Home
မေးမြန်းခန်း
အမှန်တရား ဆုပ်ကိုင်ထားသလို ရလဒ်ထွက်ဖို့ တခုလုံး ပြန်သုံးသပ်ရမယ် - ဦးကိုကိုကြီး
အေးနိုင်
·
July 4, 2015
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးအတွက် ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အတည်ပြုခဲ့ပြီး ဧပြီလဆန်းမှာ ပထမဆုံးအကြိမ် ဆွေးနွေပွဲစခဲ့ပါတယ်။ သင်္ကြန်ချိန် လွန်မြောက်တဲ့အခါ ဒုတိယအကြိမ်ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ကြပေမယ့် မဖြစ်မြောက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ခဲ့ကြမှာ တပ်မတော်သား လွှတ်တော်အမတ်တွေက ညီညီညာညာ ကန့်ကွက်ခဲ့ကြပါတယ်။ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ရပ်တန့်နေမှုနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးရလဒ် ဆက်နွှယ်မှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့ ၆ ပွင့်ဆိုင်က သင်္ကြန်မတိုင်ခင် ၁ ကြိမ် တွေ့ဆုံပြီးကတည်းက ဆက်မလုပ်ဖြစ်ဘဲ ရပ်တန့်နေတယ်။ ဒီဆွေးနွေးပွဲ မဆက်ဘဲ ရပ်တန့်မှုဟာ ဘယ်သူ့မှာ တာဝန်ရှိပြီး မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက်သက်ရောက်မှုရှိလဲ။ “အဓိကကတော့ ဒီ ၆ ပွင့်ဆိုင်ဆိုတာက တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ပုံသဏ္ဌာန်  အငြင်းအခုန်ဖြစ်နေတဲ့ အပွင့်တွေထဲက တခုပေါ့။ ဒီဘက်က တောင်းတာ ၄ ပွင့်ဆိုင်၊ ဟိုဘက်က ၁၂ ပွင့်၊ ၄၈ ပွင့်၊ ၆ ပွင့် အစရှိသဖြင့် အဲဒါမျိုးတွေ ဖြစ်နေကြတော့ တွေ့ဆုံဆွေးနွေးပွဲရဲ့ အနှစ်သာရကို မရောက်နိုင်သေးဘဲနဲ့ အပွင့်တွေမှာတင်ပဲ တော်တော်လေးကို ငြင်းခုန်နေကြတယ်။ အဲဒီထဲမှာမှ ပြည်ထောင်စုလွှတ်တော်ကနေ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတယ်ဆိုတာကကျတော့ လူထုကနေ တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားပြုမှုက လောလောဆယ်မှာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လွှတ်တော်တခုပဲ ရှိတယ်။ အဲဒီတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ကတော့ အားလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်ကတော့ မြင်တယ်။” ဒီဆွေးနွေးပွဲကို ခေါ်ရတာဟာ သမ္မတက ခေါ်ယူရတယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းအရ ရှိနေတာ မဟုတ်လား။ ဘယ်သူက ခေါ်ပိုင်ခွင့်ရှိသေးလဲ။ “အဲဒီတော့ ခုကတော့ လွှတ်တော်က ၆ ပွင့်ဆိုင် ဆုံးဖြတ်လိုက်တယ် ဆိုလို့ရှိရင် တကယ်က လွှတ်တော်က ဦးစီးဦးဆောင်ပြုပြီးတော့ ဒီကျန်တဲ့။ လွှတ်တော်ထဲမှာ ၄ ပွင့်ရှိတယ်၊ ကျန်တဲ့ ၂ ပွင့်က သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို လွှတ်တော်ကနေ ဦးစီးဦးဆောင်ပြုပြီးတော့ ဖိတ်ခေါ်မလား၊ ကျနော်တို့က မသိရဘူး။ ဒါပေမယ့် အခုဟာ သမ္မတက ခွင့်ပြုမှ၊ သမ္မတက ဖိတ်ခေါ်မှ ဒီဆွေးနွေးပွဲတွေ လုပ်တဲ့ပုံစံ ဖြစ်နေတယ်။ အဲဒီတော့ တကယ်ကတော့ လွှတ်တော်ကိုယ်နှိုက်က ဦးစီး ဦးဆောင်ပြုပြီးတော့ ဒီလွှတ်တော်ပြင်ပမှာရှိတဲ့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဖိတ်ခေါ်ပြီး လုပ်မယ်ဆိုရင်လည်း ၆ ပွင့်ဆိုင်က ပြန်စလို့ရတယ်လို့ ကျနော်တော့ မြင်တယ်။” ဖွဲ့စည်းပုံပြင်ဆင်ရေးချောမွေ့ဖို့ဆိုပြီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်လာတယ်။ ဒါပေမယ့် ရပ်တန့်နေတဲ့ အခုအခြေအနေမှာ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆွေးနွေးဆုံးဖြတ်ရာမှာတော့ တပ်မတော်ကိုယ်စားလှယ်တွေက ဗီတိုအာဏာသုံးပြီး ပယ်ချနေလို့ ထိရောက်မှုမရှိဘူး ဖြစ်နေတယ်။ ဒီတော့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ရပ်တန့်မှုနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပကတိဖြစ်ရပ်တွေ ဘယ်လိုဆက်နွှယ်မှု ရှိလဲ။ “အဓိကက လွှတ်တော်ထဲ မဲခွဲတယ်ဆိုတာက မြင်သာထင်သာတဲ့ ဆောင်ရွက်ချက်တခုပေါ့။ တကယ်က မဲခွဲဆုံးဖြတ်မှု မလုပ်ခင်မှာ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ကြားထဲမှာ အလွတ်သဘောရော၊ တရားဝင်ရော၊ စုံညီဆွေးနွေးပွဲတွေရော အဲဒါတွေ မအောင်မြင်တဲ့အတွက်ကြောင့် လွှတ်တော်တွင်း မဲခွဲမှုမှာ ဒီရလဒ်ထွက်လာတယ်လို့ ကျနော်က မြင်တယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲ မဲခွဲတယ်ဆိုတာက လုပ်ထုံးလုပ်နည်း အရ လုပ်တာ ဖြစ်ပေမယ့် တကယ်က မဲခွဲဆုံးဖြတ်မှုတွေ မလုပ်ခင်မှာ ပြင်ပမှာရှိတဲ့ လူ၊ ပုဂ္ဂိုလ်၊  အဖွဲ့အစည်းတွေ ကြားထဲမှာ ကြိုတင်ညှိနှိုင်းဆွေးနွေးမှုရရင် ကျနော်တို့က ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအ၀င် လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုတာတွေ အားလုံးဟာ ကျနော်တို့ ဖြတ်သန်းနိုင်မယ်။ အဲဒီတော့ အဲဒီလိုမျိုး အရေးပါတဲ့ လူတွေကြားထဲမှာ နားလည်မှု၊ ဆွေးနွေးညှိနှိုင်းထားမှု မရှိရင်တော့ မဲခွဲမှုတွေက အခုလို အခြေအနေမျိုးတွေပဲ ဖြစ်နေလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။” မြန်မာပြည်သူတွေအဖို့ တပ်မတော်သားအမတ်တွေ လက်မခံရင် ဘာပုဒ်မမှ ပြင်မရဘူးဆို အရင်က ကြားဖူးရုံသာ ကြားဖူးရာကနေ အခု ရုပ်သံတွေမှာ တပ်အပ်မြင်လိုက်ကြရပြီ၊  တမြန်နေ့ကဆို ရန်ကုန်ဆန္ဒပြပွဲမှာ စစ်သားအမတ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ကနေ ထွက်ခွာဖို့ တောင်းဆိုပွဲတွေ အစပြုတယ်။ သမိုင်းဖြတ်သန်းမှုအရ ဒီဖွဲ့စည်းပုံ အကျပ်အတည်းဟာ အထွေထွေ မကျေနပ်မှုတွေဆီ ဦးတည်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေတယ်။ ဒါကို ပြေလည်အောင် ဘယ်လို နည်းလမ်းသစ်တွေ ရှိမလဲ။ “ခုနက ကျနော်ပြောတာကတော့ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုဆိုတာက ခေါင်းဆောင်ပိုင်း အရေးပါမှုပေါ့။ တဖက်က ပြည်သူတွေအပိုင်းက ဆိုတာက ပြည်သူတွေ ဆောင်ရွက်နိုင်တာ နှစ်ပိုင်း ရှိတယ်။ တဖက်က ပြည်သူတွေအပိုင်းမှာက ပြည်သူတွေ ဆောင်ရွက်နိုင်တဲ့အပိုင်းက နှစ်ပိုင်းရှိတယ်။ တပိုင်းက ရွေးကောက်ပွဲမှာ သူတို့ထောက်ခံတဲ့၊ သူတို့လေးစားတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို မဲပေးခြင်းအားဖြင့် လူထုက ပါဝင်ဆောင်ရွက်တာ နောက်တခုကတော့ ရှစ်လေးလုံး (ရှစ်လေးလုံးလူထုအုံကြွမှုကြီး) လိုမျိုး လမ်းပေါ်ထွက်ပြီး အုံကြွပေါက်ကွဲတာ။ အဲဒီတော့ လူထု ပါဝင်နိုင်တဲ့အပိုင်းက ယေဘုယျ ပြောရင်တော့ နှစ်ပိုင်းပဲရှိတယ်။ ဒါမှမဟုတ်ရင်တော့ သီးခြား ကျနော်တို့က ဒီထက်နည်းနည်း လူထုပေါက်ကွဲမှုလောက် မဖြစ်တဲ့ဟာမျိုးတွေ ဆိုရင်တော့ ဆန္ဒဖော်ထုတ်တာတွေ၊ လက်မှတ်ကောက်ယူတာတွေ စသည်ဖြင့် ဒီနည်းလမ်းတွေနဲ့လည်း ကျနော်တို့က ဆောင်ရွက်နိုင်တယ်။” “အဲဒီတော့ တပ်မတော်နဲ့ ပတ်သက်လို့ပြောရရင်တော့ ကျနော်လည်း ဒီရလဒ်နဲ့ ပတ်သက်လို့ မကြိုက်ဘူး။ မကြိုက်ဘူး ဆိုတာထက်ကို တပ်မတော်ဟာ ပထမသက်တမ်းမှာတင် လူထုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခွင့်အလမ်း ဆုံးရှုံးသွားတယ်၊ နိုင်ငံရေးအရပြောရင် တပ်မတော်က နိုင်ငံရေးဆုံးရှုံးသွားတယ်လို့ ကျနော်ကတော့ အဲလိုမြင်တယ်။ အဲဒီတော့ ကျနော်တို့က ရွေးကောက်ပွဲမှာ ကျနော်တို့ ဒီဘက်က ဒီမိုကရေစီ အင်အားစုတွေ အလုံးအရင်းနဲ့ အနိုင်ရဖို့ ကြိုးစားပြီးတော့မှ နောက်တခါ ကျနော်တို့က ထပ်ပြီးတော့ ကြိုးစားတဲ့အခါမှာ လွှတ်တော်တွင်းက ကျနော်တို့အင်အားစုတွေ အများစု အနိုင်ရတဲ့ လွှတ်တော်တွင်း ဆုံးဖြတ်ချက်တွေ လုပ်သလို တစ်ဖက်ကလည်း လွှတ်တော် ပြင်ပကနေပြီးတော့ လူထုကို နိုးကြားတက်ကြွအောင်လုပ်တာတွေ၊ ဆန္ဒသဘောထား တောင်းခံတာတွေ၊ စုဆောင်းတာတွေ အဲဒါမျိုးတွေ ဆက်ပြီးတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်ကြိုးစားသွားရလိမ့်မယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်။” ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ပြင်ပနိုင်ငံရေးတွေမှာ၊ ဥပမာ- အခုလောလောဆယ်သွားနေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပဲ ဖြစ်ဖြစ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြောဆိုလုပ်ကိုင် ဆောင်ရွက်မှုတွေမှာ  မဟာဗျူဟာ လွဲချော်မှုလား၊ နည်းဗျူဟာလွဲချော်မှုလား။ ပြန်သုံးသပ်ဖို့ ရှိမလား ဦးကိုကိုကြီးတို့ အနေနဲ့။ “အမှန်ကတော့ သုံးသပ်ဖို့ကတော့ လိုတယ်။ လိုတယ်ဆိုတာက ကျနော်တို့က တဖက်အဖွဲ့အစည်း၊ တဖက် လူတွေကို သုံးသပ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သုံးသပ်ဖို့ လိုတယ်။ ဟုတ်လား ကျနော်တို့က ကိုယ့်ရပ်တည်ချက်က မှန်တာပဲဆိုတာက အမှန်တရားကို ဆုပ်ကိုင်ထားတာတော့ မှန်တယ်။ ရလဒ်ထွက်ဖို့ ကြိုးစားတဲ့အခါမှာ ကိုယ့်အင်အားစုကို ခိုင်မာကျစ်လစ်အောင် စုစည်းတာမျိုးကအစ တဖက်အဖွဲ့အစည်းတွေနဲ့ မဟာမိတ် လုပ်တဲ့နည်းဗျူဟာပေါ့လေ၊ ပရိယာယ် အဲဒါတွေကအဆုံး အကုန်လုံး ကျနော်တို့ တခုလုံးတော့ ပြန်သုံးသပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။” မြန်မာပြည်မှာ စစ်တပ်က မပေးရင်၊ ကာချုပ်က မပေးရင် ဘာမှ မရတော့ဘူးဆိုတဲ့အဖြေမျိုး လူထုအကြား စိမ့်ဝင်နေတယ်။ ဒီယဉ်ကျေးမှုမျိုးပပျောက်အောင် ဦးကိုကိုကြီးတို့အနေနဲ့ ဘာတွေ ဆောင်ရွက်သွားမလဲ။ “အဓိကကတော့ စစ်တပ်က ရာနှုန်းပြည့်ချုပ်ကိုင်ထားတဲ့ အခြေအနေကနေ အခု ၁ မတ်ကျန်တာ။ အဲဒီတော့ ဒီ ၁ မတ်ကလည်းပဲ ဒီလိုသာ လူထုနဲ့ ထိပ်တိုက်ဖြစ်ရင် စစ်တပ်နဲ့ အရပ်ဘက် ပြည်သူတွေနဲ့ ချစ်ခင်တဲ့၊ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ပြန်တည်ဆောက်ဖို့အတွက်မှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ အဲဒီတော့ ကျနော်တို့ကတော့ စစ်တပ်ကိုလည်း ကျနော်တို့တိုင်းပြည်ရဲ့အစိတ်အပိုင်းပဲဖြစ်တဲ့အတွက်ကြောင့် ဒီပြုပြင်ပြောင်းလဲရေဖြစ်စဉ်မှာ သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်လာအောင်၊ စစ်တပ်ရဲ့ မူလအနေအထားကို ပြန်လည် ရောက်ရှိအောင် သူ့ဘက်ကလည်း ကြိုးစားဖို့ လိုတယ်။ ကျနော်တို့ဘက်ကလည်း သူ အဲဒီအခြေအနေကို လက်ခံလာအောင် နည်းလမ်းမျိုးစုံနဲ့ ကျနော်တို့ ဆောင်ရွက်သင့်တယ်လို့ အဲဒီလို မြင်ပါတယ်။” တခြားအရေးကြီးပြီး ကျန်ရှိခဲ့တဲ့ ပြောစရာများရှိဦးမလားခင်ဗျ။ “ကျနော်တို့က နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်တဲ့အချိန်မှာ အရေးပါဆုံးဖြစ်တဲ့ ဒီတိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးကိစ္စ၊ နောက်တခါ စီးပွားရေးမှာ ဆင်းရဲချမ်းသာ ကွာဟမှု သိပ်ကြီးနေတဲ့ကိစ္စ၊ နောက်ပြီးတော့ စစ်ဘက်နဲ့ အရပ်ဘက် ဒီပြဿ   နာတွေ အားလုံးကို တစုံလုံးဝိုင်းစဉ်းစားကြပြီးတော့ နိုင်ငံအနေနဲ့ စဉ်းစားကြဖို့ လိုတယ်။ အိမ်နီးချင်းနိုင်ငံတွေ အကြားထဲမှာ ကျနော်တို့ ဒီလောက် နောက်ကျ၊ အောက်ကျ ပြတ်ပြီး ကျန်နေတဲ့ ဟာကြီးကို နိုင်ငံချစ်တဲ့ လူတိုင်း၊ အဖွဲ့အစည်းတိုင်းက ဒါကိုတော့ လိုလားမယ်လို့ မထင်ဘူး။ ဒါကြောင့် နိုင်ငံဆိုတဲ့အမြင်နဲ့ ကြည့်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေကို ပူးပေါင်း ဆောင်ရွက်စေချင်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024