Home
ဆောင်းပါး
၂၀၁၇ မှာ အမေရိကန်ကို ဘယ်သူဦးဆောင်မလဲ (ဆောင်းပါး)
DVB
·
June 29, 2015
၅၈ ကြိမ်မြောက် အမေရိကန်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကြီးကတော့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၈ ရက် အင်္ဂါနေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ တနှစ်ခွဲနီးပါး လိုသေးပေမယ့် သမ္မတရွေးကောက်ပွဲအတွက် သမ္မတ ကိုယ်စားလှယ်လောင်းတွေကို အဓိကပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဗလစ်ကန်ပါတီကရော ဒီမိုကရက်ပါတီကပါ ရွေးချယ်ပေးဖို့ ပြင်ဆင်နေကြရပါပြီ။ လက်ရှိသမ္မတ ဘားရတ်အိုဘားမားကတော့ သမ္မတသက်တမ်း ၂ ခုကို ထမ်းဆောင်ပြီးဖြစ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၂၂ အရ သမ္မတအဖြစ် ဆက်လက်အရွေးခံခွင့် မရှိတော့ပါဘူး။ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ သမ္မတလောင်းတွေလို့ ဆိုရမယ့် သူတွေထဲမှာတော့ ဟီလာရီ ကလင်တန်၊ အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ ရန်းပေါလ်၊ မာကို ရူဘီယိုနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး (နယူးဂျာစီ) ခရစ်စ် ခရစ်တီ တို့ကတော့ သတင်းထိပ်ပိုင်းတွေမှာ နေရာယူထားခဲ့ကြပါတယ်။ ဒါကလည်း သူတို့က အခရာကျတဲ့ အုပ်စုအတော်များများရဲ့ မှန်းထားတဲ့ နာမည်ကြီးတွေဖြစ်နေလို့ပါ။ ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန်ပါတီတွေအတွက် ကြိုတင်ဟောကိန်းထုတ်ကြတာပဲပေါ့လေ။ ဒါပေမယ့် အမေရိကန်သမ္မတဖြစ်ဖို့ကတော့ အဲဒီ အဓိကပါတီကြီး ၂ ခုက မဟုတ်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် ရှိပါတယ်။ တခြားပါတီလေးတွေကရော တသီးပုဂ္ဂလတွေပါ ပါဝင်ယှဉ်ပြိုင် သမ္မတဖြစ်ခွင့် ရှိပါတယ်။ ခု ဒီဆောင်းပါးမှာတော့ သမ္မတလောင်းအဖြစ် အရွေးခံဖို့လုပ်နေတဲ့သူတွေနဲ့ ၀င်ရောက်အရွေးခံဖို့ စဉ်းစားနေသူတွေထဲ ထိပ်ဆုံးလို့ ယူဆရတဲ့ ကိုယ်စားလှယ်လောင်းတွေကို တစေ့တစောင်း တင်ပြပေးမှာပါ။ ပထမဆုံး လက်ရှိအာဏာရ ဒီမိုကရက်ပါတီက ဖြစ်လာနိုင်တဲ့ သမ္မတလောင်းတွေကတော့ လက်ရှိ ဒုတိယသမ္မတ ဂျိုးဘိုင်းဒင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း လင်ကွန်းရှက်ဖီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ သမ္မတ ကတော်ဟောင်း ဟီလာရီ ကလင်တန်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မာတင်အို မော်လေ၊ ဗားမောင့် အထက်လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ်နဲ့ အထက်လွှတ်တော်အမတ်ဟောင်း ဂျင်းမ်ဝက်ဘ် တို့ ဖြစ်ကြပြီး တခြား ဒီမိုကရက်တွေလည်း အများကြီးရှိပါသေးတယ်။ အတိုက်အခံ ရီပတ်ဗလစ်ကန်ပါတီကြီးဘက်က ထိပ်ဆုံးမှာ နေရာယူထားကြသူတွေကတော့ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဘုရှ်၊ နယူးဂျာစီ ပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ် ခရစ်စ် စတီ၊ ဒေါက်တာ ဘင် ကာဆန်၊ တက်ခ်ဆက်ပြည်နယ် အထက်လွှတ်တော်အမတ် တက်ဒ် ခရုဇ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘော့ဘ်အာလိခ်ျ၊ အိုင်အာအက်စ် ကော်မရှင်နာဟောင်း မတ်ခ် အဲဗာဆန်၊ ဗာဂျီးနီးယားက စီပွားရေးလုပ်ငန်းရှင် အမျိုးသမီး ကာလီဖီယိုရီးနား၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောာင်း ဂျင်းမ်ဂျီလ်မော၊ တောင်ကာရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောာင်း မိုက်ခ် ဟတ်ကာဘီ၊ လူစီယာနာပြည်နယ် အုပ်ချုပ်ရေးမှူး ဘောဘ်ဘီဂျင်းဒဲလ်၊ အိုဟိုင်းအိုပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ခါးဆိ၊ နယူးယောက် ကွန်ဂရက်လွှတ်တော်အမတ် ဖိကင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂျော့ ဖာတာခီ၊ ကင်တက်ကီပြည်နယ် အထက်လွှတ်တော်အမတ် ရန်းပေါလ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရစ်ခ်ပါရီ၊ ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မာကိုရူဘီယို၊ အထက်လွှတ်တော်အမတ်ဟောင်း ရစ်ခ်ဆန်တိုရမ်၊ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဒေါ်နယ်လ်ထရမ့်နဲ့ ၀စ်စ်ကွန်းဆင်ပြည်နယ် အုပ်ချုပ်ရေးမှူး စကော့ထ်ဝေါ့ခ်ကာတို့ဖြစ်ကြပြီး တခြား ရီပတ်ဗလစ်ကန်တွေလည်း အများကြီး ရှိနေပါသေးတယ်။ အများအားဖြင့်တော့ အဲဒီ အဓိက ပါတီကြီး ၂ ခုက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ သမ္မတလောင်းတွေပဲ ပြည်သူလူထုမဲနဲ့ ရွေးချယ်ခံပြီး သမ္မတတာဝန် ယူခဲ့ရတာ များပါတယ်။ တခြားပါတီငယ်လေးတွေနဲ့ တသီးပုဂ္ဂလတွေထဲက သမ္မတဖြစ်ခဲ့တဲ့သူဆိုလို့ နှစ်ပေါင်းများစွာအတွင်း မရှိသလောက်ပဲလို့ ပြောရမှာပါပဲ။ အလွန်ချမ်းသာတဲ့ သန်းကြွယ်သူဌေးကြီးတွေလည်း အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပေမယ့် ပြည်သူလူထု ထောက်ခံမဲ အနည်းအပါးပဲရပြီး နောက်ဆုတ်သွားခဲ့ရတာ တွေ့ရပါတယ်။ ပြောရရင် အမေရိကန်ပြည်သူလူထုဟာ ဥစ္စာဓနထက် နိုင်ငံရေးအရ အတွေ့အကြုံရှိသူ၊ နိုင်ငံအတွက် ပြည်သူလူထု အကျိုးစီးပွားအတွက် မူဝါဒကောင်းတွေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိသူတွေကို ရွေးချယ်နိုင်စွမ်းရှိအောင် နိုင်ငံရေး အသိပညာ ရှိနေကြတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ရွေးကောက်ပွဲတွေဟာ လွတ်လပ်တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိနေတဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒသဘောထားက အဓိကနေရာမှာ ရှိပါတယ်။ ခု ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့်၊ ယှဉ်ပြိုင်ဖို့ အလားအလာရှိတဲ့သူတွေထဲက ထိပ်ပိုင်းမှာရှိနေတဲ့ သမ္မတကိုယ်စားလှယ်လောင်းတွေကို ကျနော်အထက်မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ သူတို့တွေ အများစုဟာ အဓိကနိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် ပါတီတွေက အထက်လွှတ်တော် အမတ်ဟောင်းနဲ့ တာဝန်ထမ်းဆောင်ဆဲသူတွေ။ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတွေ၊ လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ၀ါရင့် နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ကြဖူးသူတွေပဲဆိုတာ တွေ့ရပါတယ်။ နိုင်ငံရေးရာနယ်ပယ်က မဟုတ်တဲ့သူ အလွန်ရှားပါတယ်။ ဒါကိုလည်း ပြည်သူလူထုက နားလည်သဘောပေါက်ထားပြီးသား ဖြစ်တဲ့အတွက် သူတို့က အဲဒီ သမ္မတလောင်းတွေ ကိုင်စွဲထားတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကြွေးကြော်သံက ဘာလဲ။ တကယ်ရော ပြောတဲ့အတိုင်းလုပ်နိုင်မယ့် သူလား။ သမိုင်းကြောင်းအရရော ကောင်းခဲ့၊ ကတိစကား တည်ခဲ့တဲ့သူလား။ ပြည်ထောင်စုတခုလုံးအရ နိုင်ငံရေးသဘောတရားအားဖြင့် သိမြင်နားလည်မှု၊ တိကျပြတ်သားမှု ရှိနိုင်သူလား စတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး သူတို့ရဲ့ သမ္မတကို ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ချပေးထားတဲ့ သမ္မတလောင်းကိုပဲ ရွေးပေးကြရတဲ့စနစ် မဟုတ်ပါဘူး။ ပြည်သူလူထုတွေ အမှန်တကယ် လွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခွင့် ရကြသလို အရည်အချင်းအရ မညံ့ကြတဲ့သူတွေပဲ သမ္မတဖြစ်ခဲ့ကြတယ်ဆိုတာ အမေရိကန်သမိုင်းမှာ အထင်အရှား တွေ့ရပါတယ်။ စုန်းပြူးသမ္မတ အနည်းအပါးရှိခဲ့ပေမယ့် အတော်ရှားတယ်လို့ ဆိုရမှာပါပဲ။ ခု ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရှေ့ကပြေးနေကြတဲ့ သူတွေထဲမှာ အထင်ရှားဆုံးကတော့ အမေရိကန် အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သမ္မတကတော်ဟောင်း ဟီလာရီ ရော့ဒမ်း ကလင်တန်ပဲ ဖြစ်ပါတယ်။ သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးဘ၀အရ ပြောရရင်တော့ အတွေ့အကြုံ  အလွန်များခဲ့တဲ့၊ အတော်များများ စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့တဲ့သူလို့ ပြောရမှာပါပဲ။ ပြိုင်ဘက်ဖြစ်တဲ့ သမ္မတ ဘားရတ်အိုဘာမားရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ သဘောထားပြည့်ဝတဲ့ စိတ်ဓာတ်နဲ့ သမ္မတချမှတ်တဲ့ မူဝါဒ၊ ညွှန်ကြားခဲ့တဲ့ ညွှန်ကြားမှုတွေကို တာဝန်ကျေကျေ ထမ်းဆောင်ခဲ့တဲ့ သူ့ရဲ့ တာဝန်အပေါ် သစ္စာစောင့်သိမှုတွေကြောင့် ပြည်သူလူထုရဲ့ ထောက်ခံမဲကို အများကြီး ရရှိနိုင်မယ်လို့ ခန့်မှန်းနိုင်သလို သူသာ သမ္မတဖြစ်လာရင် အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမှာ ဖြစ်တဲ့အတွက် အပြောင်းအလဲကို လိုလားနေကြတဲ့ အမေရိကန်ပြည်သူလူထုကြီး အထူးသဖြင့် အမျိုးသမီး မဲဆန္ဒရှင်တွေ အများစုရဲ့ ထောက်ခံမဲကို ရရှိပြီး သမ္မတ ဖြစ်လာနိုင်ခြေရှိတယ်လို့ပဲ ခန့်မှန်းရမှာပဲ။ ချို့ယွင်းအားနည်းချက် တချို့တော့ လူ့သဘာဝအတိုင်း ရှိနေခဲ့ပေမယ့် ဒါတွေကို သူဖြတ်ကျော် အောင်မြင်နိုင်မယ်လို့ ယူဆရပါတယ်။ အတိုက်အခံ ရီပတ်ဗလစ်ကန် သမ္မတ ကိုယ်စားလှယ်လောင်းတွေထဲမှာ လူသိများ အာရုံစိုက် အခံရဆုံးကတော့ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၉၉ ကနေ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဟောင်း ဂျော့ခ်ျ အိပ်ခ်ျ ဒဗလျူ ဘုရှ်နဲ့ ဘာဘရာဘုရှ် တို့ရဲ့ ဒုတိယသားနဲ့ သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ်ရဲ့ညီ ဖြစ်နေပါတယ်။ အသက်အားဖြင့်လည်း ၆၃ နှစ်ထဲ ရောက်လာပြီဖြစ်လို့ နိုင်ငံရဲ့သမ္မတလို တာဝန်မျိုးကို ထမ်းဆောင်ဖို့ သက်တမ်းအရ ရင့်ကျက်တည်ငြိမ်တဲ့အရွယ်၊ အစွမ်းအပြနိုင်ဆုံး သက်တမ်း ဖြစ်နေတဲ့အတွက် ပြည်သူလူထု ထောက်ခံမှု အတော်များများ ရနိုင်ခြေရှိတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် သူ့ရဲ့ဖခင်နဲ့ အကို သမ္မတတွေရဲ့ နောက်ခံ အကြောင်းတရားတွေရဲ့ သက်ရောက်မှုကိုလည်း သူရှောင်လို့မရနိုင်ပါဘူး။ အကောင်းရော အဆိုးရောပေါ့လေ။ နောက် အလားအလာရှိတဲ့ သမ္မတ ကိုယ်စားလှယ်လောင်း တယောက်ကတော့ ကင်တက်ကီပြည် အထက်လွှတ်တော်အမတ် ရန်းပေါလ်ပါပဲ။ သူက ဆေးပညာပါရဂူ ဘွဲ့ရတယောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကစလို့ အထက်လွှတ်တော်အမတ်တယောက် ဖြစ်လာခဲ့သူပါ။ သူက လွတ်လပ်မှုအတွက် ပွင့်ပွင့်လင်းလင်း အရေးဆိုလာတဲ့သူလို့ ဆိုပါတယ်။ သူက ဟီလာရီကလင်တန်ကို “ဟီလာရီက လွတ်လပ်မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ခိုက်လာတဲ့ အတွက် သူဟာ အမေရိကသမ္မတ မဖြစ်ထိုက်တဲ့သူပဲ။” လို့ ဝေဖန်ပြောဆိုခဲ့သူပါ။ သူ့ရဲ့ မူဝါဒကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ယန္တရားကြီးကို အနိုင်ယူပစ်ပြီး အမေရိကန်တွေရဲ့ ဖန်တီးနိုင်စွမ်းကို အထိန်းအချုပ်မဲ့ လွှတ်ပေးလိုက်ဖို့ပါပဲလို့ မဲဆွယ်စည်းရုံးနေသူ ဖြစ်ပါတယ်။ လူထုထောက်ခံမှုရနိုင်တဲ့ သမ္မတလောင်း ဖြစ်လာနိုင်တယ်လို့ပဲ ပြောရမှာပါပဲ။ နောက်တယောက်ကတော့ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ် ခရစ်စတီပါ။ သူကလည်း နယူးဂျာစီပြည်နယ်အကျိုးကို စူးစူးစိုက်စိုက် အာရုံစိုက် ဆောင်ရွက်ခဲ့သူ ဖြစ်သလို သူ့ကို ချစ်ခင်နှစ်သက်သူတွေလည်း များပါတယ်။ မိသားစုတန်ဖိုးကို အလေးထားတဲ့ သားသမီး ၄ ယောက်ရဲ့ ဖခင်တဦးဖြစ်သလို ဥပဒေဘွဲ့ရ တယောက်လည်း ဖြစ်ပါတယ်။ သူက သူ့မိန့်ခွန်းတခုမှာ အမေရိကန်နိုင်ငံနဲ့ အမေရိကန်ပြည်သူတွေရဲ့ ထူးခြားကောင်းမွန်မှုဆိုတာ ကျနော်တို့ရဲ့ စီးပွားရေး၊ ဒီမိုကရေစီစနစ်၊ ပြည်သူတွေရဲ့ ပေးအပ်မှုတွေ အနေနဲ့သာ မဟုတ်ဘဲ အဲဒီ ထူးခြားကောင်းမွန်မှုဟာ တကယ့်ကို မျှော်လင့်ချက်ပေးနိုင်ပြီး စစ်မှန်စိတ်ချရတဲ့ အရာအဖြစ် တခြားနိုင်ငံတွေက အတုယူနိုင်တဲ့ စံနမူနာ ဖြစ်ရပါမယ်။ အဲဒါကို ပြောနေရုံမဟုတ်ဘဲ လက်တွေ့ပြကြရပါမယ်လို့ ပြောဆိုခဲ့တဲ့အတွက် သူ့ကို ထောက်ခံသူတွေလည်း အများကြီး ရှိနေပါတယ်။ သူ့ကိုလည်း အလားအလာရှိတဲ့ သမ္မတလောင်း ဖြစ်လာနိုင်သူလို့ ယူဆရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ တကယ့် သမ္မတလောင်းတယောက် ဖြစ်လာဖို့ အများကြီးယှဉ်ပြိုင်ကြရဦးမှာ ဖြစ်တဲ့အတွက် ဘယ်သူတွေက လူစွမ်းကောင်းအဖြစ် ထွက်ပေါ်လာလေမလဲလို့ ကျနော်တို့ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။      ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024