အမေရိကန်သမ္မတကို ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အပ်နှင်း

အမေရိကန်ပြည်ထောင်စုက တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးတဲ့အခါ သမ္မတရဲ့ ဆုံးဖြတ်ခွင့်အာဏာ တိုးမြှင့်ပေးတဲ့ သဘောတူညီချက် အပါအ၀င် ကုန်သွယ်ရေးဆိုင်ရာ ဥပဒေတွေကို သမ္မတ အိုဘားမားက ဇွန်လ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးပါတယ်။
အိမ်ဖြူတော် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ သမ္မတ အိုဘားမားက "ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ဒီလုပ်ပိုင်ခွင့်ဟာ တကယ့်ကုန်သွယ်မှု သဘောတူညီချက်တွေ မဟုတ်ဘဲ အထောက်အပံ့သာ ဖြစ်ပါတယ်။ လက်ပေါက်ကပ်တဲ့ စေ့စပ်ညှိနှိုင်းနေဆဲ ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ကြရဦးမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
အမေရိကန်ကွန်ဂရက်မှာ ဒီဥပဒေမူကြမ်းကို ရက်အတန်ကြာ အချေအတင် ဆွေးနွေးခဲ့ကြပြီး ပြီးခဲ့တဲ့သီတင်းပတ်ကမှ သမ္မတကို ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အပ်နှင်းဖို့ သဘောတူညီခဲ့ပါတယ်။
ဒီလုပ်ပိုင်ခွင့်အရ သမ္မတဟာ Trans-Pacific Partnership (TPP) negotiations အဖွဲ့ဝင် ၁၂ နိုင်ငံနဲ့ ဆောင်ရွက်တဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တွေ ကွန်ဂရက်ကို တင်ပြရမှာဖြစ်ပြီး ကွန်ဂရက်က ပြင်ဆင်ပိုင်ခွင့်မရှိပါဘူး။
အဲဒီ TPP အဖွဲ့ဝင် ၁၂ နိုင်ငံဟာ အာရှ-ပစိဖိတ်နိုင်ငံတွေ ဖြစ်ကြပြီး သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတွေ ဖြစ်ကြပါတယ်။
TPP အဖွဲ့ဝင် တခြားနိုင်ငံတွေကလည်း အမေရိကန်ကွန်ဂရက်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပြီး ကုန်သွယ်ရေး သဘောတူညီချက်ကို အပြီးသတ် ဆွေးနွေးညှိနှိုင်းလိုတဲ့ အရိပ်အယောင်တွေ ပြသခဲ့ကြပါတယ်။
TPP နိုင်ငံ ၁၂ နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းကို လည်ပတ်နေကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
TPP ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းမှု အကောင်အထည်ပေါ်ရေးဟာ အမေရိကန်သမ္မတ အိုဘားမားအစိုးရ အဖွဲ့ရဲ့ ဦးစားပေးပန်းတိုင်တွေထဲက တခုဖြစ်ပါတယ်။
ကုန်သွယ်ရေးကျွမ်းကျင်သူတွေ အဆိုအရ အိုဘားမားအစိုးရဟာ TPP နိုင်ငံများ ဆွေးနွေးပွဲ ကာလပိုင်းအတွင်း ကျင်းပလိုပြီး ရရှိတဲ့ သဘောတူညီချက်တွေကို ဒီနှစ်ကုန်ပိုင်းမှာ ကွန်ဂရက်ထံ တင်ပြပြီး သဘောညီချက်ရရှိအောင် ဆောင်ရွက်လိုနေတယ်လို့ ဆိုပါတယ်။ ဒါမှသာ ၂၀၀၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကမ်ပိန်းမတိုင်ခင် အပြီးသတ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
TPP အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်အရ TPP ဟာ အဖွဲ့ဝင်နိုင်ငံတွေ အကြားမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့၊ ဆန်းသစ်တီထွင်မှု၊ စီးပွားရေးတိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်ဖို့၊ အလုပ်အကိုင် ဖန်တီးမှုနဲ့ ထိန်းသိမ်းနိုင်မှုကို ထောက်ပံ့ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။