အီဘိုလာကင်းစင် လိုင်ဘေးရီးယားတွင် လူတဦး ရောဂါဖြစ်ပွားပြီး ထပ်မံသေဆုံး

ဓာတ်ပုံ - ရိုက်တာ
4.7K
အနောက်အာဖရိကဒေသက လိုင်ဘေးရီးယားနိုင်ငံဟာ အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ရက်သတ္တပတ် ၆ ပတ်ကြာ ကြေညာပြီးခါမှ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က အီဘိုလာရောဂါနဲ့ သေဆုံးမှု ပထမဆုံး ပြန်ဖြစ်လာပါတယ်။
သေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး မြို့တော်နဲ့ မိုင် ၃၀ အကွာက မြို့တမြို့မှာ ဖြစ်ခဲ့တာပါ။
ဒါကြောင့် အရင်တခါ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဂီနီနိုင်ငံ၊ ဆီယာလီယွန်းနိုင်ငံ နယ်စပ်တွေနဲ့ ဝေးကွာပါတယ်။
အနောက်အာဖရိကဒေသက နိုင်ငံတွေမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကစပြီး အီဘိုလာရောဂါ အပြင်းအထန် ဖြစ်ပွားခဲ့ရာ သေဆုံးသူ အယောက် ၁ သောင်း ၁ ထောင်ကျော်ခဲ့ပြီး အများစုက လိုင်ဘေးရီးယား၊ ဂီနီနဲ့ ဆီယာလီယွန်းနိုင်ငံက ဖြစ်ကြပါတယ်။
ဒီနိုင်ငံတွေမှာ လတ်တလော ရောဂါကူးစက်မှုက အရင်တနှစ်ကလောက် မများတော့ပေမယ့် အခု မိုးရာသီကျလာတဲ့ အချိန်မှာ ကူးစက်သူဦးရေ ပြန်မြင့်လာတယ်လို့ ဆိုပါတယ်။
ရက်သတ္တပတ် ၆ ပတ်ကျော်ကြာ အီဘိုလာရောဂါ ကင်းစင်လာခဲ့တာကနေ အခုလို အီဘိုလာရောဂါနဲ့ လူသေဆုံးခဲ့တဲ့သတင်းဟာ လိုင်ဘေးရီးယား ပြည်သူတွေအတွက် အတော်ကို စိတ်မသက်မသာ ဖြစ်ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒါပေမယ့် လိုင်ဘေးရီးယား ဒု-ကျန်းမာရေးဝန်ကြီးက ရောဂါကူးစက်မှုတွေ ပြန်တွေ့လာရပေမယ့် လုပ်စရာရှိတာ လုပ်ပြီး အစိုးရိမ်မကြီးကြဖို့ လိုင်ဘေးရီးယား ပြည်သူတွေကို တိုက်တွန်းပြောဆိုပါတယ်။
သေဆုံးသွားတဲ့လူငယ်ဟာ ခရီးသွားတာကနေ ရောဂါကူးစက်လာတာလား၊ သူနဲ့ ဘယ်သူတွေ တွေ့ထိခဲ့သေးလဲ ဆိုတာကိုလည်း စုံစမ်းနေတယ်လို့ ဒု-၀န်ကြီးက ပြောပါတယ်။