Home
မြန်မာသတင်း
ကော့ကရိတ်အနီး ဒီကေဘီအေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား (သတင်းဓာတ်ပုံ)
နော်နိုရင်း
·
July 2, 2015
ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး တောင်ပတ်လမ်းသစ်မှာ ဒီနေ့မနက် အစောပိုင်းက အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့အကြား တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဒီကေဘီအေတပ်က ဗိုလ်မှူးဆန်းအောင်က “ဒီမနက် အစောကြီး သေနတ်ပေါက်သံကြားတော့ သူတို့ ကျနော်တို့ကို ပစ်တယ်ဆိုတာ သိရတယ်။ ၈ နာရီ ၉ နာရီလောက်မှာတော့ ကျနော်တို့ လူ ၂ ယောက်ကို ထိတယ်။ ထိတဲ့အချိန်မှာ ကျနော်တို့ ပြန်ပစ်တယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီတိုက်ပွဲမှာ ဒီကေဘီအေတပ်ဘက်က ၂ ဦးနဲ့ အစိုးရတပ်ဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒီကေဘီအေက ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။  တိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရတပ်ဘက်ကိုတော့ ဆက်သွယ်လို့  မရသေးပါဘူး။ လတ်တလော ဒီကေဘီအေနဲ့ အစိုးရ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် မြ၀တီ-ကော့ရိတ် ကားလမ်းမသစ်ကို ခရီးသွားသွားလာမှု ပိတ်ထားလိုက်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကော့ကရိတ်မြို့ခံ ဦးမြင့်ဌေးက “တိုက်ပွဲဖြစ်တဲ့ အသံတော့ကြားတယ်။ မနက်က ကျနော် မြ၀တီတက်ဖို့ ကျနော်ကားနဲ့သွားတော့ ကော့ကရိတ်အထွက် စစချင်းတွေ့တဲ့ ဂိတ်ကနေ မပေးသွားတော့ဘူး။ အဲမှာ ကားတွေတားထားလိုက်တယ်။ သွားလို့မရသေးဘူးတဲ့။ အရှေ့မှာလည်း တိုက်ပွဲဖြစ်တဲ့ အသံကြားတော့ ကျနော်တို့ မသွားဘူး ပြန်လာလိုက်တယ်။” ဇူလိုင်လအတွင်းမှာ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး ပိုမိုတိုးမြှင့် ချထားသလို ဖွင့်ပွဲအတွက် နေရာပြင်ဆင်မှု ရှိနေချိန်မှာ ခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီလိုလမ်းဖွင့်ပွဲလုပ်ဖို့ နေရာပြင်ဆင်နေသူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက  ဒီကေဘီအေ တပ်ဖွဲ့က နှင်ထုတ်ခဲ့တယ်လို့  ကော့ကရိတ်မြို့ခံ ဦးမြင့်ဌေးက ပြောပါတယ်။ “ကော့ကရိတ်က အင်ဂျင်နီယာက ညီနောင်ဟိုဘက်အထွက်မှာ မဏ္ဍပ်လုပ်ပေးရမယ်။ ယိုးဒယားဘက်က လူအင်အား ၁၅၀၊ ဗမာပြည်ဘက်က ၁၅၀၊ ကျနော်တို့ ဒု-သမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင်လာပြီး ဖွင့်ပွဲလုပ်မယ်လို့ ပြောတယ်။ သူက အဲမှာ သူ့ကိုခိုင်းတဲ့အတိုင်း မဏ္ဍပ်လုပ်မယ့်နေရာကို သွားလုပ်တော့ ဒီကေဘီအေက သူတို့ အမိန့်မရဘဲ လုပ်တယ်ဆိုပြီးတော့ မောင်းထုတ်တဲ့သဘောရှိတယ်။ ကျနော်သိသလောက် တပ်မတခုက ကော့ကရိတ်ရောက်နေတယ်။ ဒီလမ်းကို သူတို့ လုံခြုံရေးယူတော့မယ်။ ဘာလို့လဲဆိုတော့ ဒု-သမ္မတ တယောက်က လာပြီးဖွင့်ပွဲလုပ်မယ်ဆိုတော့ ဒီလမ်းကို သူတို့ ရှင်းရမယ့် သဘောတော့ရှိတယ်။” ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ ဒီကေဘီအေတပ်က ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။ “အခု ကျနော်တို့ ဒါကို ညှိနေတယ်။ ကျနော်တို့ ဒီ ဗိုလ်မှူးကြီးမောင်လေးလည်း ရန်ကုန်မှာ ရောက်နေတယ်လေ။ ကရင်အမျိုးသား အကြိုညီလာခံသွားရင်းနဲ့ပေါ့။ ကျနော်တို့ ဒု-ချုပ်ကလည်း လှမ်းပြောတယ်ပေါ့လေ။ သွားပြီးညှိဖို့၊ အခု အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာ) မှာ ရောက်နေတယ်လို့ ကြားတယ်။ တွေ့ကြတယ်ထင်တာပဲ။ ပြဿ  နာ ပိုပြီးမကြီးအောင်လို့ပေါ့။ မဟုတ်ဘူးဆိုရင် ကြီးသွားနိုင်တယ်။ သေးသေးမွှားမွှားကိစ္စကနေ ကျယ်ပြန့်သွားမယ်ဆိုလို့ ရှိရင်တော့ မကောင်းဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့က ကြိုးစားညှိနေတယ်။” ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးနားမှာ အစိုးရတပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့က ဗိုလ်မှူးဆန်းအောင်ရဲ့ တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024