အီဘိုလာကင်းစင် လိုင်ဘေးရီးယားတွင် ရောဂါကူးစက်သူ ၂ ယောက်ထပ်တွေ့

ဓာတ်ပုံ - ရိုက်တာ
1.7K
အနောက်အာဖရိကဒေသထဲက လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကင်းရှင်းတဲ့နိုင်ငံအဖြစ် ကြေညာထားတာ ၂ လနီးပါးအကြာ ဇူလိုင် ၁ ရက်နေ့က အီဘိုလာရောဂါ ကူးစက်သူ နောက်ထပ် ၂ ယောက် ထပ်တွေ့ခဲ့ပါတယ်။
ဇွန် ၃၀ ရက်နေ့မှာ သေဆုံးသွားတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ရဲ့ မိသားစုတွေကို သီးသန့်ခွဲထားလိုက်ပြီလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
မြို့တော် မွန်ရိုဗီယားကနေ မိုင် ၃၀ အကွာမှာရှိတဲ့ နီဒိုဝိန်းကျေးရွာကို ကျန်းမာရေး အရာရှိတွေ ရောက်နေပြီး ပညာပေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသားလူငယ်လေးနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူတွေ ဘယ်သူ ဘယ်ဝါဆိုတာကို စုံစမ်းနေပါတယ်။
လောလောဆယ် သိရှိထားတဲ့ အချက်အလက်တွေအရ အိမ်နီးချင်း တနိုင်ငံကနေ ရောဂါဝင်ရောက်လာတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူးလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာ ရောဂါကြောင့် သေဆုံးသူ ၄၈၀၀ ရှိခဲ့ပါတယ်။
မနှစ်က လိုင်ဘေးရီးယား၊ ဆီယာလီယွန်းနဲ့ ဂီနီနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၁၁၂၀၀ ရှိခဲ့လို့ အီဘိုလာရောဂါသမိုင်းမှာ အဆိုးရွားဆုံး ကပ်ဘေးတခု ဖြစ်ခဲ့ပါတယ်။