အစိုးရသစ်ကိုလက်ခံသည့်အပေါ်ဝေဖန်မှုများကို ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
DVB
·
April 24, 2011
အစိုးရအဖွဲ့သစ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ဖို့အတွက်သာ အရှိကိုအရှိအတိုင်း လက်ခံထားခြင်းသာ ဖြစ်တယ်လို့ ပြောကြားလိုက်တာ လည်း ဖြစ်ပါတယ်။
ဒီလို ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက အခုလို ပြန်ပြောပြပါတယ်။
“လက်ရှိအခြေနေတွေနဲ့ပတ်သက်ပြီးတော့ တချို့ပြောဆိုဝေဖန်တဲ့ လူတွေ ကျတော့ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူးပြောတယ်။ ရွေးကောက်ပွဲ မဝင်ဘူးပြောတယ်။ အခုတော့ အစိုးရကို အသိအမှတ်ပြုတယ်လို့ ပြောတာ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ လက်ရှိအားဖြင့် လွှတ်တော်က ဖွဲ့စည်းပေးလိုက်တဲ့ အစိုးရသစ်တရပ်ရှိတယ်။ အစိုးရသစ်တရပ် အရှိအရှိအတိုင်း တော့ ကျနော်တို့ လက်ခံထားရတယ်။ ဒါ ဘာကြောင့်လဲဆိုရင် ကျနော်တို့ တောက်လျှောက်လည်း ၈၈ ကနေပြီးတော့ အခု လွှတ်တော်ကြားထဲမှာလည်း နအဖ၊ နဝတကို ဒိုင်ယာလော့ လုပ်ပေးပါ တောင်းဆိုခဲ့တယ်။ ဒိုင်ယာလော့ လုပ်ပေးပါ တောင်းဆိုတာ အဲဒီ အစိုးရတွေကို အရှိအတိုင်း လက်ခံတဲ့သဘောပါပဲလို့ ရှင်းပြပါတယ်။”
ဒါ့အပြင် ဒီကနေ့လုပ်တဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ပြီးတဲ့ သတင်းပတ်တုန်းက သမ္မတသစ် ဦးသိန်းစိန်ဆီကို ပို့ထားတဲ့ စာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြပြီး လာမယ့်အပတ်ထဲမှာ တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိနေပါတယ်။
ဒီစာထဲမှာတော့ အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးရေးတွေနဲ့ဆိုင်တာတွေ အဓိကထည့်သွင်းထားတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ ဒီနေ့ စီအီးစီ အစည်းဝေးထိုင်တော့ သမ္မတကြီးဆီကို စာတစောင် ကျနော်တို့ တင်ထားခဲ့ပါတယ်။ အဲဒီ စာတစောင်ကို လာမယ့် အပတ်ထဲမှာ ကျနော်တို့ ထုတ်ပြန်ပေးမယ်။ ဒီနေ့ကတော့ အချိန်မရလို့ပါ။ စာပါအကြောင်းအရာ အသေးစိတ်ကိုတော့ ကျနော် ခုနေ ပြောလို့ မရသေးပါဘူး။ အခြေခံ ပြောလို့ရှိရင်တော့ တရားဥပဒေ စိုးမိုးရေးကိစ္စပါပဲ။”