ချယ်လ်ဆီးဂိုးသမား ပီတာချက်ကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ်အသင်းက ချက်လက်ရွေးစင် ဂိုးသမား ပီတာချက်ကို ပေါင် ၁၀ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပီတာချက်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၀ သန်းပေးပြီး ၄ နှစ်စာချုပ်နဲ့ ပြိုင်ဘက် ချယ်လ်ဆီးကနေ ခေါ်ယူလိုက်တာပါ။
ချက်လက်ရွေးစင် ဂိုးသမားဟာ စတန်းဖို့ဘရစ်အခြေစိုက် ကလပ်မှာ ၁၁ နှစ်တာ ကစားသမားဘ၀ကို အဆုံးသတ်ပြီး အာဆင်နယ်ကို ပြောင်းရွှေ့သွားတာပါ။
အသက် ၃၃ နှစ်အရွယ် ပီတာချက်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ၇ ပွဲပဲ ပွဲထွက်ကစားခွင့် ရခဲ့ပြီး ဘယ်ဂျီယံဂိုးသမား ကော်တွိုင်စ်က ပွဲတိုင်းနီးပါး ကစားခွင့် ရခဲ့ပါတယ်။
စတန်းဖို့ဘရစ်ခ်ျအခြေစိုက် ချယ်လ်ဆီးအသင်းမှာ ကစားသမားဘ၀ကို အနားယူဖို့ စဉ်းစားထားခဲ့ပေမယ့် ဘ၀က ထင်သလို ဖြစ်မလာခဲ့ဘူးလို့ ပီတာချက်က ချယ်လ်ဆီးပရိသတ်တွေကို ပေးတဲ့စာမှာ ရေးသားထားပါတယ်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ပီတာချက်လို ကစားသမားမျိုးကို ကြိုက်နှစ်သက်ပြီး အသင်းနဲ့အတူ လာရောက်ပူးပေါင်းတဲ့အတွက် ကျေနပ်ကြောင်း ပြောထားပါတယ်။
ပီတာချက်ဟာ ပြင်သစ်ကလပ် ရီနန့်စ်ကနေ ၂၀၀၄ ခုနှစ်မှာ အင်္ဂလိပ်ထိပ်သီး ချယ်လ်ဆီးကို ရောက်ရှိပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဆုဖလား ၄ ခု အပါအ၀င် ဆုဖလားပေါင်း ၁၃ ခု ရယူပေးထားပါတယ်။
သူဟာ အာဆင်နယ်မှာ ပုံမှန် ကစားခွင့်ရဖို့အတွက် လက်ရှိဂိုးသမား စတန့်ဇ်နက်ဇ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။