ဂူစ် ဟစ်ဒစ် နယ်သာလန်နည်းပြအဖြစ်မှ နုတ်ထွက်

ဓာတ်ပုံ - ရိုက်တာ
1.6K
နည်းပြ ဂူစ် ဟစ်ဒစ်ဟာ နယ်သာလန်လက်ရွေးစင် နည်းပြအဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်။
အသက် ၆၈ နှစ်အရွယ် ဟစ်ဒစ်ဟာ နယ်သာလန်အသင်းမှာ နည်းပြအဖြစ် ၁၀ လကြာ လုပ်ကိုင်အပြီး စာချုပ်သက်တမ်း မကုန်ခင် နုတ်ထွက်သွားတာပါ။
သူကိုင်တွယ်တဲ့ ကာလအတွင်း နယ်သာလန်အသင်း ကစားတဲ့ ၁၀ ပွဲမှာ ၅ ပွဲရှုံးပြီး ၄ ပွဲပဲ အနိုင်ရထားပါတယ်။
အခုလို နုတ်ထွက်တဲ့လမ်းကို ရွေးလိုက်ရတဲ့အတွက် ၀မ်းနည်းကြောင်း ဟစ်ဒစ်က ပြောဆိုထားပါတယ်။ နယ်သာလန်အသင်းကို လက်ထောက်နည်းပြက လောလောဆယ် ကိုင်တွယ်သွားမှာပါ။
နယ်သာလန်အသင်းဟာ ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ခြေစစ်ပွဲ ယှဉ်ပြိုင်နေပြီး အုပ်စုတွင်းမှာ ရလဒ်တွေ မကောင်းဘဲ တတိယနေရာမှာ ရပ်တည်နေပါတယ်။
အုပ်စု (အေ) မှာပါတဲ့ နယ်သာလန်ဟာ အုပ်စုဗိုလ်ဖြစ်တဲ့ အိုက်စလန်အသင်းရဲ့ နောက် ၅ မှတ်ကွာပြီး ဒုတိယဖြစ်တဲ့ ချက်အသင်းရဲ့ နောက် ၃ မှတ်အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။
အုပ်စုတွင်းမှာ အမှတ်အများဆုံးရတဲ့ ၂ သင်းက တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ပြီး လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ၀င်ရောက်ခွင့် ရရှိမှာပါ။
နယ်သာလန်အသင်းကနေ နုတ်ထွက်သွားတဲ့ နည်းပြ ဟစ်ဒစ်ဟာ နည်းပြသက် ၂၈ နှစ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီး၊ ပီအက်စ်ဗွီ၊ ရုရှား၊ သြစတြေးလျ၊ တူရကီနဲ့ တောင်ကိုရီးယား စတဲ့အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။