Home
မြန်မာသတင်း
ပျားမုဆိုးရဲ့သက်စောင့်ဆေး
DVB
·
July 2, 2015
သက်စောင့်ဆေးဆိုတဲ့ စကားလုံးဟာ ဆေးဖက်ဝင်အရည်တမျိုးလို့ အဓိပ္ပာယ်ရပါတယ်။ ဆွီဒင်သိပ္ပံပညာရှင် ထိုးဘီယက်စ်အိုလော့ဖ်ဆန်ကတော့ သူ့ရဲ့ အရက်အမျိုးအစားသစ်ဖြစ်တဲ့ Honey Hunter's Elixir (ပျားမုဆိုးရဲ့သက်စောင့်ဆေး) က ဒီလိုပါတဲ့။ ဒါက ပျားရည်အရက် အမျိုးအစားသစ်ပါ။ ဗိုက်ကင်းလူမျိုးတွေရဲ့"ဘုရားပေးတဲ့ဆေး" ဆိုတဲ့ အရည်ကို တုပပြီး ပျားရည်ကို အခြေခံကာ ချက်လုပ်ထားတာပါ။ ဒါပေမယ့် အိုလော့ဖ်ဆန်မှာ လျှို့ဝှက်အမယ်တခု ရှိထားပါတယ်။ အဲဒါကတော့ ပျားရဲ့အစာအိမ်ထဲမှာတွေ့ရတဲ့ လက်တစ်အက်ဆစ် ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ လန်းတက္ကသိုလ်က အလက်ဇန်ဒါ ဘာ့စ်ကီးဇ်နဲ့ တွဲဖက်ပြီး အိုလော့ဖ်ဆန်ဟာ ဒီဘက်တီးရီးယားမှာ ပဋိဇီဝသတ္တိတွေ ကိန်းနေတာကို ပြီးခဲတဲ့နှစ်က ထုတ်ဖော်ပြသခဲ့ပါတယ်။ သူက ဒီသက်စောင့်ဆေးမှာ ကျန်းမာရေးအာနိသင် များစွာပါရှိတယ်လို့ ဆိုပါတယ်။ "သုတေသနလုပ်တုန်းမှာ ဒီပျားတွေဟာ ပျားရည်ထဲမှာ လက်တစ်အက်ဆစ် ဘက်တီးရီးယားတွေကို အများကြီးဖြည့်ပေးပါတယ်။ ဒါကြောင့် ဒီပျားရည်အရက်ကို ထုတ်လုပ်တဲ့အခါ တကယ်တော့ သဘာဝ တဆေး (yeast) နဲ့ လက်တစ်အက်ဆစ် ဘက်တီးရီးယားကိုရောပြီး ကဇော်ဖောက်ပါတယ်။ ဒီလက်တစ်အက်ဆစ်က ပဋိဇီဝဆေးတွေကိုတောင် ခံနိုင်ရည်ရှိတဲ့ အန္တရာယ်ရှိ ပိုးအားလုံးကို နှိမ်နင်းနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကျနော်တို့ စိတ်ကူးကတော့ ဒီပျားရည်အရက်ကို မှီဝဲရင် အရက်ထဲက လက်တစ်အက်ဆစ် ဘက်တီးရီးယားက သွေးထဲကိုရောက်သွားပြီး အန္တရာယ်ရှိ ဘက်တီးရီးယား ကူးစက်လာရင် ထောက်ကူနိုင်ပေးသလို ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။" လို့ အိုလော့ဖ်ဆန်က ပြောပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေအရ ဒီဘက်တီးရီးယားဟာ လူတွေမှာဖြစ်တဲ့ ကူးစက်ရောဂါပိုးတွေကို သတ်ဖြတ်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။ အခုရောင်းချနေတဲ့ H13 ဆိုတဲ့ ဒီတွဲဖက်ယမကာထဲမှာ ဘက်တီးရီယားပါတဲ့ ပျားရည် ထည့်ထားပါတယ်။ ဒါပေမယ့် ဈေးကွက်မှာဖြန့်နေတဲ့ မွေးမြူရေးပျားရည်တွေက ထုတ်လုပ်စဉ်မှာ ပိုးသတ်ထားတာတွေ ဖြစ်နေပါတယ်။ ဘာ့စကီးဇ်ကတော့ ဒီသက်စောင့်ဆေးဟာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေကြောင်း သက်သေခံနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ "ဒီယမကာကို စေတနာဝန်ထမ်းတွေ မြည်းစမ်းကြည့်ခိုင်းပြီး ဘက်တီးရီးယားတွေက ထုတ်လုပ်လိုက်တဲ့ ဒြပ်ပေါင်းတွေဟာ သွေးထဲမှာတင် အဆုံးသတ်သွားနိုင်လားဆိုတာနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ကုသပေးနိုင်လား ဆိုတာသိဖို့ တိုင်းတာမှုအမျိုးမျိုး လုပ်သွားမှာပါ။" ကမ္ဘာတ၀ှမ်းက သိပ္ပံပညာရှင်တွေဟာ တနေ့တခြား ဆိုးလာတဲ့ ဆေးယဉ်ပါးရောဂါပိုးတွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်မယ့် နည်းသစ်တွေကို ရှာဖွေနေကြပါတယ်။ ဒီယမကာ ဖန်တီးသူတွေကတော့ ဒီ Honey Hunter's Elixir ဟာ ဒီပြဿနာရဲ့ အဖြေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ လူထုရန်ပုံငွေကောက်ခံပွဲကိုလည်း အင်ဒီရေးဂိုးဂိုးမြို့မှာ ကျင်းပပြီးသွားပါပြီ။ စိတ်လည်းလန်း ကျန်းလည်း ကျန်းမာစေတဲ့ ဒီယမကာမျိုးထုတ်လုပ်ဖို့ စိတ်ကူးယဉ်ခဲ့တာကြာပါပြီ။ ဒီ သက်စောင့်ဆေးကသာ ဇိုးသမားတွေရဲ့လက်စွဲ ဖြစ်လာခဲ့ရင်တော့ ယမကာလုလင်အားလုံးအဖို့ ပျော်ပျော်ကြီး သောက်သုံးလာနိုင်တော့မှာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024