Home
မေးမြန်းခန်း
၄၃၆ ဆိုတာ အရင်ဦးဆုံးဖွင့်လို့ ဘယ်တော့မှ မပွင့်တဲ့တံခါး - စည်သူအောင်မြင့်
အေးနိုင်
·
July 3, 2015
ခေတ် စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးလမ်းခင်းပေးနိုင်ဖို့အတွက် ခြောက်ပွင့်ဆိုင် ဆောင်လျင်စွာတွေ့ဆုံညိနှိုင်းဖို့ ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၂၅ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အရ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ဟာ ဧပြီလ ၁၀ ရက်နေ့မှာ ပထမဆုံးအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒုတိယအကြိမ်ဆွေးနွေးပွဲကို သင်္ကြန်အပြီး ထပ်မံကျင်းပမယ်ဆိုတဲ့ စကားဦးသန်းခဲ့ပေမယ့် ဆက်လက်ကျင်းပညှိနှိုင်းနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေတာပါ။ ဒီအချိန်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်လို့ ၇၅ ရာခိုင်နှုန်းကျော် မဲမရဘဲ အရပ်သားတွေ ရှုံးနိမ့်ခဲ့ပါတယ်။ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ရပ်တန့်နေမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ဆက်စပ်မှုကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဆောင်းပါးရှင် စည်သူအောင်မြင့်ကို ဆက်သွယ်မေးမြန်းပါတယ်။ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲက ဒီနှစ်သင်္ကြန်မတိုင်ခင်တုန်းက တကြိမ်တွေ့ကြပြီးကတည်းက ရပ်တန့်နေတယ်။ သမားရိုးကျရပ်တန့်မှုလား၊ နောက်ကွယ်မှာ ဘာခြေလှမ်းတွေ တွေ့ရသလဲ။ ဘာကြောင့် အဲသလို ပြောနိုင်သလဲ။ “ကျနော့်တဦးချင်း မြင်တာကတော့ သမ္မတဘက်ကပေါ့နော်၊ အထူးသဖြင့် သမ္မတဘက်က မတွေ့ချင်လို့ သူက ဟိုးကတည်းက။ တကယ်တော့ တွေ့ဆုံဆွေးနွေးရေးတောင်းဆိုတာ ခုမှမဟုတ်ဘူးလေ ကြာလှပြီ။ လေးပွင့်ဆိုင်ကတည်းကရော၊ နောက်ပိုင်း ခြောက်ပွင့်ဆိုင်တောင်းတာရော။ အဲဒါကို သူက အကြောင်းအမျိုးမျိုး ပြပြီးတော့မှ ၁၂ ပွင့်ဆိုင်တို့၊ ၄၈ ပွင့်တို့ အမျိုးမျိုးသူကလုပ်တာလေ။ လုပ်တယ်ဆိုတာက မတွေ့ချင်လို့ပေါ့။ မတွေ့ချင်လို့ အချိန်တွေဆွဲတယ်။ အခြားအကြောင်းပြချက်တွေနဲ့ ရှောင်ရှားတယ်။ ဒီလိုပဲ ကျနော် နားလည်တယ်လေ။” ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မကျင်းပဘဲ ရပ်တန့်တော့ ဘာတွေ ဆက်ဖြစ်နိုင်လဲ။ “အခုက လက်တွေ့ပဲလေ။ သူတို့ ခြောက်ပွင့်ဆိုင် မတွေ့ဖြစ်တဲ့အခါကျတော့ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ပြီးတော့မှ သူတို့ သေသေချာချာ ညှိနှိုင်းတာ မလုပ်နိုင်ခဲ့ဘူးပေါ့နော်။ သေချာညှိနှိုင်းတာ မလုပ်နိုင်ခဲ့ဘူး ဆိုတဲ့အခါကျတော့ အခု လွှတ်တော်ထဲမှာ ဖြစ်သွားတာက ပြည်ခိုင်ဖြိုးက သူ့ဘာသာသူ ကောက်တင်လိုက်တယ်။ သူကြိုက်တဲ့ဟာ၊ သူလိုချင်တာပဲ သူကောက်တင်လိုက်တယ်။ စစ်တပ်ကလည်း ပထမ အပိုင်း (က) မှာဆိုရင် အကုန်လုံးနီးပါးလောက် ပယ်ချပစ်လိုက်တယ်။ အခု ဒုတိယပိုင်းမှာဆိုရင်လည်း အဲလိုပဲ။ အရေးကြီးတဲ့ ပုဒ်မဆိုရင် ပုဒ်မ ၂၆၁ ပေါ့နော်။ ၂၆၁ ဆိုရင် ၀န်ကြီးချုပ် (ပြည်နယ်နှင့်တိုင်းဒေသကြီး) ကို သမ္မတက ခန့်တာအစား လွှတ်တော်ထဲက အမတ်တွေက ရွေးပေးရမယ်ဆိုတဲ့ဟာကို ပြင်ဖို့ဆိုတာတွေလည်း သူတို့ တွေ့ဆုံဆွေးနွေးမှု မရှိတော့ ဒါတွေသာ တကယ်လို့ အပယ်ချခံရတယ်ဆိုရင်တော့ အခု ဒီဖွဲ့စည်းပုံပြင်ရေးက အဲဒီတွေ့ဆုံညှိနှိုင်းမှုမရှိလို့ ခုလိုဖြစ်သွားရတယ်လို့ပဲ ဒီလိုပဲ သုံးသပ်နိုင်တာပေါ့။” လွှတ်တော်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆွေးနွေးဆုံးဖြတ်ရာမှာတော့ တပ်မတော်ကိုယ်စားလှယ်တွေက ဗီတိုအာဏာသုံးပြီး ပယ်ချနေလို့ ထိရောက်မှုမရှိဘူး ဖြစ်နေတယ်။ အပြင်မှာလည်း တပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကထွက်ဆိုပြီး တောင်းဆိုတဲ့ ဆန္ဒပြပွဲဖြစ်ပြီး မကျေနပ်မှုတွေဆီကို ဦးတည်နေတယ်။ မြန်မာပြည် လက်ရှိအကျပ်အတည်းက လွတ်မြောက်အောင် ဘာလုပ်သင့်သလဲ။ လွှတ်တော်ပြင်ပကနေ ပုဒ်မ ၄၃၆ ပြင်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ။ “အဲဒါက စဉ်းစားတဲ့နည်းနဲ့ပဲဆိုင်တယ်။ တိုင်းပြည်မှာက ပုဒ်မ ၄၃၆ တို့ ဘာညာ အဲဒါတွေ စဉ်းစားတာက အားလုံးက ဘယ်အခြေခံပေါ်ကနေ။ သူက နောက်မှပေါ်တာလေ ၄၃၆ ပြင်ရေးဆိုတာက။ ဘယ်အခြေခံပေါ်ကနေ စဉ်းစားသလဲဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပေါ်မှာ အဲဒါပေါ်မှာ စဉ်းစားတယ်။ ဆိုတဲ့အခါကျတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဖြစ်နိုင်တဲ့ ဖွဲ့စည်းပုံအခြေအနေက ၄၃၆ ဟုတ်သလား။ ၄၃၆ ကို အခုချက်ချင်းပြင်ဖို့လိုသလား။ သို့မဟုတ် နောက်မှ ပြင်ရမလား။ တခြားဟာတွေ လုပ်မလားဆိုတာ အဲဒီဥစ္စာက မေးခွန်းတွေရှိတယ်။ အဲဒီကနေ စတဲ့ပြဿ     နာ။ အဲဒီ ၄၃၆၊ ၄၃၆ ပဲ တစိုက်မတ်မတ် လိုက်သွားမယ်ဆိုရင်တော့ နှစ်ဘက် ပဋိပက္ခတွေ ကြီးလာမှာပဲ။ အဲဒီ ၄၃၆ ပြင်ရေးလို့ တဘက်ကပြောနေ၊ NLD ဘက်က စပြီးတော့မှ စပြီးတော့လုပ်တယ်။ ၈၈ တို့ ဘာတို့ပါတယ်။ ဒီဥစ္စာက ကျနော့်တဦးချင်း၊ ကျနော်ရှင်းလည်း ရှင်းပြဖူးတယ်။ အကြိမ်ကြိမ်ရှင်းပြဖူးတာပေါ့။ အဲဒါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဖြစ်လာမယ့် တောင်းဆိုမှုမျိုးတော့ မဟုတ်ဘူးဗျ။" "ဖွဲ့စည်းပုံပြင်ရေးဆိုတာက အန်အယ်လ်ဒီရော၊ အကုန်လုံး တိုင်းသူပြည်သားတွေရော၊ တိုင်းရင်းသားတွေရော အားလုံးက နားလည်ကြတယ်။ ပြင်ဖို့လိုတယ်ဆိုတာ နားလည်ကြတယ်။ အဲဒီပြင်ပုံပြင်နည်းကို သူတို့ သေသေချာချာ ညှိနှိုင်းဆွေးနွေးဖို့လိုတယ်။ အခုဟာက အဲဒါ လုပ်ဖြစ်ခဲ့တဲ့ပုံ မပေါ်ဘူး။ လုပ်ဖြစ်ခဲ့တဲ့ပုံ မပေါ်ဘူးဆိုတာက နှစ်ချက်ပေါ့။ အဲဒီမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရှိရမယ်။ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူရတဲ့ အခြေအနေမျိုးဖြစ်ရမယ်။ ဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ဖို့ဆိုရင် ဒီမှာက လွယ်လွယ်ပြောမယ်ဆိုရင် တပ်ဘက်ကလည်း အတိုင်းအတာ တခုအထိ နေရာရစေ၊ နောက်တခုက ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ လူတွေပေါ့နော်၊ ရွေးကောက်ခံတွေပေါ့၊ ရွေးကောက်တဲ့ အုပ်ချုပ်ရေးစနစ်တွေလည်း ပေါ်ပေါက်စေ ဆိုတဲ့ဟာမျိုးကို ထည့်သွင်းထားနိုင်မှ သူက ဖြစ်မှာ။ အဲဒီတော့ ၄၃၆ ပြင်ဆင်ရေးလို့ သူက ပြောလိုက်ရင် သူကတော့ ရိုးရှင်းတယ်။" "ဒေါ်စုကလည်း ဒါကို သေသေချာချာ သူပြောပြီးပြီလေ။ ‘တပ်မတော်သားတွေ အမတ်တွေက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဖွဲ့စည်းပုံကို ပြင်ချင်တယ်လို့ သူက ပြောထားတယ်။ ပြီးတော့မှ စကားလုံးအားဖြင့်ဆိုရင်လည်း တပ်မတော်ကို စစ်တန်းလျားကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်အောင် သူလုပ်တယ်ဆိုပြီးတော့ ပြောတယ်။ အဓိပ္ပာယ်က ဘာဖြစ်သွားမလဲဆိုတော့ အဲဒီအတိုင်းသာဖြစ်သွားရင် တပ်မတော်သားတွေ အကုန်လုံးပေါ့နော် စစ်ဗိုလ်စစ်သားတွေ အကုန်လုံးက ရွေးကောက်ခံအမတ်တွေရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုတဲ့ အဓိပ္ပာယ် သွားသက်ရောက်တယ်။ တကယ်သေသေချာချာ ကျကျနန တွေးကြည့်ရင်။ အဲဒီတော့ အဲဒီဟာ ဟိုဘက်က ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ တောင်းဆိုမှုမျိုး မဟုတ်ဘူး။ အဲဒီတော့ အဲသလို တောင်းဆိုမှုမျိုးဖြစ်အောင် ပြန်ပြီးတော့မှ ဒါတွေက ဆွေးနွေးတာ၊ ညှိနှိုင်းတာ လုပ်ဖို့တော့လိုတာပေါ့၊ ပြန်စဉ်းစားသုံးသပ်တာတွေ။” ဒါဆို ဆွေးနွေးတာ၊ ညှိနှိုင်းတာတွေ ပါလာတယ်ဆိုတော့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲဘက် ပြန်လည်သွားတဲ့သဘော ဖြစ်နေပြီပေါ့။ “မဟုတ်ဘူး၊ အဓိကကတော့ နှစ်ဘက်စလုံး၊ နှစ်ဘက်စလုံးဆိုတာက စစ်တပ်ဘက်ကလည်း ဒါစဉ်းစားဖို့ သူ့ဘက်ကလည်း သူစဉ်းစားဖို့လိုတယ်။ နောက် ပိုပြီးတော့ အရေးကြီးတာက အန်အယ်လ်ဒီ၊ အတိုက်အခံ အန်အယ်လ်ဒီပေါ့။ သူ့အနေနဲ့က ဒီ ၄၃၆ ကိုပဲ သူ တစိုက်မတ်မတ် သူလုပ်လာတာ။ ဒါ မှန်သလားပေါ့။ အခုဆိုရင် ဒါက အဖြေက ပေါ်တယ်လေ။ အဖြေပေါ်တယ်ဆိုတာက လေးနှစ်တာကာလ ကြိုးစားတယ်ပေါ့နော် တကယ်တော့ ဟိုဒီမိုကရေစီရဖို့ ကြိုးစားတာတော့ နှစ်ပေါင်းကြာပြီပေါ့။ ဒါပေမယ့် ဒီ ၄၃၆ ပြင်ရေး၊ ဖွဲ့စည်းပုံပြင်ရေးကို သူတို့လုပ်လာတာက ၃၊ ၄ နှစ်ရှိပြီလေ။ ဒါက အခု အဖြေက ထွက်တယ် မအောင်မြင်ဘူးပေါ့။ မအောင်မြင်ဘူးဆိုရင် ဘာကြောင့်မအောင်မြင်လဲဆိုတာ ကိုယ့်ဘက်ကလည်း ပြန်စဉ်းစားဖို့လိုတယ်။ ဒီအတိုင်းချည်းပဲသွားရင် နိုင်ငံရေးဆိုတာက အဲသလို မသွားရဘူးလေ။ နိုင်ငံရေးဆိုတာက ဘာမှားသွားလဲ။ ဘာကြောင့် မအောင်မမြင်ဖြစ်ရလဲ။ ဘာဖြစ်လို့ စစ်တပ်က ဒီအချက်ကို လက်မခံရသလဲဆိုတဲ့ ဥစ္စာကို သေသေချာချာ ချဉ်းကပ်၊ ကိုယ့်ဘက်က သေနင်္ဂဗျူဟာတွေ သုံးသပ်ဖို့လိုတာပေါ့။ အဲဒါကို ကျနော်ဆိုလိုတာပါ။” ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကနေ အကုန်လုံးထွက်သွားဖို့ ပြောတာမဟုတ်ဘူး၊ တဖြည်းဖြည်းချင်း လျော့သွားဖို့ဆိုပြီး မကြာသေးခင်ကာလကတင် ထပ်ပြောလိုက်သေးတယ်နော်။ “အဓိကက ကျနော် ပြောပြမယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီလွှတ်တော်မှာ တရားဝင်တင်တာရော၊ ဟိုးပထမဦးဆုံး သူတို့ကော်မတီတွေ ဖွဲ့ကြတဲ့ဆီမှာလည်း သူတို့ တရားဝင် ပါတီအနေနဲ့ တင်တဲ့ဆီမှာ သူက ဘာပြောထားလဲဆိုတော့ ကိန်းဂဏန်းပါ သူက တိတိကျကျ ပြောထားတယ်။ လွှတ်တော်တခုလုံးမှာဆိုရင် အများစုရဲ့ဆန္ဒမဲနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ရချင်တယ်။ နောက်တချက်က ဟုတ်ပြီ၊ တပ်မတော်သားအမတ်တွေသာ မပါဘူး ဆိုရင်တော့ ရွေးကောက်ခံအမတ်တွေရဲ့ သုံးပုံနှစ်ပုံ သဘောဆန္ဒနဲ့ဆိုရင် ပြင်ချင်တယ်။ နှစ်ခုစလုံးရဲ့ အဓိပ္ပာယ်ကတော့ တပ်မတော်သားအမတ်တွေ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဒီရွေးကောက်ခံအမတ်တွေက ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ပြင်လို့ရချင်တယ်ဆိုတဲ့ သဘောပဲ။" "အဲဒီတော့ ဖွဲ့စည်းပုံကို ရွေးကောက်ခံအမတ်တွေက ပြင်ချင်တဲ့ အပိုင်းတွေကို ပြင်လို့ရချင်တယ်ဆိုရင် အဓိပ္ပာယ်က ဘာပြန်ဖြစ်သွားသလဲဆိုတော့ ဖွဲ့စည်းပုံဆိုတာ အားလုံးရဲ့ကံကြမ္မာပဲလေ။ တိုင်းပြည်ရဲ့ကံကြမ္မာ။ အားလုံး၊ အားလုံးရဲ့ ကံကြမ္မာပဲ။ အဲဒီကံကြမ္မာက ရွေးကောက်ခံအမတ်တွေရဲ့လက်ထဲမှာ ရှိချင်၊ ရှိချင်တယ်လို့ သူက ပြောတာ။ အဲဒါ တချက်ပေါ့နော်။ ဒုတိယတချက် မရှင်းတာ ကျနော်ပြောပြမယ်။ အဲဒီမှာ ရာခိုင်နှုန်းတွေ ဟိုလျော့ပါတို့၊ ဒီလျော့ပါတို့ ဒါ ပြောတာပေါ့နော်။ တကယ့်တကယ်ကျတော့ ပြန်ပြီးတော့ ဆန်းစစ်ကြည့်လိုက်ရင် ဘာလဲ တပ်ဘက်က သူတို့အမြဲတမ်းပြောတာရှိတယ်။ သူတို့အဓိက တာဝန်က ၂၅ ရာခိုင်နှုန်း ယူထားတယ်ဆိုတဲ့ဟာက ဖွဲ့စည်းပုံကို ရွေးကောက်ခံအမတ်တွေ သူတို့ ပြင်ချင်သလို ပြင်သွားလို့ မရအောင်၊ သူတို့သဘောမတူဘဲ ပြင်လို့မရအောင် သူတို့က ၀င်လာတယ်၊ နေရာယူထားတယ်လို့ ပြောတယ်။ ပြောတဲ့အခါကျတော့ တကယ့်တကယ်ကျတော့ ရာခိုင်နှုန်းက ပြဿ  နာမဟုတ်ဘူး။ အဲဒီရာခိုင်နှုန်းနဲ့ ဘာလုပ်လို့ရသလဲဆိုတာက ပြဿနာပေါ့။" "ဘာလုပ်လို့ရသလဲဆိုတော့ လောလောဆယ်ဆိုရင် သူက အကြောင်းပြတာကတော့ ဖွဲ့စည်းပုံကို သူတို့ သဘောမတူဘဲနဲ့ ပြင်လို့မရအောင် ယူထားတယ်လို့ပြောပေမယ့်၊ တခြားသူတွေကို ဘာမှ အကြောင်းမကြားဘဲ သိုသိုသိပ်သိပ်နဲ့ထားတဲ့ အချက်တွေရှိတယ်။ အရမ်းအရေးကြီးတဲ့ အချက်တွေရှိတယ်။ အဲဒါဘာလဲဆိုတော့ သမ္မတပေါ့၊ ကျနော်တို့ဆီမှာ သမ္မတအုပ်ချုပ်ရေးစနစ်လေ။ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ပြီးရင် အရမ်းကို သြဇာအာဏာ တန်ခိုးကြီးတာပေါ့နော်။ အဲဒီတော့ အဲဒီ သမ္မတရွေးတဲ့ဆီမှာလည်း သူတို့ ခုနတုန်းက တမတ်သားက ၀င်ပြီးတော့ မဲပေးမှာလေ။ အဲဒီတော့ အဲဒီလို အရေးကြီးတဲ့ ကိစ္စမျိုးကိုကျတော့ ဖွဲ့စည်းပုံမပြင်ရေးမှာ ပြည်ခိုင်ဖြိုးက တိတ်တိတ်လေးနေတယ်၊ သူ မပြောဘူး။ တပ်ဘက်ကလည်း မပြောဘူး။ အန်အယ်လ်ဒီကလည်း အဲဒါကို အဓိကပြောရမယ့်အစား ၄၃၆ ကို ပြောနေတဲ့အခါကျတော့ ပြဿနာက အဲလို မပြေမလည်ဖြစ်သွားတာပေါ့။ တကယ်က အဲဒီဥစ္စာမျိုးကလိုတာ။ “ဟုတ်ပြီ၊ ခင်ဗျားတို့ ဒီဖွဲ့စည်းပုံကိုတော့ ခင်ဗျားတို့သဘောတူမှ ပြင်မယ်။ ဒါပေမယ့် ပြင်ဖို့ ဒီလိုဒီလို အချက်တွေကျတော့ ခင်ဗျားတို့ဟာ မထိခိုက်ဘဲနဲ့ ဘာတွေပြင်ရမလဲဆိုတာ အများကြီး စကားတွေပြောရမယ်။ အများကြီး သူတို့ကို စည်းရုံးရမယ်။ ဒါပေမယ့် အဲဒီစည်းရုံးတာက ကာလတခုမှာတော့ ဒီ ၄၃၆ ကို သွားလုပ်လို့ရမှာ မဟုတ်ဘူး။ ကျနော့်တဦးချင်း သဘောနဲ့ဆိုရင် ကျနော် အန်အယ်လ်ဒီ အကြီးအကျယ် လူချင်းလည်း ဆွေးနွေးဖူးတယ်။ ၄၃၆ ဆိုတာ အရင်ဦးဆုံးဖွင့်ဖို့ ဘယ်တော့မှ မပွင့်တဲ့တံခါး။ နောက်ဆုံးမှ ဖွင့်ရမယ့်တံခါး။ စစချင်းမှာ အဲဒီ ၄၃၆ မဟုတ်ဘဲနဲ့ တခြားသောအချက်တွေ အများကြီး သူတို့တောင်းရမှာ။” ဒီအတိုင်းဆို ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကရော ဖြစ်နိုင်ပါတော့မလား။ ဒီအတိုင်းဆိုရင်။ “သမ္မတရော၊ ကာချုပ်ရော တပ်ချုပ်ရော လုံးဝတွေ့ဆုံဆွေးနွေးပွဲကို ရှောင်နေတယ်။ မတွေ့ချင်ဘူးပေါ့။ ဘာဖြစ်လို့ မတွေ့ချင်ဘူးလဲ ဆိုတဲ့အခါကျတော့  ဒီဘက်က တင်လာတဲ့ဟာကြီးက ၄၃၆ ကြီး ဖြစ်နေတယ်လေ။ အဲဒီတော့ ဒီ ၄၃၆ ဆိုတဲ့ဟာကြီးကိုတော့ သူတို့က နားနဲ့လည်းမကြားချင်ဘူး။ အဲဒီတော့ အခုက ဘယ်လိုဖြစ်နေသလဲဆိုတော့ နှစ်ဘက်က အန်အယ်လ်ဒီ အပါအ၀င် အတိုက်အခံ အင်အားစုတွေက ဘာဖြစ်နေသလဲဆိုတော့၊ သူတို့တွေက ဘာပြောသလဲဆိုတော့  ဖွဲ့စည်းပုံပြင်ရေး၊ ပြင်ရေးဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် သူတို့ တကယ့်လိုလားချက်က သူတို့က ဖွဲ့စည်းပုံပြင်ရေးမဟုတ်ဘူး။ အသစ်နီးပါးလောက်ကို သူတို့က ရေးချင်တာ၊ ဒါ သူတို့ဘက်က သဘော။ ပြီးတော့ တပ်တို့၊ ပြည်ခိုင်ဖြိုးတို့ဘက်ကကျတော့ သူတို့လည်း ပြင်ရေး၊ ပြင်ရေး ပြောနေတယ်။ သူတို့ကျတော့ လုံးဝဘာမှ မပြင်ချင်ဘူး။ ဟန်ပြလောက်ပဲ သူတို့က လုပ်ချင်တာ။ အဲဒီလို ၂ ဘက်က ဟိုဘက်အစွန်းနဲ့ ဒီဘက်အစွန်း ရောက်နေတာ။ ပြည်ခိုင်ဖြိုးက ဟန်ပြလုပ်ပြနေတာ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024