Home
မေးမြန်းခန်း
အစိုးရဘက်က ထိုးစစ်ဆင် နိုင်သည့်အတွက် ပြန်တိုက်ရန် ပြင်နေဟု မွန်ပြည်သစ်ပါတီပြော
DVB
·
April 21, 2011
အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေကို အရပ်သား သမ္မတ အစိုးရက တိုက်ခိုက်လာနိုင်တဲ့အတွက် မွန်တော်လှန်ရေးအဖွဲ့ တွေဘက်က ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို မေးမြန်းထားပါတယ်။ “အခုမြောက်ပိုင်းမှာတိုက်သလို ကျနော်တို့ကိုလည်း တချိန်ချိန်မှာ တိုက်လာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီအတွက်ကိုလည်း ကျနော်တို့ကလည်း ခုခံနိုင်ဖို့ ဒီကနေ့ဆိုရင်တော့ ကျနော်တို့ ညီညွတ်တဲ့ တိုင်းရင်းသားများ ကောင်စီဆိုပြီးတော့ တပ်ပေါင်းစုအသစ်ကိုလည်း ဖွဲ့စည်းထားတယ်။ အဲဒီတပ်ပေါင်းစုနဲ့ ကျနော်တို့ အားလုံး စုပေါင်းပြီးတော့မှ ခုခံသွားနိုင်ဖို့ ပြင်ဆင်ထားပါတယ်။” မွန်ပြည်သစ်ပါတီနဲ့ န၀တ၊ နအဖ စစ်အစိုးရတို့ ဟာ ၁၉၉၅ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲခဲ့တာပါ။ အပစ်အခတ်ရပ်စမှာ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့ကို စစ်အုပ်စုဘက်က ကတိပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အပြီးသတ် လက်နက်ချရေးကိုပဲ အမိန့်ပေးလာတာမို့ မွန်ပြည်သစ်ပါတီနဲ့ နအဖတပ်တွေ တင်းမာလာနေခဲ့ရာက အခုအခါ နှစ်ဖက် စစ်ရေးပြင်ဆင်တဲ့အထိ အခြေအနေ ဖြစ်လာတာပါ။ အစိုးရသစ်လက်ထက်မှာ ဦးသိန်းစိန် တပ်တွေကနေ မွန်ပြည်သစ်ပါတီတပ်တွေကို တိုက်ခိုက်လာမယ်လို့ ပြောနိုင်တာ ဘာကြောင့်လဲခင်ဗျ။ “ကျနော်တို့ အပစ်ရပ်ထားတဲ့အဖွဲ့တွေနဲ့ စစ်အစိုးရနဲ့က အပစ်အခတ် ပျက်ပြယ်သွားပြီ။ သူတို့လိုချင်တဲ့ နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်တို့ဆိုတာလည်း ကျနော်တို့ လက်မခံနိုင်ဘူး။ နောက်ဆုံး သူတို့က လက်နက်ချဖို့ဆိုတာကို ပြောလာတယ်။ ဒါကိုလည်း ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့ တောင်းဆိုတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ သုံးပွင့်ဆိုင်နည်းနဲ့ ဖြေရှင်းဖို့ရယ်၊ နောက် ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတဲ့ဟာကိုလည်း လက်မခံနိုင်ဘူး။ အဲတော့ ကျနော်တို့နဲ့ သူတို့နဲ့က ညှိနှိုင်းလို့ ရနိုင်တဲ့အနေအထား မရှိနိုင်ဘူး။ အဲဒီအပေါ်မှာ အခုမြောက်ပိုင်းမှာတိုက်သလို ကျနော်တို့ကိုလည်း တချိန်ချိန်မှာ တိုက်လာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီအတွက်ကိုလည်း ကျနော်တို့ကလည်း ခုခံနိုင်ဖို့ ဒီကနေ့ဆိုရင်တော့ ကျနော်တို့ ညီညွတ်တဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဆိုပြီးတော့ တပ်ပေါင်းစု အသစ်ကိုလည်း ဖွဲ့စည်းထားတယ်။ အဲဒီတပ်ပေါင်းစုနဲ့ ကျနော်တို့ အားလုံး စုပေါင်းပြီးတော့မှ ခုခံသွားနိုင်ဖို့ ပြင်ဆင်ထားပါတယ်။” ဟုတ်ကဲ့ နဖအ၊ န၀တ၊ စစ်အစိုးရတို့နဲ့ မွန်ပြည်သစ်ပါတီပေါ့။ ၁၉၉၅ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားတာ အခုဆိုရင် ၁၆ နှစ်ရှိပြီပေါ့လေ။ တကယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရက မတိုက်ဘဲနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းလာရင်ကော မွန်ပြည်သစ်ပါတီဘက်က ဆွေးနွေးနိုင်မလား။ “တကယ်လို့ အပစ်ရပ်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် အပစ်ရပ်ဖို့ သက်သက်ဆိုတဲ့အပေါ်မှာ ကျနော်တို့က လက်မခံချင်ဘူး။ တကယ်လို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ဆိုတာကို ဦးတည်မယ်ဆိုရင်တော့ ဒါကို ကြိုဆိုမယ်။ လက်ခံမယ်။ ဒါပေမယ့် ကျနော်တို့ အတွေ့အကြုံအရ တဖွဲ့ချင်းစီ ကျနော်တို့ မဆွေးနွေးဘူး။ အခုကျနော်တို့ ညှိနှိုင်းထားတယ် တပ်ပေါင်းစုထဲမှာ။ တပ်ပေါင်းစုအနေနဲ့ပဲ ဆွေးနွေးမယ်။ တိုင်းရင်းသား အင်အားစုတွေဘက်က တစုတစည်းတည်းအနေနဲ့ ဆွေးနွေးမယ်ဆိုရင် ဒါကတစုတစည်းတည်း ဖြစ်တယ်ဆိုတဲ့အပေါ်မှာ ပိုပြီးလွယ်ကူမယ်။ မြန်ဆန်မယ်။ ကျနော်တို့အတွက် အလားအလာပိုကောင်းမယ်လို့ ခံယူတယ်။” အခုပေါ့ အစိုးရအသစ် ဦးသိန်းစိန်အစိုးရသစ်အပေါ်မှာကော ဘယ်လိုအမြင်ရှိပါသလဲခင်ဗျ။ “ကျနော်တို့မြင်တာ အရင်နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဆိုတဲ့ စစ်အစိုးရကနေ စစ်ယူနီဖောင်းကိုချွတ်ပြီးတော့ အရပ်ဝတ်နဲ့ တက်လာတဲ့ အရပ်သားအမည်ခံ စစ်အစိုးရပဲလို့ ကျနော်တို့ ခံယူတယ်။ အခု ဒီအစိုးရ သစ်ထဲမှာ ပြန်ကြည့်ရင် လူဟောင်းတွေပဲပါလာတယ်။ အများစုပေါ့။ အဲဒီအထဲမှာ ပြန်စိစစ်လိုက်ရင် အရပ်သားစစ်စစ်ဆိုလို့ သုံးဦးလောက်ပဲပါမယ်။ နောက်ပြီးတော့ ဒီအစိုးရက အရင် စစ်အစိုးရအလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲ ပြန်ပြီးတော့ အကောင်ထည်ဖော်မှာဖြစ်တယ်။ နောက် သူတို့ ဖွဲ့စည်းထားတဲ့ ဒီနေ့ ပါလီမန်တို့ လွှတ်တော်တို့ ဆိုတာကလည်း ဟန်ပြပါပဲ။ ဘာမှ အာဏာမရှိပါဘူး။ အဲတော့ သူတို့အရင်ပုံစံအတိုင်း နီးနီးလောက်ကိုပဲ သွားမှာဖြစ်တယ်။ ဒါကြောင့် ဒီစစ်အစိုးရ အနေနဲ့ဆိုရင် ကျနော်တို့ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအထွေထွေ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မယုံကြည်ဘူး။” အခုဆိုရင် မွန်ပြည်နယ် အစိုးရဆိုပြီးတော့ ပေါ်လာပါပြီ။ ဒါကော တိုင်းရင်းသားတွေအတွက်၊ မွန်တိုင်းရင်းသားတွေအတွက် အခွင့်အရေးတခုပဲ မဟုတ်ဘူးလားခင်ဗျ။ “မွန်ပြည်နယ်မှာ မွန်ပြည်နယ်အစိုးရဆိုပြီး ပေါ်လာပြီပေါ့။ ဒါပေမယ့် အဲဒီအထဲမှာ ကြည့်မယ်ဆိုရင် ဒီအစိုးရကလည်း ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုအပေါ်မှာပဲ လှုပ်ရှားနေရတယ်။ နောက်ပြီးတော့ ၂၀၀၈ဖွဲ့စည်းပုံအရလည်း သူတို့ အဲဒီအပေါ်မှာပဲ လှုပ်ရှားခွင့်ရှိတယ်။ နောက်အများစုကလည်း ကြံ့ဖွံ့အဖွဲ့ဝင်တွေကပဲ ဦးဆောင်နေရာရထားတယ်။ အဲဒီအပေါ်မှာ ဘာမှမထူးခြားဘူးလို့ ကျနော်မြင်တယ်။ ဒါကဟန်ပြပါပဲလို့ ကျနော်မြင်တယ်။” နောက်ဆုံးအနေနဲ့ မွန်ပြည်သူတွေ၊ မြန်မာပြည်သူအားလုံးကို မွန်ပြည်သစ်အနေနဲ့ ဘာများပြောစရာ ရှိမလဲခင်ဗျ။ “ကျနော်တို့ ပြည်သူတွေအနေနဲ့ အခုလို ဒီအစိုးရသစ် ဖြစ်ပေါ်လာတဲ့အပေါ်မှာ သိပ်အယုံမလွယ်ပါနဲ့၊ စောင့်ကြည့်ပါ။ နောက်မိမိတို့ လုပ်ဆောင်နိုင်တဲ့အနေအထားပေါ်မှာ တကယ့် စစ်မှန်တဲ့ လူထုအစိုးရ ဖြစ်ပေါ်လာဖို့ရယ်၊ နောက်ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိလာဖို့ရယ်၊ နောက်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျနော်တို့ နိုင်ငံမှာ တကယ့်တိုင်းရင်းသားတွေရဲ့ အခွင့်အရေး မပေါ်ဘူးဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စုအသွင်သဏ္ဌာန် မဆောင်ဘူးဆိုရင် ကျနော်တို့ နိုင်ငံက ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ အဲဒါကို နားလည်လက်ခံပြီးတော့ အဲလိုပုံစံမျိုးဖြစ်အောင် ကျနော်တို့ အားလုံးက ၀ိုင်းလုပ်သွားဖို့လိုမယ်လို့ ပြည်သူတွေကို ကျနော်က အဲလိုပဲ မှာကြားချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024