A d v e r t i s e m e n t With Us

နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ ဆော်သြ

ဓာတ်ပုံ - အေအက်ဖ်ပီ
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ တူနီးရှား ပြည်ထဲရေးဝန်ကြီးတွေဟာ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့ ဆော်သြလိုက်ကြပါတယ်။ တူနီးရှားနိုင်ငံ စူဆာမြို့ မာဟာဘာနန်းတော် ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလို ပြောလိုက်တာပါ။ ပြည်ထဲရေးဝန်ကြီးတွေက “တူနီးရှားကမ်းခြေကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိတ်လန့် တုန်လှုပ်ရတယ်။ ဒီလုပ်ရပ်ဟာ ခရီးသည်တွေအတွက် ကြိုတင်ခန့်မှန်းလို့ မရတဲ့အပြင် ကြိုတင်စိတ်ကူးထားလို့ မရတဲ့ အရာလည်း ဖြစ်တယ်။ အနာဂတ်မှာ ခုလို မတော်တဆ ထပ်မဖြစ်ရအောင် တားဆီးဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို တူနီးရှားအစိုးရနဲ့အတူ လက်တွဲလုပ်ဖို့ လိုတယ်။” လို့ ပြောပါတယ်။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ထရေဆာမေကတော့ “ကျမတို့ ဒီမနက်မှာပဲ ပြည်ထဲရေးဝန်ကြီးတွေနဲ့ အစည်းအဝေး လုပ်ခဲ့တယ်။ သေဆုံးပျက်စီးစေတဲ့ အတွေးအခေါ်တွေကို တိုက်ဖျက်ရေး ကျမတို့အားလုံး တိုက်ပွဲဝင်ရမယ်။ သူတို့ကို နှိမ်နင်းဖို့ လုပ်ကိုင်ရာမှာ ကျမတို့ ညီညွတ်ရလိမ့်မယ်။ ကျမတို့ရဲ့ တန်ဖိုးတွေကို ကာကွယ်ဖို့ အလုပ်လုပ်ရာမှာ ညီညွတ်ရမယ်။” လို့ ပြောပါတယ်။ ညီလာခံအတွင်း တူနီးရှား ပြည်ထဲရေးဝန်ကြီးက ကမ်းရိုးတန်းက အပန်းဖြေစခန်းတွေမှာ ရဲအယောက် ၁၀၀၀  တပ်ချထားပြီး ဗလီအလုံး ၈၀ ကို ပိတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တူနီးရှားအစိုးရဟာ အကြမ်းဖက်သမားတွေကို ထောက်ခံမှုကနေ တားဆီးဖို့ ပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ရန်ပုံငွေ ပေးနေမှုတွေကို စုံစမ်းစစ်ဆေးမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က သေနတ်သမားတစုဟာ မာဟာဘာနန်းတော် ဟိုတယ်ကို တိုက်ခိုက်ခဲ့လို့ လူ ၃၈ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲက အယောက် ၃၀ ဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up