A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံမှ MERS သံသယလူနာ ဗိုင်းရပ်စ်ကင်းစင်ကြောင်း ကြေညာ

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံရဲ့ ပထမဆုံး အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာ (MERS) သံသယနဲ့ ကုသနေတဲ့ အသက် ၇၅ နှစ်အရွယ် အိုမန်နိုင်ငံသားဟာ ဗိုင်းရပ်စ်ပိုးကင်းစင်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက်နေ့က ကြေညာပါတယ်။ အဆိုပါ အိုမန်နိုင်ငံသားဟာ နှလုံးနဲ့ပတ်သက်လို့ ဆေးဝါးကုသမှုအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လာရောက်ခဲ့တာဖြစ်ပြီး စောင့်ကြည့်ကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ နောက်ဆုံးစမ်းသပ်မှု ရလဒ်အရ ဒီလူနာမှာ MERS ဗိုင်းရပ်စ်ပိုး မတွေ့ဘူးလို့ ကျန်းမာရေး ၀န်ကြီးဌာန အဆင့်မြင့်အရာရှိ Surachet Satitramai ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဗိုင်းရပ်စ်ကင်းစင်ပေမယ့် အဖိုးအိုကို သီးခြားခွဲထားပြီး စောင့်ကြည့်နေတယ်လို့ သူက ပြောပါတယ်။ “သူ့အခြေအနေက ပိုကောင်းလာတယ်။ ဒါပေမယ့် နာလန်ထဖို့အတွက် ကျနော်တို့ သူ့နှလုံးအခြေအနေ အပါအ၀င် သူ့ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ဖို့လိုတယ်။” လို့ သူက ပြောပါတယ်။ အဆိုပါ အဖိုးအိုဟာ တခြားဆွေမျိုးသုံးဦးနဲ့အတူ ထိုင်းကို လာရောက်တာဖြစ်ပြီး ကျန်သူတွေက ဗိုင်းရပ်စ်ကင်းစင်ကြပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ အဖိုးအိုနဲ့ ထိတွေ့တဲ့လူ ၃၆ ဦးကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ပထမဆုံး မားစ်ဖြစ်ပွားမှုကို ဒီလမှာ ကြေညာတာကြောင့် ဒီနှစ်အတွင်း စတုတ္ထမြောက် MERS ရောဂါစာရင်းသွင်းတဲ့ အာရှနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံပြင်ပက MERS ရောဂါဖြစ်ပွားမှုကို ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဒီဗိုင်းရပ်စ်ကြောင့် ၃၂ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ကူးစက်ခံရသူတဦး ထပ်မံတိုးလာတာကြောင့် စုစုပေါင်း ၁၈၁ ဦး ကူးစက်ခံခဲ့ရပြီလို့ ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ဇွန် ၂၆ ရက် သောကြာနေ့က ကြေညာပါတယ်။ ထိုင်းနိုင်ငံဟာ ဆေးဝါးကုသတဲ့ ခရီးသွားတွေ ဆုံရပ်တခု ဖြစ်တာကြောင့် မားစ်ရောဂါ ပြန့်ပွားဖို့ လမ်းများတယ်လို့ အစိုးရနဲ့ ကျန်းမာရေး အရာရှိတွေက လွန်ခဲ့တဲ့သီတင်းပတ်က ပြောခဲ့ပါတယ်။ မားစ်ရောဂါဟာ ၂၀၀၃ ခုနှစ်က ဖြစ်ခဲ့တဲ့ ပြင်းထန်ထူးခြားတဲ့ အသက်ရှူလမ်းကြောင်းရောဂါ (SARS) ဖြစ်ပွားခဲ့တဲ့ ကော်ရိုနာဗိုင်းရပ်စ်ပိုးနဲ့ မျိုးတူတယ်ဆိုတာကို ၂၀၁၂ ခုနှစ်မှာ တွေ့ရှိခဲ့ပြီး ဒီရောဂါကို ကုလို့မရသလို ကာကွယ်ဆေးလည်း မပေါ်ပေါက်သေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up