Home
သုံးသပျခကျြ
နိုင်ငံရေးပါတီများ မတရားအလုပ်ခံရခြင်း
DVB
·
April 24, 2011
၂၀၁၀ ရွေးကောက်ပွဲ နီးလာလေလေ  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်  ရပ်တည်ရှင်သန် ရေးတိုက်ပွဲ ပိုပြီးသည်းသန်လာလေလေ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်   ဆက်လက်ရပ်တည်သွားမယ်ဆိုတာနဲ့  ပတ်သက်ပြီး ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ (၂၈) ရက် နေ့ မနက်က ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ ရေဒီယိုအင်တာဗျူးမှာ ဒုဥက္ကဋ္ဌဦးတင်ဦးရဲ့ ဖြေ ကြားချက်ဟာ ပိုပြီး ရှင်းလင်းပြတ်သားလှပါတယ်။ ဘယ်သူက ဖျက်တယ်ပြောပြော၊  ပျက်တယ်ပြောပြော၊  ဖျက်ခြင်း၊ ပျက်ပြယ်ခြင်း မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အတိုင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဆက်လက် ရပ်တည်နေတာဖြစ်တယ်။ မလိုက်နာလို့  အရေးယူချင်လည်းယူပေါ့ဗျာ။  အန်အယ်လ်ဒီနဲ့  စီအာပီပီကတော့ ဆက်ရှိနေမှာပဲဆိုတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်မှာ တာဝန်အမြင့်ဆုံးယူထားတဲ့ ခေါင်းဆောင်တဦးအနေနဲ့ အခုလို ရှင်းရှင်းလင်းလင်း ထုတ်ဖော်လိုက်တာဟာ ဓားတောင်ကိုကျော်ပြီး  မီးပင်လယ်ကိုဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စစ်အာဏာရှင်တွေကို ရဲရဲတင်းတင်းစိန်ခေါ်လိုက်တာပဲလို့ မှတ်ယူနိုင်ပါတယ်။ ဒီနေရာမှာ အရေးကြီးလာတဲ့အချက်ကတော့  ဒီစိတ်ဓာတ်နဲ့  ဒီစိန်ခေါ်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ထိပ်ပိုင်းခေါင်းဆောင်တွေသာမက   ပါတီဝင်ထု တရပ်လုံးက  ခိုင်ခိုင်မြဲမြဲကိုင်စွဲဖို့လိုသလို  တိုင်းရင်းသားပေါင်းစုံလူမျိုးအသီးသီး ပြည်သူတွေကလည်း တခဲနက် ထောက်ခံဝန်းရံကြဖို့ လိုပါလိမ့်မယ်။ ဒါဟာ ဘာ့ကြောင့်ပါလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  ရပ်တည်ရှင်သန်မှုကြောင့် ရလာမယ့်   အကျိုးစီးပွားဟာ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းအတွက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေးပါတီစနစ် ရှင်သန်ကြီးထွားလိုတဲ့ နိုင်ငံရေးပါတီတိုင်း၊ ပြည်သူလူထုတိုင်းရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုဆန္ဒအပေါ်မှာ အခြေခံပြီး တရားဝင်တည်ထောင်ထားတဲ့  နိုင်ငံရေးပါတီဖြစ်တယ်။ ၁၉၉၀ မေလရွေးကောက်ပွဲမှာ ကမ္ဘာသိ တရားဝင် အနိုင်ရထားတဲ့ ပါတီလည်းဖြစ်တယ်။ ဒီလိုတရားဝင် နိုင်ငံရေးပါတီ တရပ်ကို အာဏာသိမ်း စစ်အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ တရားမ၀င်ကော်မရှင်တရပ်က မှတ်ပုံတင်ခြင်းကနေ ပယ်ဖျက်လိုက်တယ် ဆိုရုံနဲ့  တရားမ၀င်ပါတီအဖြစ်ကို သက်ဆင်းသွားရတော့မှာလား။ ဒါဟာ ဥပဒေစိုးမိုးရေး အခြေခံကနေကြည့်ရင် လုံးဝလက်ခံလို့ မရတဲ့ ကိစ္စပါပဲ။ အခုလို တရားဝင်ရပ်တည်နေတဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်အာဏာရှင်တွေက  ခြိမ်းခြောက်လာတာကြောင့် ကြုံတွေ့နေရတဲ့ အခြေအနေကို တရားဝင်ရပ်တည်ဖို့  ကြိုးစားလာတဲ့  တိုင်းရင်းသားနိုင်ငံရေးပါတီတရပ်ရဲ့ အခက်အခဲနဲ့  နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။ အဲဒီပါတီကတော့ ကချင်ပြည်နယ်တိုးတက်ရေး ပါတီပါ။ ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်ပြည်နယ်တိုးတက်ရေးပါတီကို မှတ်ပုံတင်ခွင့် မပေးရုံသာမက ဒေါက်တာတူးဂျာနဲ့ ကချင်ခေါင်းဆောင် ၁၂ ဦးအနေနဲ့ တဦးချင်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားပြန်တော့လည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချပြန်ပါတယ်။ ဒီဖြစ်ရပ်ကို နိုင်ငံတကာနဲ့  ပြည်တွင်းလူထုအများစုကြီးက ထင်ထင်ရှားရှား မသိလိုက်ရပါဘူး။ ဒါဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့ အချက်တွေနဲ့ မကိုက်ညီတာကြောင့် သာမန် နိုင်ငံရေးပါတီတခုကို မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်တာမျိုး မဟုတ်ပါဘူး။ နိုင်ငံရေးအရ အဓိပ္ပာယ်နှစ်ခု  ရှိပါတယ်။ ပထမတခုက ကချင်ပြည်နယ် တိုးတက်ရေးပါတီရဲ့ နောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ ဆက်စပ်နေပြီး ကေအိုင်အိုက နအဖ အလိုကျ နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံလို့ပါ။ ပိုပြီးအရေးကြီးတဲ့ ဒုတိယ တခုကတော့ နယ်ခြားစောင့်တပ်ဖွဲ့ရေးကို နအဖက ဖိအားပေးပြီး ဆွေးနွေးပွဲ တွေလုပ်ခဲ့ရာမှာ ကေအိုင်အိုဘက်ကနေ ပင်လုံစာချုပ်ကို ကိုးကားပြီး ပြန်လှန်တောင်းဆိုမှုတွေ ပြုခဲ့လို့ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အာဏာရှင်တွေဟာ ပြည်ထောင်စုမပြိုကွဲရေး ဆိုတာကို သူတို့ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခြေခံမူတွေအားလုံးရဲ့ ထိပ်ဆုံးမှာ ထည့်ထားခဲ့ပေမယ့် ပင်လုံစာချုပ် ဆိုတဲ့ အသံကို ကြားလိုက်ရင် တီကောင်ကို ဆားနဲ့ တို့လိုက်သလို ဖြစ်သွားတတ်ပါတယ်။ ပင်လုံစာချုပ်ကို လက်မှတ်ထိုးပြီးမှ တိုင်းရင်းသားတွေ စုပေါင်းတဲ့ အခြေခံကနေ လွတ်လပ်ရေးယူခဲ့ကြတယ်ဆိုတဲ့ အဓိပ္ပ္ပာရှိတဲ့  ရှမ်းဘာသာနဲ့  စပ်ဆိုထားတဲ့ သီချင်းကို စက်တင်ဘာ (၃၀) ရက်နေ့တုန်းက ရွေးကောက်ပွဲ ၀င်မယ့်  ကျားဖြူပါတီရဲ့  ဟောပြောချက်အစီအစဉ်ထဲမှာ ထည့်သွင်းပြီး အသံလွှင့်ဖို့ကြိုးစားခဲ့ပေမယ့် ခွင့်မပြုခဲ့တာဟာ ထင်ရှားတဲ့ အထောက်အထား ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး တိုင်းရင်းသားတွေ  အတည်ပြု လက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ်ကိုတောင်မှ  အသိအမှတ် မပြုတော့ဘူးဆိုရင် စစ် အာဏာရှင်တွေရဲ့  ၂၀၀၈ အခြေခံဥပဒေလမ်းကြောင်းအရ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးဆိုတာ အနောက်က နေထွက်တာကို မျှော်လင့်တာမျိုးပဲ ဖြစ်နေပါလိမ့်မယ်။ ကေအိုင်အို အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တာဟာ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပြည်ထောင်စု တည်ဆောက်လို့ ရနိုင်မလား ဆိုတဲ့ မျှော်မှန်းချက်အရ လုပ်ခဲ့တာလို့ သိရပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမယ့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို စွန့်လွှတ်ခဲ့ခြင်းမရှိပါဘူး။ ကချင်လူထုကလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားကြတာပါ။ ကေအိုင်အိုအနေနဲ့  ၂၀၀၈ ခုနှစ်  ဖွဲ့ စည်းပုံအခြေခံဥပဒေ လမ်းကြောင်းအတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်ခံလိုက်ရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့  ဝေးသွားမယ်ဆိုတာ တွက်ပြီးငြင်းပယ်ပုံရပါတယ်။ အခြားတဘက်ကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလမ်းကြောင်းအတိုင်း မြောလိုက်သွား၊ ရွေးကောက်ပွဲကို လက်ခံ၊ လွှတ်တော်ထဲရောက်အောင်လုပ်၊ တဖြည်းဖြည်းနဲ့ ဖွဲ့စည်းပုံကို ပြင်ပြီး ပြည်ထောင်စု တည်ဆောက်နိုင်အောင် ကြိုးစားသွားသင့်တယ် ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို တင်တဲ့  ကချင်ခေါင်းဆောင်တွေရှိကြောင်းလည်း သိရပါတယ်။ ဒါကိုလည်း ကေအိုင်အိုက တဘက်ကနေ နားလည်မှုပေးပုံရပါတယ်။ ဒီတော့ ကချင်ပြည်နယ်တိုးတက်ရေးပါတီ ရွေးကောက်ပွဲဝင်ရေး လှုပ်ရှားမှုတွေကို ကန့်ကွက်ဟန့်တားမှု မပြုခဲ့ပါဘူး။ ဒါကြောင့်လည်း ကချင်ပြည်နယ်တိုးတက်ရေးပါတီနဲ့  ကေအိုင်အို တကျိတ်တည်း တဥာဏ်တည်းလို့ တွက်ပြီး လုံးဝမငဲ့ညှာတော့ဘဲ ဒေါက်တာတူးဂျာနဲ့ ကချင်ခေါင်းဆောင် တွေအားလုံး ရွေးကောက်ပွဲ မ၀င်နိုင်အောင် ပယ်ချလိုက်တော့တာပါပဲ။ ဒီလုပ်ရပ်ကို မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး အကြောင်းရပ်ကြီးဖြစ်တဲ့ တိုင်းရင်းသားရေးရာ ရှုထောင့် ကနေ ကြည့်ရင် စစ်အာဏာရှင်တွေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်တဲ့ တိုင်းရင်းသားတွေနဲ့  စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဖို့  သဘောထား မရှိဘူးလို့ နားလည်နိုင်ပါတယ်။ ဒီတော့ ဒီနေရာမှာ ကေအိုင်အို အပါအ၀င် အဓိက အပစ် ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်တွေကို လက်နက် ကိုင် ခုခံစစ်ဆင်နွှဲဖို့ ဘာ့ကြောင့်ပြင်ဆင်ရသလဲဆိုတာ ပိုပြီးရှင်းလင်း ပေါ်လွင်လာပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားခဲ့တဲ့ ကချင်နိုင်ငံရေးခေါင်းဆောင် တွေသာမက ကေအိုင်အို အပါအ၀င် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  အစည်းတွေအနေနဲ့  ဥပဒေအရ လှုပ်ရှားမှုတွေကို ဘယ်လို ဆက်လက်တိုးချဲ့ လုပ်ဆောင် သင့်တယ်ဆိုတာကို စဉ်းစားဖို့ လိုအပ်လာပါတယ်။ ကချင်ပြည်နယ်တိုးတက်ရေးပါတီကို ဘာ့ကြောင့် မှတ်ပုံတင်ခွင့်မပြုသလဲဆိုတာ ရွေးကောက်ပွဲကော်မရှင်က မရှင်းလင်း မဖြေကြားခဲ့ပါဘူး။ မိမိတို့  မမြင်မတွေ့ရတဲ့ အခြေအနေအရ ဖြစ်လာတဲ့အကြောင်းလို့ပဲ ဒေါက်တာတူးဂျာက ရေဒီယို အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်စေချင်တာကြောင့် ဥပဒေရေးရာနဲ့ ဆက်စပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်သွားချင်တယ် ဆိုရင်တော့ ဒီဖြေကြားချက်ဟာ မလုံလောက်ပါဘူး။  စစ်အာဏာရှင်တွေ ထားလျှင်လည်းနေ၊  သတ်လျှင်လည်း အသေခံပါမယ် ဆိုတဲ့ သဘောထားမျိုးဖြစ်နေပါတယ်။  စစ်အာဏာရှင်တွေ ပြဋ္ဌာန်း ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊  အခြားရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအားလုံးနဲ့  ရာနှုန်းပြည့်ညီတဲ့  လုပ်ဆောင်မှုတခုကို  ခွင့်မပြုတာဟာ  မတရားမှု သက်သက်ပါ။  ဒီမတရားမှုကို လက်နက်ကိုင်တိုက်ပွဲဆင်ပြီး  မတုံ့ပြန်ချင်ရင်တောင် ထိရောက်တဲ့ ဥပဒေရေးရာ လှုပ်ရှားမှုတွေ ပြန်လည်ဆင်နွှဲပြီး အမှန်တရားကို တပြည်လုံးသိ၊ တကမ္ဘာလုံးသိလာအောင် လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံရေးပါတီစနစ် ရှင်သန်အားကောင်းစေလိုတဲ့ အခြား နိုင်ငံရေး ပါတီတွေ၊  နိုင်ငံရေးခေါင်းဆောင်တွေ၊ လူထုတွေဟာလည်း ဒီမတရားမှုကို ၀ိုင်းဝန်း မီးမောင်းထိုးခြင်းအားဖြင့် စစ်မှန်တဲ့ ဥပဒေစိုးမိုးရေး လမ်းကြောင်းအတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင်ရပ်တည်မှုကို ထိပါးတဲ့ ကိစ္စတွေ၊ တရားဝင်ရပ်တည်ဖို့  ကြိုးစားတဲ့ ကချင်တိုးတက်ရေးပါတီ မှတ်ပုံတင်ခွင့် မရတာတွေ၊ ကျားဖြူပါတီက ပင်လုံစိတ်ဓာတ် အခြေခံတဲ့ သီချင်းကို ရှမ်းဘာသာနှင့် ထုတ်လွှင့်ဖို့  ကြိုးစားရာမှာ ပိတ်ပင်တာတွေ  အစရှိသဖြင့် မတရားဖိနှိပ်မှုတွေရယ်လို့  ဖြစ်ပေါ်လာရင် လက်နက်ကိုင် နည်းလမ်းအပါအ၀င် အခြား သွေးထွက်သံယိုဖြစ်စေတဲ့  နည်းလမ်းတွေနဲ့  ဖြေရှင်းတဲ့ အဆင့်ရောက်မသွားအောင် လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ  နောက်ဆုံးဖြေရှင်းတဲ့  တိုင်းပြည် အဆောက်အအုံ တရပ်ကို တည်ဆောက်ထားရပါတယ်။  အဲဒါကတော့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ဖြစ်ပါတယ်။ မကျေလည်မှုတွေကို ညှိနှိုင်း ဖြေရှင်းလို့မှမရတော့ရင် လွတ်လပ်မျှတတဲ့ တရားရုံးတွေရဲ့ အဆုံးအဖြတ်ကို ခံယူပြီး အဖြေရှာကြရတာဟာ ဒီမိုကရေစီ နိုင်ငံတွေရဲ့ အစဉ်အလာပါပဲ။ ဒါပေမယ့် လက်ရှိတရား စီရင်ရေးစနစ်ဟာ လွတ်လပ်မှုမရှိသလို ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၀၈ ဖွဲ့ စည်းပုံနဲ့အညီ ကျင့်သုံးမယ့် တရားစီရင်ရေးဟာလည်း စစ်အာဏာရှင်တွေကို ဆက်လက်ဦးညွှတ် နေရဦးမှာ မလွဲပါဘူး။ မတရားမှုတွေကို တဖက်က ပြတ်ပြတ်သားသား ဖွင့်ချ၊ တရားမှုအတွက် ရဲရဲတင်းတင်းတောင်းဆိုဖို့ လိုအပ်သလို အခြားတဖက်ကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်မျှတပြီး  အရည်အချင်းနဲ့ ပြည့်စုံတဲ့ တရားစီရင်ရေးစနစ်တရပ် ပေါ်ပေါက် ထွန်းကားလာအောင် ဦးတည်ချက်ချမှတ်ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ တည်ရှိနေဆဲ တရားစီရင်ရေးစနစ်ကို မတရားမှုတွေ ဖော်ထုတ်ရာမှာ အသုံးချသင့်သလို နယ်မြေရှိတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့  မိမိတို့ ကြီးစိုးထားရာ ဒေသတွေမှာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို အခြေပျိုးတည်ဆောက်ဖို့  ကြိုးစားသင့်တဲ့ အချိန်လည်း ရောက်ရှိနေပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်ခိုင်းပေမယ့် မဖျက်တာကြောင့် အရေးယူချင်လည်း  ယူပေါ့ဗျာလို့  ဒုဥက္ကဋ္ဌ ဦးတင်ဦးက ထုတ်ဖော်လိုက်တာဟာ  မတရားမှုကို ပြတ်ပြတ်သားသား ဖွင့်ချလိုက်ပြီး တရားမှုအတွက် ရဲရဲတင်းတင်း  တောင်းဆိုလိုက်တာပါပဲ။ ဘာဥပဒေနဲ့မှ မညီဘဲ  ကချင်ပြည်တိုးတက်ရေးပါတီကို မှတ်ပုံတင်ခွင့် ငြင်းပယ်တာ၊ ကချင်ခေါင်းဆောင် (၁၂) ဦးကို ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာ အစရှိတဲ့ မတရားမှုတွေအပေါ်မှာလည်း ပြတ်ပြတ်သားသားဖွင့်ချဖို့၊ ရဲရဲတင်းတင်း တောင်းဆိုဖို့ လိုပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည် တိုးတက်ရေးပါတီနဲ့ အခြားမတရားပြုခံရတဲ့ စစ်မှန်တဲ့လူထုပါတီတွေ  အပြန်အလှန် လက်တွဲထောက်ကူ ပူးပေါင်းကြပြီး ဥပဒေရေးရာ လှုပ်ရှားမှုတွေ အားကောင်းကောင်း လုပ်ဆောင်သွားမယ်ဆိုရင် ထိရောက်တဲ့ အကျိုးရလဒ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။  ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024