Live
Home
နိုင်ငံရေး
ပြည်ခိုင်ဖြိုးက လုယက်ရိုက်နှက်မှုကို အရေးယူမှု အားနည်းနေ
DVB
·
April 24, 2011
အာဏာရ  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေးမှူးဦးဆောင်တဲ့ အုပ်စုဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဝင်တွေကို ရိုက်နှက် လုယက်တာတွေ သက်ဆိုင်ရာက အရေးယူမှု အားနည်းနေပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ဆင်ခုံးတိုင်ကျေးရွာအုပ်စု၊  မွတ်စလင်အများစု နေထိုင်တဲ့ လွမ်းတောင်ကျေးရွာမှာ အခုလို ရိုက်နှက်လုယက်နေတာဖြစ်ပါတယ်။ အဲဒီရွာက ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ကိုသိန်းကျော် ဦးဆောင်တဲ့အဖွဲ့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဝင်တွေကို ရိုက်ပုတ်လုယက်ခဲ့တာ နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ကိုသိန်းကျော်နဲ့အဖွဲ့ဟာ ဒီလ ၁၄ ရက်နေ့ညက မွတ်စလင်အမျိုးသမီးတဦး နေအိမ်ကိုလာပြီး ရွှေငွေတွေကို လုယက်သွားတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။ “တရွာတည်းနေ အာရေချာခါတူ ဆိုတဲ့ အမျိုးသမီးဆီ လာပြီးတော့ အတင်းအဓမ္မ ငွေ ၂ သိန်းနဲ့ ရွှေဆွဲကြိုးတပင် ၇ ပဲသားလောက် ရှိတယ် အဲဒါကို လုယူတယ်။ အဲဒါကို သူက ကျနော်တို့ဆီ RNDP ရုံးကို လာတိုင်တော့ ကျနော်တို့ကလည်း ကျနော်တို့နဲ့ မဆိုင်ဘူး၊ ရဲသွားတိုင်ဆိုတော့ အခု ရသေ့တောင်မြို့နယ် ရဲစခန်းမှာ သွားတိုင်တော့ ကျောက်တန်းရဲကင်းမှူးကို အမှုစစ်ခိုင်းထားတယ်။ အဲဒီလူကို မဖမ်းသေးဘူး အခုမှ စစ်တုန်း ရှိသေးတယ်။” ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုသိန်းကျော်ဟာ ဒီအမှုမတိုင်ခင်တုန်းကလည်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဝင်တွေကို အနိုင်ကျင့်ရိုက်နှက်လုယက်ခဲ့လို့ တိုင်ကြားခံရကာ တောင်းပန်ခဲ့ရပြီး ခံဝန်လက်မှတ် ထိုးရဖူးပါတယ်။ ကိုသိန်းကျော်က မတ်လ ၂၃ ရက်နေ့ညက လူခြောက်ယောက်နဲ့အတူ RNDP ပါတီဝင်တွေဖြစ်တဲ့ အာဆီဟူးဆောင်ဆီက ငွေ (၆) သောင်း၊ ချူနာမအို့ဆီက (၇) သောင်း၊ အာဘူးကာသီးဆီက ငွေ (၇) သောင်းခွဲကို အတင်းအဓမ္မ ရိုက်နှက်ပြီး တောင်းခဲ့တယ်လို့ ဦးလှမြင့်က ပြောပါတယ်။ “သူက အတင်းအဓမ္မပေါ့ ရိုက်နှက်ပြီး ပိုက်ဆံတောင်းတော့ ဟိုကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပေးလိုက်တာပေါ့ဗျာ။ ကျနော်တို့ RNDP ကို လာတိုင်တော့ ပိုက်ဆံပေးလိုက်ရတဲ့ လူတွေကို ရသေ့တောင်မြို့ကို ခေါ်လိုက်ပြီးတော့ တရားစွဲမလို့ လုပ်တဲ့အခါမှာ သူက လက်ထိတ်တွေလည်း ပါလာ၊ ရဲတွေကလည်း ပါတယ်နဲ့ တူပါတယ်ဗျာ။ ပြေလည်ရာပြေလည်ကြောင်း တရားမစွဲနဲ့ဆိုလို့ ကတိဝန်ခံချက် စာချုပ် ချုပ်ပေးလိုက်ရတယ်။ နောက်နောင် ဒီလို မလုပ်တော့ဘူးပေါ့၊ နောက် RNDP ပါတီဝင်တွေကိုလည်း နောက်တကြိမ်တခါ အနိုင်မကျင့်တော့ပါဘူးဆိုပြီးတော့ ပိုက်ဆံကိုလည်း သူက (မောင်ကျော်သိန်း) ပြန်ပေးတယ်ဗျ။ ဧပြီလ ၁ ရက်နေ့မှာ ချုပ်လိုက်တာနော်။” ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကိုယ်စားပြုအမတ်တွေရဲ့ လူထုအကြား သွားရောက်ခွင့် ဆွေးနွေးရှင်းလင်းခွင့် မပေးဘဲ ဟန့်တားထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024