လိုင်ဘေးရီးယားတွင် အီဘိုလာ ကူးစက်သူ ၁ ဦးထပ်တိုး

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်သူ နောက် ၁ ဦး ထပ်တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပါတယ်။
လိုင်ဘေးရီးယားနိုင်ငံဟာ အီဘိုလာ ကင်းရှင်းတဲ့ နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ပြီးမှ အခုတခါ ထပ်ဖြစ်လာတဲ့အတွက် ရောဂါဇာစ်မြစ်ကို အာဏာပိုင်တွေက အဖြေရှာနေပါတယ်။
အများပြောဆိုနေကြသလို တိရစ္ဆာန်ကတဆင့် ကူးစက်တာ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုလည်း စုံစမ်းနေဆဲဖြစ်ပြီး လောလောဆယ်အထိတော့ ခိုင်မာတဲ့ အချက်အလက် မရှိသေးဘူးလို့ ကျန်းမာရေး ဒု-၀န်ကြီးက ပြောပါတယ်။
သေသွားတဲ့ အသက် ၁၇ နှစ်အရွယ် လူရွယ်နဲ့ ကူးစက်ခံရတဲ့ နောက် ၂ ဦးလုံးဟာ အီဘိုလာရောဂါ ကူးစက်မှု ဆက်ဖြစ်နေတဲ့ အိမ်နီးချင်း ဂီနီနဲ့ ဆီယာလီယွန်းတို့ကို အလည်အပတ် မသွားခဲ့ကြတဲ့အတွက် ရောဂါအရင်းအမြစ်ကို အာဏာပိုင်တွေက စုံစမ်းနေပါတယ်။
အခု ရောဂါကူးစက်တဲ့ ရွာဟာ မြို့တော် မွန်ရိုဗီယားကနေ ကီလိုမီတာ ၅၀ အကွာမှာ ရှိပြီး တရွာလုံးကို ခြေချုပ်ထားလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူနာ ၂ ဦးကို အီဘိုလာ ကုသရေးစခန်းကို ပို့ထားလိုက်ပြီး သူတို့ ၂ ဦးနဲ့ ဆက်ဆံခဲ့တဲ့ လူ ၁၇၅ ဦးကိုလည်း စောင့်ကြည့်နေကြောင်း၊ ဖျားနာတဲ့ လက္ခဏာ မတွေ့ရသေးကြောင်း ဆိုပါတယ်။
မနှစ်က အီဘိုလာရောဂါ ကပ်ဘေးအတွင်း လူပေါင်း ၁၁၂၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက လိုင်ဘေးရီးယား၊ ဆီယာလီယွန်းနဲ့ ဂီနီတို့က ဖြစ်ပါတယ်။
လိုင်ဘေးရီးယား တနိုင်ငံတည်းမှာ လူပေါင်း ၄၈၀၀ သေဆုံးခဲ့ပါတယ်။