ဘဏ်များကို တပတ်ကြာပိတ်ထားမည်ဟု ဂရိအစိုးရကြေညာ

ဓာတ်ပုံ - ရိုက်တာ
ဥရောပဗဟိုဘဏ်က ဂရိနိုင်ငံအတွက် နောက်ထပ် အရေးပေါ်ထောက်ပံ့ငွေ မထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဂရိဘဏ်တွေကို ၁ ပတ်ကြာ ပိတ်ထားမယ်လို့ ဂရိအစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က ကြေညာပါတယ်။ ဂရိငွေကြေးစနစ်တခုလုံးကို ကာကွယ်ဖို့အတွက် အခုလို အရေးပေါ်လုပ်ဆောင်ရတာလို့ ဂရိဝန်ကြီးချုပ်က ထုတ်ပြန်ပြောဆိုပါတယ်။ ဒါကြောင့် ဂရိပြည်သူတွေ ဘဏ်တွေရှေ့မှာ ငွေထုတ်ဖို့ တန်းစီနေပြီး ၁ ရက်ကို ယူရိုငွေ ၆၀ ပဲ ထုတ်ခွင့်ပြုထားပါတယ်။ ပြီးခဲ့တဲ့တပတ်က ဂရိနိုင်ငံကို ငွေကြေးထောက်ပံ့ငွေ ထပ်ထုတ်ပေးဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့တာပါ။ ဒါကြောင့် ဥရောပအကြွေးရှင် နိုင်ငံတွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေက ကမ်းလှမ်းထားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဂရိနိုင်ငံက လိုက်နာသင့်၊ မသင့် ဇူလိုင် ၅ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ရှိနေပါတယ်။ လာမယ့် ဇွန် ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ကို ပြန်ပေးရမယ့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံဟာလည်း ဥရောပအကြွေးရှင် နိုင်ငံတွေက ငွေထပ်မပေးတော့လို့ ဂရိနိုင်ငံက ပြန်ဆပ်နိုင်ဖို့ အခြေအနေ မရှိပါဘူး။ အဲဒီအကြွေး မဆပ်နိုင်ခဲ့ရင် ယူရိုဇုန် ၁၉ နိုင်ငံပါဝင်တဲ့ အီးယူအဖွဲ့ဝင်အဖြစ်ကနေ ဂရိဟာ ထွက်ခွာသွားဖို့ ရှိနေပါတယ်။ ဇွန် ၂၈ ရက်နေ့က ဂရိဘဏ္ဍာရေးဝန်ကြီးနဲ့ ဘဏ်ဥက္ကဋ္ဌတို့ ဆွေးနွေးပွဲလုပ်နေချိန်မှာ ဂရိနိုင်ငံမှာ ရုံးဖွင့်ထားတဲ့ ဥရောပကော်မရှင်ရုံးရှေ့မှာ အကြွေးရှင်နိုင်ငံတွေကို ဂရိပြည်သူ ၂၀၀ လောက်က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ “အကြွေးရှင်နိုင်ငံတွေရဲ့ ကမ်းလှမ်းချက်တွေကို ဒီလူထုဆန္ဒခံယူပွဲက ငြင်းလိုက်ရင်တော့ ဂရိပြည်သူတွေရဲ့ သဘောထားကို သူတို့လည်း ရှင်းရှင်းလင်းလင်း သိသွားမှာပေါ့။ ပိုအရေးကြီးတာက ဂရိပြည်သူတွေကြား ဒီကိစ္စမှာ စည်းလုံးမှုကို ရရှိမယ်။ ၅ နှစ်ကြာ ဂရိနိုင်ငံအပေါ် အနိုင်ကျင့်စိုးမိုးခဲ့တဲ့ အကြွေးရှင်တွေရဲ့ မူဝါဒတွေကို ဂရိပြည်သူတွေက လက်မခံတော့ဘူးဆိုတာ ပြရမှာပါ။” လို့ ဆန္ဒပြသူ တဦးဖြစ်တဲ့ ဂျော့ခ်ျ ပက်ဗ်လိုပူးလို့စ် (George Pavlopoulos) က ပြောပါတယ်။ ၀န်ကြီးချုပ် ဇီးပရပ်စ် (Tsipras) ကတော့ လက်ရှိ ဂရိပြည်သူတွေရဲ့ စုငွေတွေအားလုံး လုံခြုံစိတ်ချရတယ်လို့ ပြောပါတယ်။ ဂရိနိုင်ငံ အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ်က ထွက်ခွာသွားမှာကို အီးယူအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်နဲ့ ဂရိနိုင်ငံ ကိုယ်တိုင်ကလည်း မလိုလားတဲ့အတွက် အခုတပတ် ဂရိအကြွေးကိစ္စကို ဘယ်လိုဆုံးဖြတ်ကြမယ်ဆိုတာ အလေးထား စောင့်ကြည့်ရမယ်လို့ ဒီအရေးကို အနီးကပ်လေ့လာသူတွေက ပြောကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up