လွှတ်တော်အဆောက်အဦမှ ကွန်ဖက်ဒရိတ်အလံ မရုပ်သိမ်းရေး ထောက်ခံသူများ ဆန္ဒပြ

အမေရိကန်ပြည်တွင်းစစ်အတွင်း ခွဲထွက်ရေးအလံဖြစ်ခဲ့တဲ့ ကွန်ဖက်ဒရိတ် (Confederate) အလံကို ပြည်နယ်လွှတ်တော် အဆောက်အဦက ရုပ်သိမ်းဖို့ တောင်းဆိုနေချိန်မှာ ဒီအလံကို ထောက်ခံသူတွေကလည်း မရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကိုလံဘီယာမြို့မှာ ကျင်းပတဲ့ အလံထောက်ခံဆန္ဒပြပွဲကို လူ ၅၀ လောက် တက်ရောက်ခဲ့ကြပြီး ဒီအလံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအမွေအနှစ်ဖြစ်တယ်၊ ဒီအလံကို ဆက်ထားရှိဖို့ လိုလားသူ အများအပြား ပြည်နယ်ထဲမှာ ရှိတယ်လို့  ပြောဆိုကြပါတယ်။ ဒီ ကွန်ဖက်ဒရိတ်အလံဟာ အမေရိကန်နိုင်ငံမှာ ကျွန်စနစ် ဖျက်သိမ်းသင့်၊ မသင့်ကို အခြေခံပြီး ပြည်တွင်းစစ် ဖြစ်ခဲ့တုန်းက ကျွန်စနစ်ကို ဆက်လက်ထားလိုတဲ့ တောင်ပိုင်းပြည်နယ်တွေရဲ့ ခွဲထွက်ရေးအလံ ဖြစ်ခဲ့တာပါ။ ၁၉၆၀ ပြည့်နှစ်အတွင်း အမေရိကန် လူထုအခွင့်အရေး လှုပ်ရှားမှုကာလအတွင်း ဒီအလံကို ပြန်လည်အသုံးပြုလာခဲ့ချိန်ကစလို့ အခုအချိန်ထိ လူမျိုးရေးအငြင်းပွားစရာ အလံအဖြစ် သတ်မှတ်လာလို့ ရုပ်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာတာပါ။ ပြီးခဲ့တဲ့တပတ်က အမေရိကန်လူမည်းဘုရားကျောင်းကို ၀င်ရောက်ပစ်ခတ်ခဲ့တဲ့ လူမျိုးရေး ခွဲခြားသူ အမေရိကန်လူငယ်က ဒီအလံတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထွက်လာပြီးနောက်ပိုင်း ဒီအလံနဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေလည်း ပိုပြီး ပြင်းထန်လာတာပါ။ ဇွန် ၂၇ ရက်နေ့က ပြည်နယ်ရုံးရှေ့မှာ လွှင့်ထားဆဲဖြစ်တဲ့ ကွန်ဖက်ဒရိတ်အလံကို တိုင်ပေါ်တက်ပြီး ဖြုတ်ချခဲ့တဲ့ အမေရိကန် လူမည်းအမျိုးသမီးတဦး အဖမ်းခံခဲ့ရပါတယ်။ သမ္မတ အိုဘားမားကလည်း ဒီအလံဟာ ပြတိုက်မှာ ထားရမယ့်အလံ ဖြစ်တာကို ယုံကြည်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ ဒီအလံကို ပြည်နယ်လွှတ်တော် အဆောက်အဦးကနေ ရုပ်သိမ်းဖို့အဆိုကို အခုတပတ်ထဲမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် လွှတ်တော်မှာ ကြားနာဆုံးဖြတ်ဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up