အာဆီယံ-တရုတ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များဖိုရမ် မြန်မာလူငယ်များတက်မည်
မြတ်နိုးအောင်
·
July 2, 2015
လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံ - တရုတ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖိုရမ်ကို မြန်မာလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင် အယောက် ၃၀ လောက် ပါဝင် တက်ရောက်မယ်လို့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
အခု ကျင်းပတဲ့ဖိုရမ်ဟာ ၇ ကြိမ်မြောက်ဖြစ်ပြီး သြဂုတ် ၆ နဲ့ ၇ ရက်နေ့တွေမှာ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော် အမျိုးသားကွန်ဗင်းရှင်းစင်တာမှာ ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီဖိုရမ်မှာ မြန်မာအပါအ၀င် နိုင်ငံ ၁၁ နိုင်ငံမှ စက်မှုလုပ်ငန်း ၁၈ ခုရဲ့ ပြခန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေ၊ အရင်းအနှီးရရှိနိုင်မှု ရင်းမြစ်တွေနဲ့ စီးပွားရေးဆိုင်ရာ ဖိုရမ်တွေ ပါဝင်မှာဖြစ်ပြီး အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား လူငယ်စီးပွားရေး လုပ်ငန်းရှင်တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေဖို့ ရည်ရွယ်ကျင်းပတာပါ။
မြန်မာနိုင်ငံက လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင် အယောက် ၃၀ လောက်ဟာ လာမယ့် သြဂုတ်လ ၅ ရက်နေ့ လာအိုနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ဖိုရမ်မှာ ပါဝင်တက်ရောက်ဖို့ရှိတဲ့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝေဖြိုးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီဖိုရမ်ကျင်းပတဲ့ ရည်ရွယ်ချက်က တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြားက လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအချင်းချင်း တွေ့ဆုံဆွေးနွေးကြတဲ့ပွဲပါ။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင် အသင်းဝင်တွေဖြစ်ဖို့ လိုပါတယ်။ အသင်းဝင်ဖြစ်ဖို့ အသက် ၄၅ နှစ်အောက် ဖြစ်ပြီး လုပ်ငန်းတခုကို လုပ်ကိုင်နေသူ ဖြစ်ရပါမယ်။”
အာဆီယံ - တရုတ် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖိုရမ်ကို ၂၀၀၉ ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ၆ ကြိမ်မြောက်ဖိုရမ်ကိုတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က လက်ခံကျင်းပခဲ့ပါတယ်။