A d v e r t i s e m e n t With Us

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ကျောင်းသားများတောင်းဆိုသည့်အချက်များ အပြည့်အ၀ မရ

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ကျောင်းသားတွေတောင်းဆိုတဲ့ အချက်တွေနဲ့ ၄ ပွင့်ဆိုင်မှာ သဘောတူတဲ့အချက်တွေ အပြည့်အ၀ မရဘူးလို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဒေါက်တာ သိန်းလွင်က ပြောပါတယ်။ ပညာရေး ဥပဒေတွေ ရေးဆွဲတဲ့အခါမှာ ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ ပါဝင်ခွင့် အပြည့်အ၀ မရသလို ကျောင်းသားသမဂ္ဂဖွဲ့စည်းတဲ့အခါမှာ တက္ကသိုလ် ပဋိညာဉ်နဲ့ ဖွဲ့စည်းခွင့် ရှိတယ်လို့လည်းပဲ ပြင်ဆင်တဲ့ ဥပဒေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီမှာ ကျောင်းသားတွေကိုယ်စား ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ပါဝင်ခွင့်ကို ခွင့်မပြုဘူးလို့ ဒေါက်တာ သိန်းလွင်က ဆိုပါတယ်။ သင်ရိုးညွှန်းတန်း လွတ်လပ်ခွင့်၊ အလွတ်ကျက် ဖြေတဲ့ စာမေးပွဲ စနစ်ကို ပြင်ဆင်ထားခြင်း မရှိပေမယ့် တက္ကသိုလ်ဝင်ခွင့်ကိုတော့ ပြောင်းလဲထားတာ တွေ့ရတယ်လို့ ပြောပါတယ်။ လွှတ်တော်က အတည်ပြုထားပြီး သမ္မတက လက်မှတ်ရေးထိုးတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဇွန်လ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up