Home
မြန်မာသတင်း
ကျပ်သိန်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖားကန့်တွင် ဖမ်းမိ
DVB
·
July 3, 2015
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ  ရဲတပ်ဖွဲ့နဲ့ ဒေသခံလူမှုအခြေပြုအဖွဲ့တို့ ပူးပေါင်းပြီး  ကျပ်သိန်းပေါင်း နှစ်သောင်းကျော်  တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပါတယ်။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာ ရပ်ကွက် ၅ က အိမ်တအိမ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင်း ကြိုတင်သတင်းရရှိချက်အရ ဇူလိုင် ၁ ရက်နေ့ မနက်မှာ  ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ လုံးခင်းရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ် စောထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ လုံးခင်းနယ်မြေရဲတပ်ဖွဲ့ဝင်က ၃ ယောက်၊ မူးယစ်ရဲ တပ်ဖွဲ့က ၅ ယောက်နဲ့ လူထုအခြေပြုဘာသာရေးအဖွဲ့က ၁၀ ယောက်ပါတယ်။ ကာလတန်ဖိုး သိန်းပေါင်း နှစ် သောင်းကျော်ရှိ ဘိန်းဖြူ နဲ့ စိတ်ကြွဆေးတွေကို သူတို့ အိမ်ဝင်းထဲရပ်ထားတဲ့ လင့်ခရိုဇာကားပေါ်ကနေ ဖမ်းမိတယ်။ အဲဒီကားကိုရော အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းထားပါတယ်။ မနေ့က ယမန်ယူပြီး ဖားကန့်မြို့နယ် ရဲစခန်းကို လွှဲပေးလိုက်တယ်။ ဒီမှာက ယာယီအချုပ်ခန်းပဲရှိတယ်။” ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေထဲမှာ  ဘိန်းဖြူ  ၄ ဒသမ ၄၇၂ ကီလိုဂရမ်၊ စိတ်ကြွဆေး အလုံးရေ ၂၉၆၅၀၀ ပါဝင်ပြီး  အိမ်ရှင်ဒေါ်ကိုင် (၆၀ နှစ်)၊ ကိုမိုးမင်းဇော် ( ၂၃ ) နှစ်နဲ့ ကိုနော်လန် (၂၇) နှစ်တို့ ၃ ဦးကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၅ / ၁၉ ( က ) / ၂၁ နဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက သိရပါတယ်။ လုံးခင်းဒေသခံတဦးဖြစ်သူ ဦးတင်စိုးကတော့ ဒါဟာ ကြီးကျယ်တဲ့ ဖမ်းဆီးရမိမှုဖြစ်ကြောင်း၊ အဲဒီအိမ်ဟာ သူတို့ဒေသမှာ မူးယစ်ဆေးဝါးဒိုင်အဖြစ် နာမည်ထွက်နေတာ ၅ နှစ်လောက်ရှိပြီဖြစ်ပေမယ့် အခုမှဖမ်းမိတာလို့ ပြောပါတယ်။ “အရင်က ရဲတွေချည်းသွားဖမ်းတာမမိဘူး၊ လူမှုအခြေပြုဘာသာရေးအဖွဲ့တွေကလည်း မူးယစ်ဆေးဝါး မလုပ်ဖို့ သွားပြောကြတယ်။ သူတို့က မလုပ်တော့ပါဘူးဆိုပြီး ဘုရားရှိခိုး ဆုတောင်းပွဲတွေဘာတွေ လုပ်လိုက်သေးတယ်။ ပြီးတော့ ဆက်လုပ်နေတာပဲ၊ ရောင်းတာမှ ပေါ်တင်ရောင်းတာ။ လူငယ်တွေရော၊ ကျောင်းသားတွေရော သွားတန်းစီပြီးဝယ်ကြတယ်။ ဘူတာရုံမှာ လက်မှတ်တိုးဝယ်တဲ့အတိုင်းပဲ၊ အဲဒါကျနော်ကိုယ်တိုင်မြင်ဖူးတာ။” လုံးခင်းဒေသထဲမှာ မူးယစ်ဆေးဝါးတွေ မကြာခဏဖမ်းဆီးရမိလေ့ရှိပြီး တလအတွင်း ပျှမ်းမျှ ၆ ကြိမ်မှ ၇ ကြိမ်ထိ ဖမ်းဆီးရမိကြောင်း၊ ဒီတခေါက်ကတော့ ပမာဏအများဆုံးဖြစ်တယ်လို့  လုံးခင်းရဲတပ်ဖွဲ့က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024