A d v e r t i s e m e n t With Us

ကျပ်သိန်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖားကန့်တွင် ဖမ်းမိ

ဓာတ်ပုံ - မြ၀တီ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ  ရဲတပ်ဖွဲ့နဲ့ ဒေသခံလူမှုအခြေပြုအဖွဲ့တို့ ပူးပေါင်းပြီး  ကျပ်သိန်းပေါင်း နှစ်သောင်းကျော်  တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပါတယ်။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာ ရပ်ကွက် ၅ က အိမ်တအိမ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင်း ကြိုတင်သတင်းရရှိချက်အရ ဇူလိုင် ၁ ရက်နေ့ မနက်မှာ  ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ လုံးခင်းရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ် စောထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ လုံးခင်းနယ်မြေရဲတပ်ဖွဲ့ဝင်က ၃ ယောက်၊ မူးယစ်ရဲ တပ်ဖွဲ့က ၅ ယောက်နဲ့ လူထုအခြေပြုဘာသာရေးအဖွဲ့က ၁၀ ယောက်ပါတယ်။ ကာလတန်ဖိုး သိန်းပေါင်း နှစ် သောင်းကျော်ရှိ ဘိန်းဖြူ နဲ့ စိတ်ကြွဆေးတွေကို သူတို့ အိမ်ဝင်းထဲရပ်ထားတဲ့ လင့်ခရိုဇာကားပေါ်ကနေ ဖမ်းမိတယ်။ အဲဒီကားကိုရော အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းထားပါတယ်။ မနေ့က ယမန်ယူပြီး ဖားကန့်မြို့နယ် ရဲစခန်းကို လွှဲပေးလိုက်တယ်။ ဒီမှာက ယာယီအချုပ်ခန်းပဲရှိတယ်။” ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေထဲမှာ  ဘိန်းဖြူ  ၄ ဒသမ ၄၇၂ ကီလိုဂရမ်၊ စိတ်ကြွဆေး အလုံးရေ ၂၉၆၅၀၀ ပါဝင်ပြီး  အိမ်ရှင်ဒေါ်ကိုင် (၆၀ နှစ်)၊ ကိုမိုးမင်းဇော် ( ၂၃ ) နှစ်နဲ့ ကိုနော်လန် (၂၇) နှစ်တို့ ၃ ဦးကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၅ / ၁၉ ( က ) / ၂၁ နဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက သိရပါတယ်။ လုံးခင်းဒေသခံတဦးဖြစ်သူ ဦးတင်စိုးကတော့ ဒါဟာ ကြီးကျယ်တဲ့ ဖမ်းဆီးရမိမှုဖြစ်ကြောင်း၊ အဲဒီအိမ်ဟာ သူတို့ဒေသမှာ မူးယစ်ဆေးဝါးဒိုင်အဖြစ် နာမည်ထွက်နေတာ ၅ နှစ်လောက်ရှိပြီဖြစ်ပေမယ့် အခုမှဖမ်းမိတာလို့ ပြောပါတယ်။ “အရင်က ရဲတွေချည်းသွားဖမ်းတာမမိဘူး၊ လူမှုအခြေပြုဘာသာရေးအဖွဲ့တွေကလည်း မူးယစ်ဆေးဝါး မလုပ်ဖို့ သွားပြောကြတယ်။ သူတို့က မလုပ်တော့ပါဘူးဆိုပြီး ဘုရားရှိခိုး ဆုတောင်းပွဲတွေဘာတွေ လုပ်လိုက်သေးတယ်။ ပြီးတော့ ဆက်လုပ်နေတာပဲ၊ ရောင်းတာမှ ပေါ်တင်ရောင်းတာ။ လူငယ်တွေရော၊ ကျောင်းသားတွေရော သွားတန်းစီပြီးဝယ်ကြတယ်။ ဘူတာရုံမှာ လက်မှတ်တိုးဝယ်တဲ့အတိုင်းပဲ၊ အဲဒါကျနော်ကိုယ်တိုင်မြင်ဖူးတာ။” လုံးခင်းဒေသထဲမှာ မူးယစ်ဆေးဝါးတွေ မကြာခဏဖမ်းဆီးရမိလေ့ရှိပြီး တလအတွင်း ပျှမ်းမျှ ၆ ကြိမ်မှ ၇ ကြိမ်ထိ ဖမ်းဆီးရမိကြောင်း၊ ဒီတခေါက်ကတော့ ပမာဏအများဆုံးဖြစ်တယ်လို့  လုံးခင်းရဲတပ်ဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up