Home
သုံးသပျခကျြ
ရခိုင်တိုင်းရင်းသားများရဲ့ နိုင်ငံရေးနိုးကြားမှု နမူနာ
DVB
·
April 24, 2011
စစ်အစိုးရဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲကို သူ့စိတ်ကြိုက်ပုံစံအတိုင်း ကျင်းပခဲ့ပါတယ်။ သူ့စိတ်ကြိုက်ပုံစံအတိုင်း ကျင်းပခဲ့သလို သူ့စိတ်ကြိုက်ရလဒ်တွေ ရအောင်လည်း လုပ်ကိုင် အကောင်အထည်ဖော်ခဲ့ပါတယ်။ စစ်အစိုးရက ထုတ်ပြန်တဲ့ ရွေးကောက်ပွဲရလဒ်တွေအရ နေပြည်တော်နဲ့ ကယားပြည်နယ်လို နေရာမျိုးမှာ ကြံ့ဖွံ့ပါတီက ရာနှုန်းပြည့် အနိုင်ရပါတယ်။ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းလို နေရာမျိုးမှာ ၉၉ ရာခိုင်နှုန်း အနိုင်ရပါတယ်။ အခြားတိုင်းနဲ့ ပြည်နယ်အသီးသီးမှာဆိုရင်လည်း ကြံ့ဖွံ့နဲ့ သူ့ မဟာမိတ်တွေဟာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲကြီး ပြီးသွားတဲ့တိုင် ရန်ကုန်၊ မန္တလေးနဲ့ မြန်မာပြည်အနှံ့က တိုင်းနဲ့ ပြည်နယ် အများစုမှာ နိုင်ငံရေးဆိုင်ရာ ဘာအပြောင်းအလဲမှ ဖြစ်ပေါ်လာတာ မတွေ့မြင်ကြရပါဘူး။ ဒီအထဲ ထူးခြားတာတခုက ရခိုင်ပြည်နယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ်မြေ စုစုပေါင်း ၆၄ နေရာ ရှိတဲ့အနက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ၃၄ နေရာ အနိုင်ရပါတယ်။ ပြည်နယ်တခုရဲ့ မဲဆန္ဒနယ် စုစုပေါင်းရဲ့ တ၀က်ကျော် နေရာမှာ အနိုင်ရတာလည်း ဖြစ်ပါတယ်။ ဒီရလဒ်မျိုး အခြား ဘယ်နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီမှ မရခဲ့ပါဘူး။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတောင် မဲဆန္ဒနယ်မြေ ၁၆၉ နေရာရှိတဲ့ ရှမ်းပြည်နယ်မှာ သုံးပုံ တပုံလောက်ရှိတဲ့ မဲဆန္ဒနယ်မြေ ၅၀ သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ဘာလို့ ခုလောက် အနိုင်ရခဲ့သလဲ။ အနိုင်ရပြီးနောက် ဘာအကျိုးဆက်တွေ ဖြစ်ပေါ်လာခဲ့သလဲ။ ဒီအပေါ်ကနေ ဗမာနဲ့ အခြား တိုင်းရင်းသားများ ဘာသင်ခန်းစာ ယူနိုင်မလဲ။ တကယ်တော့ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသမာမှု လုပ်ခဲ့တာဟာ ရန်ကုန်၊ မန္တလေးတင် မကပါဘူး။ တတိုင်းပြည်လုံး ပါခဲ့သလို ရခိုင်ပြည်နယ်လည်း မလွတ်ခဲ့ပါဘူး။ အထင်ရှားဆုံး ဥပမာ တခုကတော့ မဲဆန္ဒပေးပိုင်ခွင့် စာရင်းပြုစုတဲ့ဆီမှာ ဖြစ်ပါတယ်။ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်ဟာ ရခိုင်ပြည်နယ်အတွင်းက နေရာ အတော်များများမှာ ပြည်သူတွေရဲ့ မဲဆန္ဒပေးပိုင်ခွင့်တွေကို ချန်လှပ်ထားခဲ့ပါတယ်။ တချို့နေရာတွေမှာ ရွာလုံးကျွတ် ချန်လှပ်ခဲ့တာပါ။ ကော်မရှင်က သတ်မှတ်ထားတဲ့ တပတ်တာ ကာလအတွင်းမှာလည်း မဲဆန္ဒပေးပိုင် ခွင့်စာရင်းနဲ့ ပတ်သက်ပြီး ရခိုင်ပါတီရော ပြည်သူတွေပါ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် မဲပေးတဲ့ နိုဝင်ဘာ (၇) ရက်နေ့မှာတော့ ရခိုင်တိုင်းရင်းသားပါတီရဲ့ စည်းရုံးလှုပ်ရှားမှု သက်ဝင်လာပါတယ်။ ရခိုင်ပြည်နယ်တ၀ှမ်းက မြို့နယ် အတော်များများ မှာ မဲပေးပိုင်ခွင့်စာရင်းထဲ မပါတဲ့ ပြည်သူတွေဟာ မဲရုံတွေကို ၀ိုင်းပြီး မဲပေးခွင့်ရဖို့ ဆန္ဒပြကြပါတယ်။ တချို့နေရာတွေမှာ ရွာလုံးကျွတ် တက်လာပြီး မဲရုံဝိုင်း ဆန္ဒပြကြတာပါ။ ဒီအတွက် ရွေးကောက်ပွဲမှာ ပြဿနာတက်မှာ မလိုလားတဲ့ စစ်အစိုးရ အာဏာပိုင်တွေဟာ ပြဿနာ ပြေလည်အောင် အတိုင်းအတာတခုအထိ ဖြေရှင်းပေးခဲ့ရပါတယ်။ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးခွင့်တွေ မရခဲ့တဲ့တိုင် ပြည်သူတချို့ မဲပေးခွင့် ရသွားခဲ့ပါတယ်။ စစ်အစိုးရက ညစ်ရင် တုံ့ပြန်မယ် ဆိုတဲ့ ရခိုင်လူထုရဲ့ အင်အားကိုလည်း အာဏာပိုင်တွေ တွေ့မြင်သွားခဲ့ပါတယ်။ အမှန်တော့ မြို့ နယ်ကော်မရှင်ရုံးတွေမှာ မဲရေတွက်တယ် ဆိုတာဟာ စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က သူတို့ လိုချင်တဲ့ အဖြေတခုရဖို့ သူတို့ဘာသာသူတို့ လုပ်တဲ့ အစီအစဉ် တခုသာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အပါအ၀င် ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးဘဲ သူတို့ စိတ်ကြိုက် သူတို့ လုပ်ကိုင်ဆောင်ရွက်ကြတာပါ။   ဒါကြောင့်လည်း ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့၊ နေရာအနှံ့အပြားမှာ စစ်အစိုးရ မြို့နယ် ကော်မရှင်ဟာ သူတို့ စိတ်ကြိုက် ရလဒ်တွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာတော့ ဒီလို မဟုတ်ခဲ့ပါဘူး။ စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်ဟာ သူတို့လိုချင်တဲ့အဖြေကို သူတို့ စိတ်ကြိုက် လုပ်ယူနိုင်တယ်ဆိုပေမယ့် ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီနဲ့ ရခိုင်ပြည်သူတွေရဲ့ မဲပေးတဲ့နေ့က တုံ့ပြန်မှုတွေကို ကြည့်ပြီး သိပ်ပြီး မတရားတာမျိုး မလုပ်မိဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ ဒီအတွက်လည်း ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄၄ နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီကို ၃၄နေရာမှာ အနိုင်ပေးတဲ့ ရလဒ်တွေ ထုတ်ပြန် ပေးခဲ့ရပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၃ ပါတီအနက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တခုတည်းကသာ သက်ဆိုင်ရာ ပြည်နယ်ရဲ့ မဲဆန္ဒနယ် ထက်ဝက်ကျော်မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မက ရခိုင်ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် (၃၅) နယ်ရှိတဲ့အနက် အာအန်ဒီပီက တ၀က်ကျော် (၁၈) နေရာ အနိုင်ရခဲ့ပါတယ်။ ဒါဟာ ကြံ့ဖွံ့တွေရတဲ့ ၁၄ နေရာထက် ကျော်လွန်ရခဲ့တာဖြစ်ပြီး ဒီလို ရလဒ်မျိုး အခြား ဘယ်တိုင်းနဲ့ ပြည်နယ်တွေမှာမှ မတွေ့ ကြရပါဘူး။ ဒီလို ထူးခြားတဲ့ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက် နောက်ထပ် ထူးခြားတာတွေ တွေ့မြင်ရပါသေးတယ်။ တခုကတော့ ၀န်ကြီးချုပ်ဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ အတူပါသွားတဲ့ ၀န်ကြီး ဦးအောင်သောင်းနဲ့ ဦးသိန်းဆွေ တို့က ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ရွေးချယ်ခံ အမတ်တွေနဲ့ အလွတ်သဘော တွေ့ဆုံကြတာပါ။  ပါတီအချင်းချင်း တွေ့ဆုံမှု မဟုတ်သလို အစိုးရအဖွဲ့ တာဝန်ရှိသူနဲ့ အနိုင်ရပါတီ တွေ့ဆုံတာမျိုးလည်း မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အရေးပါမှုကို အသိအမှတ်ပြုတယ်လို့တော့ မှတ်ယူနိုင်ပါတယ်။ အဲလို မှတ်ယူနိုင်ရလောက်တဲ့ အကြောင်းအချက်တွေကလည်း အများအပြား ရှိနေပါ တယ်။ ခုအချိန်ဟာ ရခိုင်ပြည်နယ် ကမ်းလွန်လုပ်ကွက်တွေကနေ သဘာဝ ဓာတ်ငွေ့ အမြောက်အမြား ထွက်နေပြီး တရုတ်ပြည်ကို ကုန်းတွင်းပိုက်လိုင်း သွယ်တန်းရောင်းချဖို့ စစ်အစိုးရက အကောင်အထည် ဖော်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ရခိုင်ပြည်မှာတော့ ပြည်သူတွေဟာ လျှပ်စစ်မီး မှန်မှန်မရ၊ ရတဲ့ နေရာတွေမှာလည်း တယူနစ်ကို ကျပ်ငွေ (၄၅၀)၊ ရန်ကုန်ထက် (၁၈) ဆ၊ ရာခိုင်နှုန်းအားဖြင့် ၁၈၀၀ ရာခိုင်နှုန်းလောက်ပေးပြီးမှ မီးသုံးစွဲနေရတဲ့ ဘ၀ ရောက်နေတာပါ။ ဒါကိုလည်း ရခိုင်တိုးတက်ရေးပါတီက ထောက်ပြနေတဲ့အချိန်လည်း ဖြစ်နေပါတယ်။ ဒီအချက်တွေကြောင့်သာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ရခိုင်ပြည်သူတွေကို စစ်အစိုးရက အနည်းငယ် ဂရုစိုက်မှုပြလာတာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ မြောက်ဦးကနေ ရထားလမ်း ဖောက်မယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီရထားလမ်း စတင်ဖောက်လုပ်မှုကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ်တွေ စပြီး ပျက်စီးခဲ့ပါပြီ။ နောက်ထပ်လည်း ထပ်ပြီး ပျက်စီးနိုင်စရာ ရှိနေတာကြောင့် ရခိုင်တိုးတက် ရေးပါတီ အပါအ၀င် ရခိုင်ပညာတတ်တွေ၊ ရဟန်းရှင်လူ ပြည်သူတွေက ရထားလမ်း ကြောင်းကို ပြောင်းလဲဖောက်လုပ်ပေးဖို့ စစ်အစိုးရထံ အရေးဆိုခဲ့ပါတယ်။ ဒီအရေးဆို မှုဟာလည်း အံ့ဩစရာ ကောင်းလောက်အောင် စစ်အစိုးရက လိုက်လျောမှု ပေးခဲ့ ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် ရခိုင်ပြည်နယ်က ရခိုင်ပြည်သူတွေရဲ့ ရဲရင့်တက်ကြွမှု၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လက်တွေ့ကျ မှန်ကန်တဲ့ ဦးဆောင်မှု ပေးနိုင်တာတွေကြောင့် နိုင်ငံရေး အခြေအနေ ပြောင်းလဲလာတာတွေပဲ ဖြစ်ပါတယ်။ အလားတူ ဗမာပြည်မနဲ့ အခြားတိုင်းရင်းသား ပြည်နယ်တွေ၊ နယ်မြေတွေမှာလည်း ထို့နည်းလည်းကောင်းပါပဲ။ ပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ စစ်အစိုးရအပေါ် မကျေနပ်မှု၊ ရဲရင့်တက်ကြွမှုတွေကတော့ နေရာအနှံ့မှာ ရှိနေနှင့်ပြီးသား ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ ရဲရင့်တက်ကြွမှုတွေကို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကသာ လက်တွေ့ကျတဲ့၊ မှန်ကန်တဲ့ ဦးဆောင်မှု ပေးနိုင်ခဲ့ရင်၊ စည်းရုံးနိုင်ခဲ့ရင် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာ မျိုးလည်း ဧကန်ပေါ်ပေါက်လာရမှာ ဖြစ်ပါတယ်။  ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024