A d v e r t i s e m e n t With Us

ဆန့်ကျင်ကန့်ကွက်မှုများ ရှိသော်လည်း ဘရွန်ဒီတွင် ပါလီမန်ရွေးကောက်ပွဲ ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
ဗဟိုအာဖရိကနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဘရွန်ဒီနိုင်ငံမှာ ဒေသတွင်းနိုင်ငံတွေနဲ့ အတိုက်အခံတွေက ဆန့်ကျင် ကန့်ကွက်နေတဲ့ကြားက ပါလီမန်ရွေးကောက်ပွဲတွေကို ဇွန် ၂၉ ရက်နေ့က စတင် ကျင်းပနေပါတယ်။ ဘရွန်ဒီပြည်သူတွေဟာ လက်ရှိ သမ္မတ  နျူခွန်ရွန်ဇီဇာ သမ္မတသက်တမ်း တတိယအကြိမ် ဆက်ယူတာကို တရားမ၀င်ဘူးဆိုပြီး လနဲ့ချီ ဆန္ဒပြ ကန့်ကွက်နေကြပါတယ်။ ရဲနဲ့ပဋိပက္ခတွေအတွင်း လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့လက အာဏာသိမ်းမှုလည်း မအောင်မြင်ခဲ့ပါဘူး။ မြို့တော်မှာ ညတိုင်း သေနတ်ပစ်ခတ်မှုတွေ ရှိနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတာပါ။ ဇွန် ၂၉ ရက်နေ့မှာ မြို့တော်က မဲရုံတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေ ရှိတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါကြောင့် မြို့ခံအများစုဟာလည်း အခုလို လုံခြုံရေးအာမခံမှု မရှိတာကြောင့် မဲရုံသွားပြီး မဲပေးရမှာကို စိုးရွံ့နေကြသလို ရွေးကောက်ပွဲမဲရလဒ်ကို သိရှိပြီးဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ သမ္မတရွေးကောက်ပွဲကို အရင်က ဇွန်လထဲမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဒေသတွင်း နိုင်ငံတွေက နောက်ဆုတ်ပေးဖို့ တောင်းဆိုတာကြောင့် ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အခြေအနေမရှိလို့ လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့လည်း စေလွှတ်မှာ မဟုတ်ဘူးလို့ အာဖရိကသမဂ္ဂအဖွဲ့က ပြောဆိုထားပါတယ်။ အာဖရိကသမဂ္ဂနဲ့ ကုလသမဂ္ဂက ဒီသမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနေပေမယ့် ဘရွန်ဒီနိုင်ငံမှာ မဲပေးဖို့အတွက်တော့ နိုင်ငံရေးတည်ငြိမ်တယ်၊ နောက်ဆုတ်ပေးခါမှ နိုင်ငံရေး မတည်မငြိမ် ဖြစ်လာပြီး နိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ ဘရွန်ဒီအစိုးရက ပြောဆိုပါတယ်။ ဒီရွေးကောက်ပွဲမှာ ဘရွန်ဒီပြည်သူ ၃ ဒသမ ၈ သန်းက မဲပေးခွင့်ရရှိကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up