A d v e r t i s e m e n t With Us

ဂါဇာကို ၀င်ဖို့ ကြိုးစားသည့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ စက်လှေကို အစ္စရေး တားဆီး

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးက ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားမှု ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဂါဇာကို ၀င်ရောက်ဖို့ ကြိုးစားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ စက်လှေကို အစ္စရေးရေတပ်က ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က တားဆီးလိုက်ပါတယ်။ ဂါဇာကို အစ္စရေးက ၂၀၀၇ ခုနှစ်ကတည်းက ပိတ်ဆို့ထားတဲ့အတွက် အစစအရာရာ ဒုက္ခရောက်နေတဲ့ ဂါဇာဒေသခံတွေရဲ့ အရေးကို နိုင်ငံတကာက အလေးထား အာရုံစိုက်လာအောင် လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ကြိုးစားမှုတခု ဖြစ်ပါတယ်။ အစ္စရေးရေတပ်က ဂါဇာနဲ့ ရေမိုင် ၁၀၀ အကွာမှာ အင်အားသုံးခြင်းမရှိဘဲ စက်လှေကို တားဆီးပြီး အစ္စရေးဆိပ်ကမ်းမြို့ အက်ရှ်ဒေါ့ဒ် (Ashdod) ကို ခုတ်မောင်းစေခဲ့တာပါ။ စက်လှေနဲ့အတူ ပါလက်စတိုင်းထောက်ခံသူ၊ အစ္စရေး-အာရပ် လွှတ်တော်အမတ်တဦး၊ တူနီးရှားသမ္မတဟောင်း၊ အီးယူအမတ်တဦး၊ စုစုပေါင်း နိုင်ငံပေါင်း ၁၇ နိုင်ငံက အခွင့်အရေး လှုပ်ရှားသူ ၅၀ လောက် ပါဝင်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒီစက်လှေကို တားဆီးခဲ့တဲ့ အစ္စရေးရေတပ်ကို ချီးကျူးခဲ့ပါတယ်။ “ဒီစက်လှေဟာ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် အကြမ်းဖက်တွေကို ကူညီဖို့သက်သက် ဖြစ်တယ်။ ဒီလူတွေဟာ လူ့အခွင့်အရေး အရေခြုံပြီး ဒေသတွင်း ပြဿနာတွေကို မသိကျိုးကျွံပြုသူတွေပါ။” လို့ စွပ်စွဲပါတယ်။ အရင်က ဂါဇာထဲကို ဟားမတ်စ်က နည်းပေါင်းစုံနဲ့ လက်နက်တွေ ခိုးသွင်းခဲ့ဖူးတာကြောင့် ဂါဇာပိတ်ဆို့မှုကို ချိုးဖောက်ရင် အစ္စရေးက ပြတ်ပြတ်သားသား ကိုင်တွယ်ပါတယ်။ အခု စက်လှေနဲ့တော့ လူသားချင်းအကူအညီတွေ၊ ဆေးပစ္စည်းတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ သယ်ဆောင်လာတာလို့ ဆန္ဒပြသူတွေကတော့ ပြောဆိုပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း အခုလိုပဲ ဂါဇာကိုဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ သင်္ဘောတစီးကို အစ္စရေးကွန်မန်ဒိုတွေက အင်အားသုံး စီးနင်းခဲ့လို့ သင်္ဘောပေါ်က တူရကီ လူအခွင့်အရေးလှုပ်ရှားသူ ၁၀ ယောက် သေဆုံးခဲ့တာပါ။ ဒီကိစ္စအတွက် အစ္စရေးနိုင်ငံက တူရကီနိုင်ငံကို ၂၀၁၃ ခုနှစ်မှာ တောင်းပန်ခဲ့ပေမယ့် အရင်က မဟာမိတ်နိုင်ငံတွေဖြစ်ကြတဲ့ အစ္စရေး-တူရကီ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းလည်း အခုလို ဂါဇာကို သင်္ဘောတွေနဲ့ ဆန္ဒပြ၀င်ရောက်ဖို့ အကြိမ်ကြိမ် ကြိုးစားမှုတွေ ရှိခဲ့ပေမယ့် ၂၀၁၀ ကလို သွေးထွက်သံယိုမှုတွေ မရှိခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up