ကန်ဒေါ်လာဘီလီယံ ၁၀၀ မတည်မည့် AIIB ဘဏ်ထူထောင်ရန် လက်မှတ်ထိုး

Photo by Reuters
988
တရုတ်နိုင်ငံက ကမကထပြုပြီး မတည်ငွေကြီးမားလှတဲ့ အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ထူထောင်ရာမှာ ပါဝင်ဖို့ အလားအလာရှိတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံက ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ဒီကနေ့ ဇွန် ၂၉ ရက်နေ့က လက်မှတ်ထိုးကြတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ဒီလက်မှတ်ရေးထိုးမှုကနေ (AIIB) ဘက်ပေါင်းစုံအင်စတီကျူးရှင်းအတွက် ဥပဒေရေးရာမူဘောင် ချမှတ်မှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထည့်ဝင်မတည်မယ့် AIIB ဟာ အာရှဒေသမှာ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အဦဖြစ်လာဖို့ ရည်ရွယ်ပါတယ်။
သက်ဆိုင်ရာ စီးပွားရေးပမာဏပေါ်မှာ အခြေပြုပြီး ကိုတာစနစ်နဲ့ ရှယ်ယာစုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း အထက်ကို အာရှနိုင်ငံတွေက ထည့်ဝင်နိုင်ကြမှာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်က ၂၆ ဒသမ ၀၆ ရာခိုင်နှုန်း၊ အိန္ဒိယက ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ရုရှားက ၅ ဒသမ ၉၂ ရာခိုင်နှုန်း အသီးသီးထည့်ဝင်တဲ့ အကြီးဆုံးရှယ်ယာပိုင်ရှင်တွေ ဖြစ်ကြပါတယ်။
တရုတ်ဒု-ဘဏ္ဍာရေးဝန်ကြီး ရှီယိုဘင်က တရုတ်နိုင်ငံအနေနဲ့ ဒီဘဏ်မှာ ဗီတိုဆုံးဖြတ်ပိုင်ခွင့် အာဏာကို ရှာဖွေမှာ မဟုတ်ဘူးလို့ ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။
ဘေဂျင်းမြို့မှာ ဌာနချုပ်ထားရှိမယ့် AIIB ဘဏ်ဟာ ဒီနှစ်ကုန်ပိုင်းမှာ ကြိုတင် စည်းကမ်း သတ်မှတ်ချက် ၂ ရပ်နဲ့ လုပ်ငန်းစတင်မှာဖြစ်ပါတယ်။ တခုကတော့ အနည်းဆုံးပါဝင် လက်မှတ်ထိုးတဲ့ အလားအလာရှိတဲ့ နိုင်ငံ ၁၀ ခု ရှိခြင်းနဲ့ ကနဦးထည့်ဝင်ငွေဟာ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏထက် တ၀က်ကျော်အောင် မနည်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ဘဏ်ဟာ ငွေကြေး ၂၂၃ ဒသမ ၂ ဘီလီယံ ရှိပြီး ဂျပန်က ဦးဆောင်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ ၁၉၅ ဘီလီယံနဲ့ လည်ပတ်နေပါတယ်။