Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကို နည်းပညာသစ်ဖြင့် စိစစ်မှု ပြီးဆုံး
DVB
·
July 1, 2015
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်း ၉ ခုက မြန်မာဒုက္ခသည်တွေကို နည်းပညာသစ်နဲ့ စစ်ဆေးပြီးသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ပြောပါတယ်။ ဇန်န၀ါရီကနေ မေလအထိ ယူအန်အိပ်ခ်ျစီအာနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်းပြီး ဒုက္ခသည်  ၁၁၀,၀၀၀ မှတ်တမ်းကို ကိုယ်ရေးအချက်အလက် အတိုင်းအတာ မှတ်ပုံတင်စနစ် (ဘီအိုင်အမ်အက်စ်) နည်းပညာသစ်နဲ့ စိစစ်မွမ်းမံ စစ်ဆေးခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ နည်းပညာသစ်နဲ့ ဒုက္ခသည်တွေရဲ့ လက်ဗွေရာ၊ မျက်နှာတည်ဆောက်ပုံတွေကို စကင်ရယူထားပြီး ယူအန်အိပ်ခ်ျစီအာရ်ရဲ့ အွန်လိုင်း အချက်အလက်မှတ်တမ်းမှာ လုံလုံခြုံခြုံ သိမ်းဆည်းထားပြီး ကမ္ဘာတ၀န်းက ဘယ်နေရာမှာမဆို ပြန်လည် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအထောက်အထားတွေကိုလည်း ပြန်လည် စိစစ်သလို အိမ်ထောင်စုဝင်တွေကိုလည်း တဦးချင်း စစ်ဆေးတာတွေ ပါဝင်ပါတယ်။ “မြန်မာနိုင်ငံမှာရှိတဲ့ အခြေအနေတွေဟာ ပြောင်းလဲနေပါပြီ။ ဒုက္ခသည်တွေဟာ စခန်းအပြင်မှာ ဘာလုပ်ကြမလဲဆိုတာကို အဖြေရှာနေပါပြီ။  စခန်းထဲက ထိခိုက်လွယ်တဲ့ ဒုက္ခသည်တွေ အပါအ၀င် မိသားစုတွေရော၊ တဦးချင်း အခြေအနေတွေကို နားလည်မယ်ဆိုရင် ကျနော်တို့ အချက်အလက်မှတ်တမ်း ရယူတဲ့ နေရာမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။” လို့ ယူအန်အိပ်ခ်ျစီအာ ထိုင်းနိုင်ငံဆိုင်ရာကိုယ်စားလှယ် မီရေးဂျာရတ်က ပြောပါတယ်။ ဒီနည်းပညာသစ်နဲ့ ဒုက္ခသည်စခန်းက လူတွေရဲ့ ကိုယ်ရေး အချက်အလက်ကို စစ်ဆေးဖို့ ထိုင်းကို ပထမဆုံး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဒုက္ခသည်စခန်းက တိုးပွားလာနေတဲ့ လူဦးရေ၊ မွေးဖွား သေဆုံးတဲ့ စာရင်းနဲ့ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ မိသားစုအခြေအနေတွေကို ကောက်ခံ မှတ်တမ်းတင်ခဲ့ခြင်း မရှိတော့တဲ့အတွက် စာရင်းကောက်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီစနစ်အရ အထောက်အထား မှတ်တမ်းတွေ ပျောက်ဆုံးမယ်ဆိုရင်လည်း ယူအန်အိပ်ခ်ျစီအာမှာ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024