ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သဘောထား သမ္မတထံ အန်အန်အီးအာရ် ပေးပို့
DVB
·
June 30, 2015
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ဆီကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံလုံးကွန်ရက်(အန်အန်အီးအာရ်) သဘောထား မှတ်ချက်စာ ဇွန်လ ၂၉ ရက်နေ့မှာ ပေးပို့လိုက်ပါတယ်။
သမ္မတက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ဇွန်လ ၂၈ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။ ပြင်ဆင်တဲ့ ဥပဒေမှာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတုန်းက သဘောတူညီချက်တွေနဲ့ အများစုကွဲလွဲနေတဲ့အတွက် ပြန်လည်ပြင်ဆင်ပေးဖို့ အန်အန်အီးအာရ်က တောင်းဆိုထားပါတယ်။
၎ ပွင့်ဆိုင်မှာ သဘောတူထားတဲ့ ဆရာသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေကို ပညာရေးမူဝါဒနဲ့ ဆက်စပ်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ရေးဆွဲရာနဲ့ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှာ ပါဝင်ခြင်းကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေမှာ ငြင်းပယ်ထားပါတယ်။
အမျိုးသားပညာရေးကော်မရှင်ကို ဖျက်သိမ်းဖို့ သဘောတူခဲ့ပေမယ့် အခုဥပဒေမှာ အမျိုးသား ပညာရေးမူဝါဒကော်မရှင်အဖြစ် ပါဝင်လာတာ၊ အခမဲ့ အလယ်တန်းပညာရေးကို မူလတန်းအထိသာ အကောင်အထည်ဖော်မယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပညာရေး အသုံးစရိတ်ကို အစိုးရ အသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိရေးကိုသာ ဖော်ပြထားပြီး အချိန်ကာလကို သတ်မှတ်ထားခြင်း မရှိဘူးလို့ အန်အန်အီးအာရ်ရဲ့ သမ္မတဆီကို ပေးပို့တဲ့ သဘောထားထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။