အတူတူပဲလို့ ပြောဆိုထားပါတယ်။ ကိုပါဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဘယ်အသင်း အနိုင်ရသွားမလဲဆိုတာ မြန်မာဘောလုံးပရိသတ်တွေ စောင့်မျှော်ကြည့်ရှုကြရအောင်ပါ။

A d v e r t i s e m e n t With Us

More News
Up