ပါကစ္စတန် ကွန်မန်ဒိုတပ်ဖွဲ့ စီးနင်းမှု အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံး

ပန်ဂျပ်ခရိုင် ပြည်ထဲရေးဝန်ကြီး ရှုဂျ ခန်ဇာဒါ။ (ဓာတ်ပုံ- ရိုက်တာ)
2.2K
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့နားက ကွန်မန်ဒိုရဲ စီးနင်းမှုအတွင်း သေဆုံးခဲ့တဲ့ စစ်သွေးကြွ ၄ ယောက်ထဲမှာ ပါကစ္စတန် အယ်လ်ကိုင်းဒါး ကွန်ရက်ခေါင်းဆောင် သေဆုံးတယ်လို့ ပန်ဂျပ်ခရိုင် ပြည်ထဲရေးဝန်ကြီး ရှုဂျ ခန်ဇာဒါက ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ပြောပါတယ်။
အဘ်ဒါလီလို့ သိကြတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင်နဲ့ တခြား ၃ ယောက်ဟာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ခန်ဇာဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဇွန် ၂၉ ရက်နေ့က ထောက်လှမ်းရေးအေဂျင်စီတွေက နေရာကို စီးနင်းခဲ့တယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ခွဲက ပံ့ပိုးထားတဲ့ ပါကစ္စတန် သူလျှိုအေဂျင်စီက စီးနင်းမှုကို ခေါင်းဆောင်တယ်။ ထောက်လှမ်းရေးဌာနဘက်က စစ်သားတယောက် ဒဏ်ရာရတယ်။ ခုတော့ သူကောင်းသွားပြီ။ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်။”
စီးနင်းမှုအတွင်း အေကေ ၄၇ ရိုင်ဖယ်တွေနဲ့ ဒုံးကျည်တပ် လောင်ချာတွေ အပါအဝင် လက်နက်အမြောက်အမြား၊ အသေခံဝတ်စုံတွေနဲ့ လက်ပ်တော့ကွန်ပျူတာတွေကို သိမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
အယ်လ်ကိုင်းဒါး ထိပ်တန်းခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန်တပ်တွေက အဘော့တာဘဒ်မြို့မှာ ၂၀၁၁ ခုနှစ်က စီးနင်းသတ်ဖြတ်ခဲ့ပေမယ့် ပါကစ္စတန်နိုင်ငံတွင်း အယ်လ်ကိုင်းဒါးတွေ ကျန်ရှိနေဆဲပါ။
ပါကစ္စတန် လုံခြုံရေးတပ်တွေက မြောက်ပိုင်း ဝါဇီရစ်စတန်ဒေသကို မြေပြင်နဲ့ ဝေဟင် ထိုးစစ်ဆင်အပြီး အာဖဂန်နစ္စတန်နဲ့ နီးတဲ့ နိုင်ငံအနောက်ပိုင်းဒေသက အစ္စလာမ္မစ် စစ်သွေးကြွ အများအပြားက နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေဆီ ထွက်ပြေးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
အာဖဂန်နဲ့ ပါကစ္စတန်တို့ဟာ ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေဖို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ခန်ဇာဒါက ပြောပါတယ်။
ဒါပေမယ့် ခုစီးနင်းမှုဟာ သတင်းအချက်အလက် ဖလှယ်မှုရဲ့ ရလဒ် ဟုတ်၊ မဟုတ်ကိုတော့ မပြောပါဘူး။
လတ်တလော သီတင်းပတ်တွေအတွင်း ရာနဲ့ချီတဲ့ စစ်သွေးကြွတွေ သေဆုံးခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။