ဂျပန်-မဲခေါင် ယူ ၁၅ ဘောလုံးပြိုင်ပွဲ မြန်မာက ထိုင်းကို ရှုံး
ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဇူလိုင် ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပနေတဲ့ ဂျပန် – မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တတိယပွဲစဉ်အဖြစ် ထိုင်းနဲ့ မြန်မာ အသင်းတို့ ကစားရမှာ မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
တရက်ကို ၂ ပွဲယှဉ်ပြိုင်ကစားရတဲ့ မနက်ပိုင်း ပြိုင်ပွဲမှာ မြန်မာအသင်းက ဒုတိယပွဲစဉ်အဖြစ် လာအိုနဲ့ ကစားခဲ့ရာမှာ ၁ ဂိုးစီ သရေကျသွားပါတယ်။
မြန်မာအသင်းဟာ အုပ်စု (ခ) မှာ ထိုင်း၊ လာအို၊ ဆန်ဖရီချီ ဟီရိုရှီးမား အသင်းတွေနဲ့ ကျရောက်နေပါတယ်။
ဇူလိုင် ၁ ရက် ပထမပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ဒီအတွက် မြန်မာအသင်းဟာ ၃ ပွဲကစား၊ ၁ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးပြီး ၄ မှတ် ရရှိထားပါတယ်။
ဇူလိုင် ၃ ရက်မှာတော့ မြန်မာ အသင်းဟာ ဂျပန်ကလပ် ကိုဘေးနဲ့ ပဉ္စမနေရာ လုပွဲ ကစားရမှာ ဖြစ်ပါတယ်။