Search Results For: မင်းပြား

မင်းပြားမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား၊ တစ်နှစ်အောက်ကလေး ၇ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာမှာ မေ ၂၆ ရက်ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားနေတာကြောင့် တနှစ်အောက်ကလေးငယ် ၇ ယောက် သေဆုံးခဲ့ကာ လူ  ၂၀၀ ကျော် ကူးစက်ခံထားရတယ်လို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

“ဝမ်းလျှောကြတယ်၊ အစားအသောက်ကြောင့်ဖြစ်ကြတာလည်း ပါတာပေါ့။ ရေကလည်း မသန့်ရှင်းတာ ပါတာပေါ့။ ၂၇ ရက်က ၂၉ ရက်ထိ တနှစ်အရွယ် ကလေး ၁ ယောက်ရယ်၊ လသားအရွယ် ၅ ယောက်၊ အဲဒီရွာနဲ့ကပ်ရက်ရွာက လသားအရွယ် ၁ ယောက် သေတယ်။ ဆေးရုံတင်ထားရတဲ့သူတွေလည်း ရှိတယ်။”

လတ်တလော ဆရာဝန်ရဲ့ ကွင်းဆင်းစစ်ဆေးချက်အရ လူ ၂၁၀ လောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေပြီး ရေကို ကျိုချက်သောက်သုံးကြဖို့၊ အိမ်သာကို သန့်သန့်ရှင်းရှင်းထားဖို့နဲ့ စားတာ သောက်တာတွေကို ဆင်ခြင်ဖို့  ပညာပေးစကားပြောတယ်လို့  ဦးအောင်သိန်းက ပြောပါတယ်။

ပေါက်တောကျေးရွာမှာ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းလျှောရောဂါဖြစ်နေတာ သိရတဲ့အတွက် မိမိရေသန့်စက်ရုံကထွက်တဲ့ ရေသန့်ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ပရဟိတ လုပ်ကိုင်နေတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။

ပေါက်တောကျေးရွာမှာ နေထိုင်တဲ့ လူဦးရေ ၄,၀၀၀ ကျော်မှာ  ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေသူ ၂၀၀ ကျော်ရှိပြီး ပန်းမြောင်းဆေးရုံမှာ တက်ရောက် ကုသနေသူ  ၅ ဦး ရှိတယ်လို့ သိရပါတယ်။

5 months Ago

မင်းပြားမြို့နယ်တွင် မိုင်းကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေး ၅ ဦး ဒဏ်ရာရ 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မိုင်းပေါက်ကွဲပြီး  အမျိုးသမီး ၁ ယောက် သေဆုံးကာ ကလေးငယ် ၅ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် မြန်မာက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့က မင်းပြားမြို့ အရှေ့မြောက်ပိုင်း စပါးထားကျေးရွာအနီး လယ်ကွက်တစ်ခုမှာ မပေါက်ကွဲသေးတဲ့ မိုင်းသီးတစ်လုံး ပြင်းထန်စွာပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး  ကလေးငယ် ၅ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အတွက် ယူနီဆက်ဖ်မြန်မာက လွန်စွာစိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ (UXO) ကြောင့် ကလေးငယ် သေဆုံးဒဏ်ရာရရှိမှုဟာ စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေတဲ့အပေါ်  ယူနီဆက်ဖ်အနေနဲ့ များစွာစိုးရိမ်ပူပန်မိတယ်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းနဲ့ UXO ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ သုံးပုံတစ်ပုံကျော်လောက်ဟာ ကလေးငယ်တွေဖြစ်ကြပြီး ရခိုင်ပြည်နယ်မှာ ကလေးငယ် သေဆုံးဒဏ်ရာရရှိသူ အများဆုံးဖြစ်ကာ သေဆုံးဒဏ်ရာရရှိသူ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ တိုက်ရိုက်အကျိုးဆက်ကြောင့် ၂၀၂၀ ဇန်နဝါရီနဲ့  စက်တင်ဘာလအကြား ကလေးငယ် ၄၉ ယောက် သေဆုံးခဲ့ပြီး ၁၃၄ ယောက် ကိုယ်လက်အင်္ဂါထိခိုက်ချို့ယွင်းခဲ့ရတယ်လို့ ယူနီဆက်ဖ်ထုတ်ပြန်ချက်အရ သိရပါတယ်။ 
9 months Ago

မင်းပြား၊ ရသေ့တောင်တို့တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွား

မင်းပြားမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အောက်တိုဘာ ၃ ရက်နေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက DVB ကို ပြောပါတယ်။  အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ တပ်မတော်က အဲဒီနေရာတဝိုက် တောင်တန်းတွေကို ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက် တိုက်ခိုက်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ “မနေ့က ၅ နာရီကျော်လောက်က ဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားခဲ့နေရာတွေကို တပ်မတော်က ရဟတ်ယာဉ်တွေ လာရောက်တိုက်ခဲ့တယ်။ ၁၅ မိနစ်လောက် ကြာတယ်။ တိုက်ခိုက်ခဲ့တယ်။ မေလွမ်းကျေးရွာအနားတဝိုက်ကို ပစ်ခတ်တာ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိဘူး။ အဲဒီဘက်တွေက ဖုန်းလိုင်းတွေ သိပ်မကောင်းဘူး။”  ဒါ့အပြင် အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ် ထီးစွဲနဲ့ အောင်သာစည်နားတဝိုက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် အဲဒီနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီး လာရောက်ဗုံးကြဲတိုက်ခဲ့တယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။ “တိုက်ပွဲကတော့ မနေ့ ၉ နာရီခွဲလောက် စတယ်။ အရင်ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခါဖြစ်တာက တော်တော်ကို ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ဗုံးကွဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုတွေက တော်တော်ကိုဖြစ်တယ်။ ပြီးတော့ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတယ်။  ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်တယ်။” ရသေ့တောင်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို လေယာဉ်နဲ့ နာရီဝက်ကြာ ပစ်ခတ်မှုလုပ်ခဲ့သလို နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုကလည်း မနက်ကနေ့ နေ့လယ်ပိုင်းထိ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ကျောက်တန်းတိုက်နယ် ဒေသခံအုပ်ချုပ်ရေးမှူးတွေကလည်း DVB ကို ပြောပါတယ်။  တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို ရသေ့တောင်မြို့ထက် တပ်မတော်တပ်စခန်းတွေနဲ့  ထီးစွဲ ရေစိုးချောင်းဗျူးဟာကုန်းကနေ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။  ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည် ၂၂၀၀၀၀ ကျော်ရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) က ဒီရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
1 year Ago

မင်းပြားဆေးရုံက ကိုဗစ်-၁၉ လူနာသစ် ၅ ဦးတွင် ကျောင်းသား ၂ ဦးပါဝင် 

ရခိုင်ပြည်နယ်၊ မင်းပြားဆေးရုံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ  ၅ ဦးထဲမှာ ကျောင်းသား  ၂ ဦးပါဝင်နေတယ်လို့ မင်းပြားမြို့ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းထွန်းက ပြောပါတယ်။ စစ်တွေကပြန်လာသူတွေနဲ့  စစ်တွေမြို့က ပိုးတွေ့လူနာတွေနဲ့  ထိတွေ့ခဲ့သူ အားလုံး ၂၁ ဦးရဲ့အာခေါင်နဲ့ နှာခေါင်းတို့ဖတ်တွေကို စစ်ဆေးရာမှာ ၅ ဦးမှာ ပိုးတွေတာဖြစ်တယ်။ လူနာ ၅ ဦးထဲမှာ စစ်တွေကဘော်ဒါဆောင်တက်ပြီးပြန်လာတဲ့ ကျောင်းသား ၂ ဦးပါဝင်ပြီး ပိုးတွေလူနာ ၅ ဦးစလုံးဟာ  မင်းပြားကမ်းနီကျေးရွာက ဖြစ်တယ်။ ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းထွန်းက “လူနာတွေအားလုံး မင်းပြားဆေးရုံမှာ ကြပ်မတ်ကုသသွားမှာဖြစ်တယ်။ လူနာတွေကတော့ ကျန်းကျန်းမာမာပါ။" လို့ DVB ကိုပြောပါတယ်။ ရောဂါပိုးတွေ့ရှိသူကျောင်းသား ၂ ဦးထဲက တစ်ဦးကတော့  အသက် ၁၂ နှစ် အရွယ်လူနာအမှတ် ၅၁၃ ဖြစ်ပြီး ပိုးတွေလူနာ အမှတ်  ၄၅၃ နဲ့ထိတွေ့ပြီး ရောဂါကူးစက်ခံရတာပါ။ နောက်ထပ်ကျောင်းသားတဦးဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ်လူနာအမှတ် ၅၁၂ ကတော့ လူနာတွေနဲ့ ထိတွေ့မှုမရှိဘဲ ရောဂါကူးစက်လာတာလို့ မင်းပြားမြို့နယ်ကျန်းမာရေးဌာနက သိရပါတယ်။ ပိုးတွေ့လူနာ ၅ ဦးဟာ မင်းပြား- ရန်ကုန်ကားလမ်းပေါ်ရှိ ကမ်းနီကျေးရွာမှဖြစ်ကြပြီး သူတို့ကို ရောဂါပိုးမတွေ့မီကတည်းက Facility Quarantine စင်တာမှာ အသွားအလာ ကန့်သတ် ထားကာ စစ်ဆေးရာမှာ  သြဂုတ် ၂၆ ရက် ကျန်းမာရေးဌာနထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၇၀ စာရင်းမှာပါဝင်လာတာပါ။  မြောက်ဦးက လူနာသစ် ၅ ဦးကို အသွားအလာကန့်သတ်ထားတဲ့အတွက် သူတို့နဲ့တွေ့ရှိသူ အများအပြား မရှိနိုင်ကြောင်း ဒေါက်တာ နေဝင်းထွန်းက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်တဝန်းမှာ Stay at Home အမိန့်ထုတ်ပြန်ထားသလို  မင်းပြားမြို့နယ်မှာလည်း  ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ  နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။ သတင်း - လင်းလက် 
1 year Ago

မင်းပြားမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး၊ ကားများပိတ်မိနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဖားပြိုကျေးရွာ၊ ဘအောင်ချိုင်နားမှာ ဇူလိုင် ၂၂ ရက် ဒီမနက် ၁၁ နာရီခွဲလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ ဒေသခံကျေးရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ က ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာအနီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေ၊ ကျည်ဆန်တွေ ကျရောက်လာမှာကို စိုးရိမ်ကြောက်လန့်နေတယ်လို့ ဒေသခံ မင်းတင်းမကျေးရွာနေ အမျိုးသမီး တဦးက ပြောပါတယ်။ “တိုက်ပွဲ ဖြစ်နေပါတယ်။ သေနတ်ပစ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ ၁၁ နာရီခွဲ လောက်က စပြီးဖြစ်တာ ၂ နာရီဝန်းကျင်အထိ ကြိုးကြားဖြစ်နေတာတွေကြားနေရတယ်။ ရွာထဲကို လက်နက်ကြီးတွေကျမှာကို စိုးရိမ်နေတယ်။” အမည်မဖော်လိုတဲ့ အမ်းသားကျေးရွာသူတစ်ဦးက “ကျမတို့ရွာက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ ရာမောင်တံတား တစ်ခုခြားတယ်။ ရွာသားတွေက ဘေးလွတ်ရာကို ရှောင်နေတာ တွေတော့ ရှိတယ်။ ရွာထဲမှာ လမ်းသွားလမ်းလာတွေလည်း မရှိတော့ပါ။ ရွာသားတွေလည်း စိုးရိမ်နေပါတယ်”လို့ ပြောပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း ဒီမနက် ၁၁ နာရီခွဲအချိန်က လက်နက်ကြီးပစ်သံတစ်ကြိမ် ကြားလိုက်ပြီးနောက် ဒေသခံတွေကို ဖုန်းဆက်ကြည့်လိုက်တော့ ရာမောင်တံတား အရှေ့ဘက် ဆနွင်းတောင်ကြိုင်ကြားမှာ တိုက်ပွဲဖြစ်နေကြောင်း သိရတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရန်ကုန်-စစ်တွေသွားတဲ့ ကုန်ကားတွေနဲ့ ခရီးသည်တင်ကား တချို့ ရပ်နားနေရပြီး၊ ရာမောင်းတံတား မင်းပြားဘက်ကမ်းမှာ ကားတွေပိတ်မိနေသလို ဖားပြိုဖက်ကမ်းမှာလည်း ကားတွေပိတ်မိနေတယ်လို့ ကုန်တင်ကားမောင်းသူတွေက ပြောပါတယ်။ မနေ့ကလည်း ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်း အနီးမှာ တိုက်ပွဲဖြစ်ပွားပြီး ဖားပြိုကျေးရွားက ဒေါ်မတင်ကြည် အသက်(၄၄) နှစ်မှာ နောက်ကျောမှာ ဒဏ်ရာရှိသွားပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၀ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဒေသခံအရပ်သားသေဆုံးသူ ဦးရေမှာ ၃၀၀ နီးပါးရှိပြီး ဒဏ်ရာရရှိတဲ့ ဦးရေမှာ ၅၈၆ ဦးရှိကြောင်း သိရှိရပါတယ်။
1 year Ago

မင်းပြားမြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအမျိုးသမီး ၁ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးမှာ ဇူလိုင် ၂၀ ရက် ည ၉ နာရီလောက်က  တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံကျေးရွာသူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံကျေး ရွာသားတွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီဗွီဘီကိုပြောပါတယ်။ ကျေးရွာသူ ဒေါ်မတင်ကြည် ၄၄ နှစ်မှာ တိုက်ပွဲဖြစ်နေစဉ် နေအိမ်ပေါ်မှ အိမ်အောက်ကို ဆင်းပြေးစဉ် နောက်ကျောကို ဆံကျည်သွားပြီး မင်းပြားမြို့ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ မိသားစုဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကပြောဆိုပါတယ်။ ဒဏ်ရာရရှိခဲ့သူ ဒေါ်မတင်ကြည်ရဲ့မိသားစုဝင်ကိုရွှေကျော်တင်က” သူမက သေနတ်သံကြားတာနဲ့ အိမ်အောက်ကိုဆင်းပြေးတယ်။ ဆံကျည်ထိသွားတာပါ။ နောက်ကျောကုန်းမှာ ထိသွားတာပါ။ အသက်ရှုကျပ်နေတယ်။ သူမကိုတော့ မင်းပြားဆေးရုံကို ပို့လိုက်ပြီးဆေးကုသမှုခံယူနေရပါတယ်”လို့ပြောပါတယ်။ အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာက ဖားပြိုကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းမကြီးမှာ မနေ့ညနေ ၉ နာရီအချိန်က ၁၂ နာရီအချိန်ထိ သေနတ်သံတွေ၊ လက်နက်ကြီးပစ်သံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဖားပြိုကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ဖားပြိုကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေဖုန်း ဆက်ပြီးတော့ ပြောလာတယ်။ ချင်းတိုင်းရင်းသူအမျိုးသမီးတစ်ဦး ကျည်ထိမှန်သွားတယ်လို့လည်းပြောတယ်”လို့ ပြောပါတယ်။ အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မင်းပြားမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရသေ့တောင်ဘက်က  သောင်းချီတဲ့ ဒေသခံတွေဟာ စစ်တွေမြို့ပေါ်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစတဲ့နီးစပ်ရာတွေကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။
1 year Ago

မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့ စားနပ်ရိက္ခာနှင့် သောက်သုံးရေ ပြတ်လပ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက စစ်ဘေးရှောင်စစ်ခန်း ၉ ခု မှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ ပြတ်တောက်နေတာတာကြောင့် လူဦးရေ ၂၀၀၀ ကျော်အတွက် ရိက္ခာပြတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မင်းပြားမြို့နယ် လူမှုကယ်ကယ်ရေးအဖွဲ့တွေက ပြောပါတယ်။ တချို့စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် ရိက္ခာ တစ်ပတ်စာတောင် မရှိတော့တဲ့ အခြေအနေရှိနေတယ်လို့ သင်္ဂကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။ “ရွာမှာရှိတဲ့ သောက်ရေကန်တွေမှာ ရေတွေ လုံးဝကိုခန်းခြောက်သွားတယ်။ ပုံမှန်ဆိုရင် ကိုယ်ရွာအတိုင်းအတာနဲ့ဆိုရင် လုံလောက်ကြတယ်။ အခုကရွာတွေမှာ စစ်ဘေးရှောင်တွေ ပိုရောက်လာတော့ မြန်မြန်ခမ်းခြောက်သွားတယ်လို့ ပြောရမယ်။ တော်တော်လေးကို အခက်အခဲ ကြုံနေရတယ်။ စားနပ်ရိက္ခာပိုင်းဆိုရင်လည်း တချို့စခန်းတွေမှာ တစ်ပတ်စာလောက်ပဲ ကျန်တော့တယ်။ တချို့စခန်းတွေမှာ ဆိုရင် ဆန်၊ ဆီ၊ ဆား စတဲ့ရိက္ခာတွေက ပြတ်နေပြီ၊ပြည်ပ ပြည်နယ်က အလှူရှင်တွေကတော့ လှူကြပါတယ်။” မင်းပြားမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၉ ခုရှိပြီး အမ်းသားရွာကယ်ဆယ်ရေးစခန်း၊ သေကမ်းစခန်း၊ နရမ်းရွာချေ၊ နရမ်းရွာကြီး၊ ဝါးတောင်၊ စျီးပင်ကြီး၊ အဝရွာ၊ ပုညာရာမ ဘုန်းတော်ကြီးနဲ့ ဇေယျာသုခကျောင်းတိုက်တို့မှာစစ်ဘေးရှောင်ဦးရေ ၂၄၀၀ ကျော်လောက်ရှိ နေတာလည်းဖြစ်ပါတယ်။ အမ်းသားကျေးရွာကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တဦးက “ကျနော်တို့ အိမ်ကို ပြန်ချင်ပါတယ်။ ဒါပေမယ့်လည်း တိုက်ပွဲကလည်း ရွာနားမှာဖြစ်နေတယ်။ အပြင်ထွက်ပြီးတော့ လုပ်စားဖို့လည်း မဖြစ်နိုင်ဘူး။ ရွာနားတွေမှာလည်း လက်နက်ကြီးကျတာတွေရှိတယ်။ ကလေးတွေ ကလည်း ငယ်ငယ်တွေဆိုတော့သူတို့ အသက်အန္တရာယ်ကို စိုးရိမ်လို့ မပြန်ဖြစ်တာပါ”လို့ ပြောပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “COVID-19 ဖြစ်နေတဲ့ကာလမှာ အလှူရှင်တွေက လှူဒါန်းမှုက အရမ်းကိုနည်းပါးသွားပါတယ်။ တချို့ စစ်ဘေးရှောင် စခန်းတွေဆိုရင် ရိက္ခာကလုံးဝပြတ်လုနီးပါးဖြစ်နေတယ်။ တဘက်မှာတိုက်ပွဲဖြစ် နေတော့ လုပ်စားဖို့အခြေအနေက ရှိမနေတော့ဘူး။ အဲ့ဒါကြောင့်လည်း အကျပ်အတည်းက ပိုပြီးတော့ဖြစ်လာတယ်။”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်း စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတိုက်ပွဲကာလမှာ အရပ်သားတွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာတွေ များပြားလာနေသလို စစ်ဘေးရှောင် ၁သိန်းခွဲ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
1 year Ago

မင်းပြားတိုက်ပွဲတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ဧပြီ ၂၈ ရက်နေ့မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက် တပ်မတော်က တိုက်လေယာဉ်နဲ့ရော ရေတပ်သင်္ဘောနဲ့ပါ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မင်းပြားပြားမြို့နယ် တောင်ပုတ်ကေကျေးရွာအနား ဖုံသာချောင်းမှာ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ တပ်မတော်က င/စိုင်းရိုင်းတောင်တန်းတလျှောက် တိုက်လေယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရေတပ်ကလည်း မင်းပြားမြို့ ကျိန်းတောင်တန်းကနေ အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အမ်းသားရွာက ကိုအမ်းသားကြီးက ပြောပါတယ်။ “တိုက်ပွဲဖြစ်တာက ဖုံသာချောင်းထဲက တောင်ပုတ်ကေကျေးရွာအနားမှာဖြစ်တာ။ မနေ့က နေ့လယ် ၂ နာရီလောက်မှာဖြစ်တယ်။ တိုက်ပွဲဖြစ်လို့အပြီးမှာ ဖိုက်တာဂျက်တွေနဲ့ ဟတ်စကီးတွေနဲ့ပစ်တယ်။ ပြီးတော့ ရာမောင်တံတား အနားက ရေတပ်ကနေပြီးတော့လည်း ပစ်ခတ်တယ်။ မင်းပြား ကျိန်းတောင်တန်းကနေပြီးတော့ အမြောက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ လုပ်တယ်။ အဲဒီမှာ မနေ့က ကားသမား တယောက် လက်နက်ကျည်ကျလို့ ဒဏ်ရာရတယ်” လို့ပြောပါတယ်။ ရာမောင်တံတားအနီးမှာ ဧပြီ ၂၈ ရက် မနက်ပိုင်းက မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက်ပိုင်းမှာ ပစ်ခတ်မှုတချို့ရှိခဲ့ပြီး နောက်ပိုင်းနေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ “မနက်ပိုင်းကတော့ မိုင်းနှစ်လုံး ကွဲတယ်။ ရာမောင်တံတားအနားမှာ ပြီးတော့ ပစ်ခတ်သံတွေ ကြားတယ်။ နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ကြတယ်။ မင်းပြားကျိန်း တောင်တန်းကနေပြီးတော့ အမြောက်ကြီးတွေ တနေ့လုံးပစ်တယ်။ မင်းပြားမြို့ထက်မှာတော့ ၆ နာရီဆိုရင်လူမရှိတော့ဘူး။ မထွက်ကြတော့ဘူးလေ။ ဟိုတနေ့က မြို့ထဲမှာ ပစ်ခတ်ခံရလို့ နှစ်ယောက် သေတယ်။ အဲ့ဒီနောက်ပိုင်း ဒေသခံတွေကတော့ တော်တော်စိုးရိမ်မှုတွေ ရှိသွားကြတယ်။” ဧပြီ ၂၀ ရက်က မင်းပြားမြို့နယ် ရာမောင်းတံတားအနီးမှာ ပစ်ခတ်ခံရလို့ WHO ဝန်ထမ်း ယာဉ်မောင်း ကိုပြည့်စုံဝင်းမောင်ဟာ မင်းပြားဆေးရုံမှာ ဆေးကုသခံယူနေရင်း သေဆုံးခဲ့ရပြီး သူနဲ့အတူပါလာသူ တဦးကတော့ ဒဏ်ရာရသွားလို့ စစ်တွေဆေးရုံမှာ ဆေးကုသခံယူနေရပါတယ်။  ဒါ့အပြင် ဧပြီ ၂၁ ရက်နေ့က မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ ပစ်ခတ်မှုဖြစ်လို့ CPS ပိုးသတ်ဆေးကုမ္ပဏီက ဆေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းတဦး သေဆုံးခဲ့ကာ တဦးကတော့ စစ်တွေဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
1 year Ago

မင်းပြားမြို့နယ်တွင် တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့်တိုက်ခိုက် 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲမှာ  တပ်မတော်က တိုက်လေယာဉ် ၂ စီးနဲ့ ဒီကနေ့ မွန်းလွဲပိုင်းက လာရောက်ဗုံးကြဲတိုက်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ဒီကနေ့ မနက်ပိုင်းက  မင်းပြားမြို့နယ် ရာမောင်တံတားအနီး တောင်တန်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လေကြောင်းကနေ တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သင်္ဂဟကမ်းရက္ခိတအဖွဲ့က ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “တိုက်လေယာဉ်နှစ်စီးက အရင်က ပစ်တာတွေနဲ့မတူဘူး။ ပုံစံတမျိုးပဲဗျ၊ ပျံတာလည်း အရမ်းမြန်တယ်။ နှစ်စီးနဲ့ လာပစ်တာဗျ၊ ရာမောင်တံတားအလွန် အဲ့ဒီမှာ တောင်တန်းရှိတယ်။ အဲ့ဒီတောင်တန်းကိုပဲ နှစ်စီးလုံးက ဦးတည်ပြီးတော့ ပစ်နေတာ။ ၃ နာရီ ၅၅ မိနစ်ကနေ ပစ်နေတာ၊ ၄ နာရီ ၁၆ မိနစ်ကျော်အထိ ပစ်တယ်။ အရင်က ပစ်တဲ့လေယာဉ်တွေဆိုရင် ပစ်ပြီးတော့ပျံသွားကြတယ်။ အခုကအဲ့လိုမ ဟုတ်ဘူး။ ပစ်တယ်ဆိုရင် ဆက်တိုက်ပစ်ပြီးတော့ ပျံတာ”လို့ပြောပါတယ်။ ရာမောင်းတံတားနဲ့အနီး သေကမ်းကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင်ဒုက္ခသည်တဦးက တော့ “ရာမောင်မြစ်၊ မင်းပြားနဲ့ ငစိုင်းရိုင်းချောင်းကျွန်းမှာရှိနေတဲ့ ရေတပ်တွေကလည်းအမြောက်နဲ့ အဲ့ဒီတောင်တန်းဘက်ကို ပစ်နေတယ်။ တိုက်လေယာဉ်ကလည်းပစ်နေတယ်။ ဒီမှာကတော့ အမ်းသားရွာက၊ ပြီးတော့ သေကမ်းစစ်ဘေးရှောင်စခန်းတွေမှာ ရောက်နေတဲ့ ဒုက္ခသည်တွေက တော်တော်လေးကို စိုးရိ်မမှုမြင့်တက်နေတယ်။ အရမ်းကို နီးကပ်နေတာကို”လို့  ပြောပါတယ်။ အခုလိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးအနားကကျေးရွာဒေသခံတွေထိခိုက် ပျက်စီးမှု အခြေအနေကို မသိရသေးပေမယ့် ရွာတချို့လူတွေ ထွက်ပြေးတိမ်းရှောင်သွားတာတွေ ရှိနေတယ်လို့ သင်္ဂဟကမ်းရက္ခိတအဖွဲ့ကဥက္ကဋ္ဌ ကိုအမ်းသားကြီးကပြောပါတယ်။
1 year Ago

မင်းပြားတွင် ပစ်ခတ်မှုဖြစ်ပြီး လူ  ၄ ဦးသေဆုံး တချို့ ဒဏ်ရာရ 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဧပြီ ၂၂ ရက်က  ပစ်ခတ်မှုဖြစ်ပွားပြီး တရက်တည်းမှာ လူ  ၄ ဦးသေဆုံးကာ  တချို့ ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေနဲ့ ပရဟိတအဖွဲ့က ပြောပါတယ်။ ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းနဲ့ ညပိုင်းက မင်းပြားတပ်ရင်းက တပ်မတော်စစ်ကြောင်း တခုက မင်းပြားမြို့အထက်က ရာမောင်တံတားဘက်ကို စစ်ကြောင်းထွက်လာရာကနေ ခေါင်းလောင်း ရွာအနားမှာ မိုင်းဆွဲခံရပြီးနောက်မှာ ပစ်ခတ်ခဲ့တယ်လို့  သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ကဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။ “တပ်မတော်စစ်ကြောင်းက ရာမောင်ဘက်ကို စစ်ကြောင်းထွက်တယ်။ ခေါင်းလောင်းကျေးရွာ အနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်။ မိုင်းဆွဲခံရတော့ ခေါင်းလောင်းကျေးရွာကို ပစ်ခတ်မှုတွေ လုပ်တယ်။ ပြီးတော့ နရင်းခွဆုံရောက်တဲ့အချိန်မှာ နွားကျောင်းနေတဲ့ မွတ်ဆလင်တွေကို သေနတ်လှမ်းပစ်တယ်။ တယောက်သေတယ်။ တယောက်ဒဏ်ရာရတယ်။ နောက်ပြီးတော့ စမ္ဘပလေရွာ နားရောက်တော့ လက်နက်ငယ်တွေ လက်နက်ကြီးတွေ လှမ်းပစ်တယ်။ နောက်ပြီး ကျွဲကျောင်းနေတဲ့ လူတယောက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့လို ပေါင်းနှစ်ဖက်လုံးပြတ်သွားတယ်။ သူ့ကို ကျနော်တို့ကိုယ်တိုင် ဆေးရုံလိုက်ပို့ပေးတယ်။ ဆေးရုံအသွားမှာသေတယ်။ တပ်မတော် စစ်ကြောင်း ၇ နာရီကျော်လောက်မှာ မင်းပြားမြို့ထဲဝင်သွားတယ်။ ဖြစ်စဉ်တခုတည်း တရက်တည်းမှာ ၄ ယောက်သေတယ်။ ပစ်ခတ်ခံရမှုကြောင့်သေဆုံးသူတွေကတော့ စမ္ဘလေကျေးရွာက အီစူအာလီ အသက် ၁၅ နှစ်၊ နရမ်းကျေးရွာချေက ဦးစံကျော် အသက် ၆၁ နှစ်၊ မင်းပြားမြို့ ပြည်တော်သာရပ်ကွက်က  ကိုသန်းထွန်း အသက် ၃၁ နှစ်နဲ့ ကျော်မြတ်ထွန်း(ခ)ထွန်းနုချေ အသက် ၃၁ နှစ်တို့ဖြစ်ကြပါတယ်။  ဒဏ်ရာရသူတွေကတော့ စမ္ဘလေကျေးရွာက မာမောက်ရောဖိ၊ မာမောက်ချော်ဖီနဲ့  နိုဟတုံ တို့ ဖြစ်ကြပါတယ်။ မင်းပြားရာမောင်းတံတားသွားရာလမ်းဖြစ်တဲ့ စမ္ဘလေးကျေးရွာနား အရောက်မှာ တပ်မတော် စစ်ကြောင်းက ပစ်ခတ်လို့  နွားကျောင်းနေတဲ့သူတွေထဲက အီစူအာလီသေဆုံးခဲ့ပြီး နရမ်းကျေးရွာက ကျွဲကျောင်းနေတဲ့ ဦးစံကျော်ကတော့ လက်နက်ကြီးနဲ့ အပစ်ခံရလို့ ပေါင် နှစ်ဖက်လုံးပြတ်သွားကာ ဆေးရုံအသွားလမ်းမှာ  သေဆုံးခဲ့ပါတယ်။ တပ်မတော်စစ်ကြောင်းက မင်းပြားမြို့ထဲကိုလည်း  ဧပြီ ၂၂ ရက် ည ၇ နာရီ ကျော်လောက် ဝင်လောက်ပြီးနောက် မင်းပြားမြို့ထဲမှာဆိုင်ကယ်နဲ့ သွားနေတဲ့ လူငယ်နှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်လို့ လူငယ် ၂ ဦးသေဆုံးသွားတယ်လို့  သေဆုံးသူရဲ့အစ်ကိုဖြစ်သူ ကိုသန်းထွန်းဦးကပြောပါတယ်။ “ညက ၈ နာရီ ၁၀ မိနစ်လောက်မှာ ကျနော်ညီကဆိုင်ကယ်နဲ့ အိမ်ကိုလာတယ်။ အဲ့ဒီမှာ တပ်ကလည်း ရဲစခန်းဘက်ကလာတယ်။ အဲ့ဒီမှာ တပ်က ကျနော်တို့ညီ စီးလာတဲ့ဆိုင်ကယ်ကို သေနတ်တွေ လှမ်းပစ်တယ်။ အဲ့ဒီမှာပဲ ကျနော်ညီနဲ့ ဆိုင်ကယ်နောက်လိုက်ပါလာတဲ့သူလည်း ပွဲချင်းပြီး သေတယ်။ စစ်သားတွေကတော့ သေဆုံးနေတဲ့အလောင်းကို ရဲစခန်းကိုအပ်တယ်။ ပြီးတော့ သူတို့ ထွက်သွားတယ်။ မင်းပြားမြို့ခံ  ဦးထွန်းသာအေးကလည်း “မင်းပြားမြို့ဘက်မှာတော့ မနေ့က တိုက်ပွဲဖြစ်တာမရှိပါဘူး။ မြို့နဲ့ဝေးတဲ့ ရာမောင်တံတားနားမှာတော့ မနေ့က တိုက်ပွဲဖြစ်တာ ရှိတယ်။ နောက်ပြီးလေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်တယ်။ လေယာဉ်နှစ်စီးနဲ့ အဲ့ဒီ မင်းတင်မကျေးရွာအနားက တောင်တန်းတွေ အကုန်ပစ်တယ်။” လို့ ပြောပါတယ်။  မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်ကတော့ ဥပဒေအညီ လုပ်ဆောင်သင့်တဲ့အကြောင်းနဲ့ သေဆုံးသူတွေရဲ့  မိသားစုဝင်တွေက အကူအညီ တောင်းထားတဲ့အတွက် ဥပဒေ ဘောင်ထဲကနေ ရတဲ့နည်းနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။ သေဆုံးသွားသူတွေကို ဒီကနေ့ မင်းပြားမြို့မှာ သင်္ဂြုဟ်မှာ ဖြစ်ပြီး  စမ္ဘလေကျေးရွာက သေဆုံးလူငယ်ကိုတော့ ရွာမှာပဲသင်္ဂြိုဟ်သွားမှာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့  တပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၂၂ ရက် ည ၈ နာရီ ၁၀ မိနစ်လောက်က မင်းပြားမြို့ဘက်မှ ရာမောင် တံတားဘက်သို့ YAMAHA(FZ) အမျိုးအစား ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးမောင်းနှင် လာတာကို မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးဖို့ အော်ဟစ်တားမြစ်စဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာဆက်လက်မောင်းနှင်လာလို့  လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက ခြောက်လှန့် ဟန့်တားပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။ အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာ အရပ်ဝတ် ဝတ်ဆင်ပြီး လဲကျသေဆုံးနေတဲ့ အသက် ၂၅ နှစ်ခန့်အရွယ်ရှိအမည်မသိ အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမည်မသိ အမျိုးသား ၁ ဦး၊ စုစုပေါင်း အမျိုးသား ၂ ဦးတို့ကို ဆိုင်ကယ်တစ်စီးနဲ့အတူ တွေ့ရှိရပြီး သူတို့အနီးမှာ အဖြူရောင် ပလပ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ မိုင်းထောင်ဖောက်ခွဲဖို့ အသုံးပြုတဲ့ ဖြူးစ် ၃ ချောင်း၊ ဝါးညှပ်နင်းခလုတ် ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
1 year Ago

မင်းပြားမြို့နယ်တွင် CPS ပိုးသတ်ဆေးကုမ္ပဏီပိုင်ကား ပစ်ခတ်ခံရပြီး  ၁ ဦးသေ၊  ၁ ဦးဒဏ်ရာရ 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးမှာ CPS ပိုးသတ်ဆေး ကုမ္ပဏီပိုင် မော်တော်ယာဉ်တစီး သေနတ်နဲ့ပစ်ခတ်ခံရလို့ ယာဉ်မောင်းအမျိုးသား ၁ ဦး သေဆုံးပြီး ယာဉ်နောက်လိုက်တဦး ဒဏ်ရာရရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အမ်းမြို့မှ စစ်တွေမြို့ဘက်ကို မောင်းလာတဲ့ CPS ပိုးသတ်ဆေးကုမ္ပဏီက ဝန်ထမ်း ယာဉ်မောင်း ဦးနွယ်နွယ်မောင်နဲ့ ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦး လိုက်ပါလာတဲ့ ဆေးပစ္စည်းတင် Hijet ကားကို ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီလောက်က ဖားပြိုကျေးရွာရဲ့ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာမှာ အေအေအဖွဲ့က  လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ နဖူးမှာ လက်နက်ငယ်ကျည်ထိမှန် သေဆုံးခဲ့ပြီး မောင်ဟိန်းထက်ဦးကတော့ ဝမ်းဗိုက်မှာ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ မော်တော်ယာဉ်ကတော့ လမ်းအနောက်ဘက်ရှိ သစ်ပင်ကို ဝင်တိုက် တိမ်းမှောက်သွားပြီး လက်ရှိမှာ ဒဏ်ရာရတဲ့သူကို မင်းပြားပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။ အလားတူ ဧပြီ ၂၀ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ရာမောင်ဇက်ဆိပ်အနီးမှာ COVID-19 စစ်ဆေးဖို့ ဓာတ်ခွဲနမူနာတွေ သယ်လာတဲ့ ယူအန်အမှတ်တံဆိပ်ပါ ကားတစီး ပစ်ခတ်ခံရပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝန်ထမ်း ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရသွားပါတယ်။  အဆိုပါပစ်ခတ်မှုကို အေအေအဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးကရော တပ်မတော်ကပါ သတင်းထုတ်ပြန်ထားပြီး အေအေဘက်ကတော့ သူတို့ လက်ချက်မဟုတ်ဘဲ တံတားလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဂိတ်က လက်နက်ငယ်နဲ့ပစ်တာလို့ ငြင်းဆိုပါတယ်။
1 year Ago

မင်းပြားမြို့နယ် ရိုးမတောင်တန်းတဝိုက် တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကပ်ပဲပုလဲတောင်၊ ဇိုင်ချောင်း(ချင်းရွာ)အနားက ရိုးမ တောင်တန်း တွေကို မတ်လ ၂၅ ရက်မွန်းလွဲပိုင်းက မြန်မာတပ်မတော် ဂျက်တိုက်လေယာဉ်  နှစ်စီးနဲ့လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မျက်မြင်တွေကပြောပါတယ်။ ပုလဲတောင်ကျေးရွာက ရွာလူကြီးတဦးဖြစ်တဲ့ ဦးမောင်သောင်းစိန်က “နေ့လယ်ပိုင်း ၁ နာရီကျော်၊ ၂ နာရီလောက်က ကျနော်တို့ ရွာရဲ့တောင်တန်းတွေကိုလာပစ်တယ်။ ပြီးတော့ ဗုံးတွေကြဲတယ်။ ဆင်ဂုံး၊ စေတီစတဲ့နေရာတွေကို လာပစ်တာ။ သုံးခါတိတိလာပစ်တယ်။ ကျနော်ရွာနဲ့သိပ်မဝေးဘူး။ အကုန်မြင် နေရတယ်။ ဗုံးကြဲလို့ အခုတောင်တန်းတလျှောက် မီးလောင်နေတယ်။ အခုအချိန်အထိမီးလောင်နေတုန်းပဲ။  တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီအတိုင်းလာပြီးတော့ ပစ်ခတ်သွားတာ။”လို့ ပြောပါတယ်။ ဗုံးကြဲတဲ့နေရာတွေဟာ မင်းပြားမြို့နယ် ဇိုင်းချောင်းချင်းရွာ၊ ကုလားမတောင်းကျေးရွာနဲ့ ကပ်ပဲပုလေးတောင်ကျေးရွာသားတွေက ရိုးမတောင်တန်းတွေမှာသွားရောက် တောင်ယာလုပ်ကိုင်း စားသောက်လေ့ရှိတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ ဇိုင်းချောင်း(ချင်းရွာ)သားတဦးက” အခုပစ်ခတ်ခဲ့တဲ့ နေရာတွေဆိုရင် ဇိုင်းချောင်းက ချင်းလူမျိုးတွေနေထိုင်ကျေးရွာနဲ့ဆိုရင် နီးနီးလေးပဲ။  ကျနော်တို့၊ ပုလဲတောင် ဆိုရင် ဒီတောင်တွေကို မီခို တောင်ယာတွေလုပ်ကိုင်းစားသောက်နေကြတာဗျ။ ၁၀ မိနစ် လောက်ကြာတယ်။ ပစ်ခတ်တာ၊ အဲ့ဒီမှာဗုံးတွေလည်းကြဲတယ်။ မီးလောင်နေတာ အကုန်မြင်နေရာတော့ ထပ်မံပစ်မှာစိုးလို့ ဗုံးတွင်းမှာ မိသားစုတွေခေါ်ပြီးတော့ ၁ နာရီကျော်ကြာနေလိုက်ရတယ်။” လို့ပြောပါတယ်။ မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က”ကျနော်တို့ မင်းပြားမြို့နယ် အရှေ့ဘက်ပေါ့လေ။ ဖုံးသာချောင်းဘက်မှာတော့ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ဒါပေမယ့် ဖုံသာအုပ်စုမှာ ခွဆုံ ချင်းရွာမှာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ ရွာရဲ့အပြင်ကို ကျတယ်။ ကျောက်မော်ကျေးရွာမှာ ဆိုရင်လက်နက်ကြီး နှစ်လုံးကျတယ်။” လို့ပြောပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် ရွာသားတွေ ထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။  ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က  မင်းပြားမြို့နယ်၊ ကမ်းနီအမှတ်(၉) တပ်မတော် တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော်အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
2 years Ago

မင်းပြားတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး အရပ်သားများ ဒဏ်ရာရ၊ နေအိမ် ၁၀ လုံးမီးလောင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဖားပြိုကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့  တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ် ၉ ရက် ညနေ ၅ နာရီဝန်းကျင်လောက်က ဖားပြိုကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတပ်တွေ တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်လိုက်တာကြောင့် ကျေးရွာမှာ နေသူတချို့ ထိခိုက်ဒဏ်ရာရှိသလို နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တာပါ။ ဖားပြိုကျေးရွာ ကျောင်းထိုင်ဆရာတော်က “ရွာက ထိခိုက်ဒဏ်ရာရတာက လေးယောက် ရပါတယ်။ အဲဒီမှာ နှစ်ယောက်ကတော့ မင်းပြားဆေးရုံ ရောက်နေတယ်။ နှစ်ယောက်တော့ လမ်းမှာပဲ ရှိနေသေးတယ်။ အဲဒီလေးယောက်ထဲမှာ တယောက်က ညှပ်ရိုးကျိုးသွားတယ်။ အဲဒီဒကာတယောက်ဆိုရင် အခြေအနေ စိုးရိမ်ရတယ်။ တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာမှာ နေအိမ် ၁၀ လုံး မီးလောင်သွားတယ်။” တိုက်ပွဲပြင်းထန်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူ အရေအတွက် ဒီထက်များနိုင်တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေက ၈ ဦးထက် မနည်းဘူးဗျ၊ ဒီထက်လည်း များနိုင်တယ်။ ဒဏ်ရာရတဲ့တချို့ကတော့ င/စိုင်းရိုင်းချောင်းတို့မှာ ဆေးကုသနေရတယ်။ တချို့ကျတော့ မင်းပြားဘက်ကို လာကြတယ်။ မနေ့က တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ ဒီကနေ့ မနက်ပိုင်းတော့ တိုက်ပွဲမဖြစ်ဘူး။ ရန်ကုန်-စစ်တွေ လမ်းမကလည်း တိုက်ပွဲဖြစ်နေတော့ အသွားအလာ မရှိသလောက်ပါပဲ။ တိုက်ပွဲနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ရာမှာ မအားတာကြောင်း နောက်မှ ပြန်ပြီး ဖုန်းဆက်ပေးဖို့ ဖြေဆိုခဲ့ပြီး ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုတော့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
2 years Ago

မင်းပြားမြို့တွင်ပစ်ခတ်မှုဖြစ်ပြီး အမျိုးသမီး၁ ဦးသေ၊ ကလေးများအပါအဝင် ၅ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ တပ်မတော်နဲ့ အေအေတို့အကြား ပစ်ခတ်မှုဖြစ်လို့ အရပ်သား အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံကတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၂ နာရီလောက်မှာ  မင်းပြားမြို့နဲ့ မနီးမဝေးမှာရှိနေတဲ့ ကြပ်စင်တံတားကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေကြောင့်  မင်းပြားမြို့ထဲက အမျိုးသမီးတဦးသေဆုံးခဲ့ပြီး၊ ကလေးနှစ်ဦးဒဏ်ရာရရှိသွားတယ်လို့ မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကိုပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်းလာတဲ့ရေတပ်သင်္ဘောကို တဘက်ကနေ လှမ်းပစ်တယ်။ အဲ့ဒီမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတယ်။ အဲ့ဒီမှာ မင်းဘာကြီးလမ်း မြေပုံ- မင်းပြားသွား ကားလမ်းမ မင်းဘာကြီးရပ်ကွက်က လက်နက်ကျပြီးတော့ အမျိုးသမီးတဦးသေတယ်။ ပြီးတော့ ၅ ယောက်ဒဏ်ရာရတယ်။” ဒါ့အပြင် မင်းပြားမြို့နယ်၊ ကင်းဆိပ်အုပ်စု၊ သူဌေးကုန်း ကျေးရွာမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၀ ကျော် အမျိုးသားတဦး အပြင်းအထန်ဒဏ်ရာရပြီး မင်းပြားဆေးရုံမှာ အရေးပေါ်ကုသနေရတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးလှသိန်းအောင်က ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာက မင်းပြားမြို့နဲ့ အနီးဆုံးနေရာတခုဖြစ်တဲ့ ကြပ်စင်တံတားအနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မတော် (ရေ) ရေယာဉ် တစီးလည်းလက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ မီးလောင်ကာ   နှစ်စီးပျက်စီးနေတာ ကိုတွေ့ရတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မျက်မြင်ဒေသခံတွေကပြောပါတယ်။ မင်းပြားမြို့မှာ လျှစ်စစ်ပစ္စည်းရောင်းအဝယ်လုပ်နေတဲ့ ဆိုင်ပိုင်ပိုင်ရှင် ကိုမင်းမျိုးထွန်းက ”လောလောဆယ်မှာတော့ မြေပုံဘက်ကလာတဲ့ ခရီးသည်တွေ၊ စျေးဝယ်လာတဲ့သူတွေကတော့ မလာရဲတော့ဘူး။ ကားတွေကလည်း အဲ့ဒီဘက်ကို မသွားရဲကြတော့ဘူး။ တပ်မတော်သားတွေက အဲဒီတံတားဘက်နေရာအနှံအပြားမှာ နေရာယူထားတာတွေ့တယ်။ သွားခွင့်လည်းမပေးဘူး။ ဒေသခံတွေက အကုန်စိုးရိမ်နေကြတယ်။ မြို့ထဲမှာပစ်သွားတာကို”လို့ ပြောပါတယ်။ ဒီမနက် မင်းပြားမြို့က ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့သလို ရက္ခိုင့်တပ်တော်အေအေဘက်ကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
2 years Ago

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာ၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ ပြန့်ကျဲနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး၊ ဖားပြိုကျေးရွာကို လက်နက်ကြီး ကျည်နဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာအတွင်းမှာ မပေါက်ကွဲဘဲ ကျန်နေသေးတဲ့ လက်နက်ကြီးကျည်တွေ ကျန်ရှိနေသေးတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဖားပြိုကျေးရွာအနားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ဖားပြိုကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် နေအိမ်တလုံး မီးလောင်ခဲ့ပါတယ်။ ဒီလို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တလုံး မီးလောင် ပျက်စီးခဲ့သလို နေအိမ်အတွင်းမှာရှိတဲ့ စပါးကျီးလည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ ဖားပြိုကျေးရွာက နေအိမ်မီးလောင်တဲ့ အိမ်ပိုင်ရှင် ဦးမောင်သာနုကပြောပါတယ်။ “ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ အဲ့ဒီမှာ လက်နက်ကြီးက ကျနော့်အိမ်ကို လာကျတယ်။ အိမ်က မီးလောင်သွားတယ်။ စပါးလှောင်ထားတဲ့ စပါးကျီတန်း ၁၀၀ ကျော်မီးလောင်တာမှာ ပါသွားတယ်။ အဲ့ဒီလက်နက်ကြီးကျတဲ့အချိန်မှာ ကျနော်ရယ်၊ ကျနော့်မိန်းမနဲ့ ကလေး ၄ ယောက်ကဗုံးတွင်းထဲမှာ ပုန်းနေကြတာ။ အိမ်နောက်ဘေးနား ဗုံးတွင်းပုန်းနေကြတာ။ ကံကောင်းတော့ ကျနော်တို့က ဘာမှ မဖြစ်သွားဘူး။ ကျနော်အိမ်က မီးလောင်သွားတယ်။” လက်နက်ကြီးကျတဲ့နေရာနဲ့ ဦးမောင်သာနုတို့ မိသားစုတွေရှိတဲ့ ဗုံးခိုကျင်းနဲ့ဆိုရင် ပေ ၂၀ ဆယ်ခန့်ကွာဝေးပြီး သူတို့မိသားစုတွေ အိမ်အောက်ဗုံးတွင်းထဲမှာ ပုန်းခိုနေတာကြောင့် တစုံတရာ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ဘေးနားက အဘွားတဦးကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ဒါ့ပြင် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဖေဖော်ဝါရီ ၁၄ ရက်က တနေကုန် တိုက်ပွဲတွေကြောင့် ကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်ခဲ့သလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ကျန်သေးလို့ စိုးရိမ်နေရတယ်လို့ ဖားပြိုကျေးရွာက ကျောင်းထိုင်ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ “အခုက ကျေးရွာအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ရှိနေသေးတယ်။ တိုက်ပွဲဖြစ်တော့ လှမ်းပစ်ကြတာလေ။ ကျေးရွာသားတွေက ဘုန်းကြီးကျောင်းမှာ ရှိနေတုန်း၊ သူတို့နေအိမ်ကို မပြန်ရဲကြဘူး။ နေအိမ်တချို့ ဘုန်းဘုန်း သွားကြည့်တော့ နေအိမ်တွေ ပျက်စီးတာတွေ၊ လက်နက်ကြီး ကျထားတာတွေ၊ မပေါက်ကွဲရှိနေတဲ့ လက်နက်တွေ ရွာထဲမှာ ပြန့်ကျဲနေတယ်။” ဖားပြိုကျေးရွာနားမှာ ဖေဖော်ဝါရီ ၁၄ ရက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲတွေကြောင့် ရာမောင်တံတား-ရန်ကုန်-စစ်တွေ ကားလမ်းမ ၁၆ ရက်နေ့ အထိ ၃ ရက်ကြာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ သွားလာခွင့်မရဘဲ ပိတ်မိနေခဲ့ပါတယ်။
2 years Ago

မင်းပြားတွင် စက်ရုံအလုပ်သမားတဦး ဖမ်းဆီးရိုက်နှက်ခံရသဖြင့် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားရာကနေ ထွက်ပြေးလာတဲ့ ဓာတ်မီးတိုင်ကုမ္ပဏီ စက်ရုံအလုပ်သမားတဦးကို တပ်မတော်သားတွေက အေအေတပ်ဖွဲ့ကလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်ခဲ့တာကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အရှေ့ဘက် ၅ မိုင်လောက်ကွာဝေးတဲ့ ရာမောင်တံတားအနီး ဖားပြိုကျေးရွာမှာ တပ်မ‌တော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။ ဖားပြိုကျေးရွာအနားမှာရှိတဲ့ ဓာတ်မီးတိုင်ကုမ္ပဏီစက်ရုံနဲ့ ဘိလပ်မြေစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ စက်ရုံ အလုပ်သမားတွေဟာ တိုက်ပွဲရပ်စဲသံကြားတာနဲ့ ဖားပြိုကျေးရွာကို အသီးသီး ထွက်ပြေးလာရာကနေ တပ်မတော်သားတွေနဲ့ ထိတ်တိုက်တိုးသွားပြီး ဖမ်းဆီးခေါ်ဆောင်ရိုက်နှက်ခံခဲ့ရတာလို့ ကာယကံရှင်ဖြစ်သူ ကိုဌေးလှိုင်က ဒီဗွီဘီကို ပြောပါတယ်။ “ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲနည်းနည်း ရပ်စဲသွားတဲ့အချိန်မှာ စက်ရုံလုပ်သားတွေ ရွာထဲကို အကုန်ထွက်ပြေးကြပါတယ်။ ကျနော်လည်း ထွက်ပြေးတယ်။ အဲဒီ ကျနော် ထွက်ပြေးတဲ့နေရာနဲ့ စစ်သားတွေနဲ့ တိုးတယ်။ အဲဒီမှာ ကျနော်ကို ခေါ်သွားပြီးတော့ ရိုက်တယ်။ မင်း အေအေ မဟုတ်ဘူးလား မေးတယ်။ ကျနော်က မဟုတ်ဘူး။ ကျနော် ဓာတ်မီးတိုင်ကုမ္ပဏီ စက်ရုံမှာလုပ်တာ၊ အလုပ်သမားကတ်လည်း ပါတယ်ဆိုပြီး ပြတယ်။ ဒါပေမဲ့ အဲဒီစစ်သားက အသကုန်ရိုက်နှက်တယ်။ စစ်သားတယောက်တည်း ရိုက်တာ၊ နောက်စစ်သားတွေ ကျနော့်ကို ရိုက်နှက်တာ ကြည့်နေကြတယ်။ ကျနော့်ကို မျက်နှာတွေမှာရော၊ ခြေထောက်တွေမှာရော တံတောင်ဆစ်၊ ခြေထောက် အကုန်ရိုက်နှက်တယ်။” အဲဒီနောက်မှာတော့ ကိုဌေးလှိုင်ကို တပ်မတော်သားတွေက ဖမ်းဆီးသွားပြီး ဖားပြိုကျေးရွာက နေအိမ်တလုံးမှာ ပိတ်လှာင်ထားခဲ့တယ်လို့ ဆိုပါတယ်။  ဒီကနေ့မနက်ပိုင်းမှာတော့ တပ်မတော်သားနှစ်ယောက် ထမင်းချက်နေတဲ့အချိန် ဖားပြိုဘုန်တော်ကြီးကျောင်းကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကိုထွန်းလှိုင်က ပြောပါတယ်။ “မင်း ဒီကနေ ထွက်ပြေးရင် သတ်ပစ်မယ်။ ထွက်ပြေးရဲ ထွက်ပြေးကြည့်၊ မင်းကို ဒီညနေ သတ်ပစ်မယ်လို့ စစ်သားတယောက် လာပြီးခြိမ်းခြောက်တယ်။ မနက်မိုးလင်းတော့ စစ်သားတွေက အိမ်နားမှာမရှိတော့ဘူး။ နှစ်ယောက်တော့ တွေ့တယ်။ အဲဒီမှာ ကျနော် ထွက်ပြေးလာတယ်။ စစ်သားတယောက် လှမ်းအော်တယ်။ ဟေ့ကောင် မပြေးနဲ့လို့ အော်ပြောတယ်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းကို ထွက်ပြေးလာတယ်။”  ဖားပြိုကျေးရွာကျောင်းထိုင်ဆရာတော်က “ဒကာလေးမှာ ဒဏ်ရာတော်တော်ပြင်းတယ်။ မျက်နှာတွေ ဖူးရောင်နေတယ်။ စကားလည်း သိပ်မပြောနိုင်ဘူး။ လှဲနေလို့လည်း မရဘူး၊ ထိုင်နေရတယ်၊ ရင်ဘတ်တွေက အောင့်တယ်လို့ ပြောတယ်။ ဘုန်းဘုန်းတို့ သူ့ကို ဘုန်းကြီး ကျောင်းမှာ ထားပါတယ်။ စစ်သားတွေကတော့ ရွာထဲမှာရှိနေတုန်းပဲ၊ သူ ဓာတ်မီးတိုင်ကုမ္ပဏီမှာ အလုပ်လုပ်တာပါ” လို့ မိန့်ပါတယ်။ လက်ရှိအချိန်မှာ တပ်မတော်စစ်ကြောင်းက ဖားပြိုရွာထဲမှာ ရှိနေတာကြောင့် ဒဏ်ရာရတဲ့ လူနာအား မင်းပြားမြို့ဆေးရုံကို သယ်ခွင့်မရသလို တိုက်ပွဲကြောင့် ရာမောင်တံတား ရန်ကုန်-စစ်တွေလမ်းတွေ ဟိုဘက် ဒီဘက် ပိတ်ထားတယ်လို့ အမ်းသားရွာက သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။ “သူက ဓာတ်မီးတိုင်စက်ရုံမှာ လုပ်နေတာကြာပြီဗျ၊ အလုပ်သမားကတ်ပြားလည်း ဆွဲထားတယ်။ ယူနီဖောင်းလည်း ဝတ်ထားတယ်။ စစ်သားတွေ ရိုက်နှက်တာတွေက သူ့မှာ လက်တွေမှာရော၊ မျက်နှာတွေမှာရော တော်တော်များများ ဒဏ်ရာရတယ်ဗျ၊ ဒဏ်ရာတ အားပြင်းတယ်။ အသက်ရှူကျပ်တယ်၊ အသက်ရှူမဝဘူးလို့ ပြောတယ်။ ကျနော်တို့ ဆေးရုံပို့ဖို့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ ရာမောင်တံတားကို မဖြတ်ရဘူး။ ရာမောင်တံတားကနေ ဟိုဘက် ဒီဘက် သွားလာခွင့်မပေးဘူး။” လက်ရှိမှာ ကိုဌေးလှိုင်ဟာ အချိန်မီ ဆေးကုသမှု လိုအပ်နေတယ်လို့ ဖားပြိုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးက ဒီဗွီဘီကို မိန့်ပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဒီဗွီဘီက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုတာ မရှိခဲ့ပါဘူး။
2 years Ago

မင်းပြားနှင့် မတူပီမြို့တို့တွင် မြေငလျင်လှုပ်

ရခိုင်ပြည်နယ် မင်းပြားနဲ့ ချင်းပြည်နယ် မတူပီမြို့တို့မှာ ဒီနေ့မနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်အစောပိုင်း ၁ နာရီကျော်လောက်က စစ်တွေ မြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၄၅ မိုင်ခန့် ကွာဝေးတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ရဲ့ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၈) ဒီဂရီ၊ အနက် (၁၇) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။ အလားတူ ဒီနေ့မနက် ၆ နာရီလောက်ကလည်း ချင်းပြည်နယ် မတူပီမြို့ရဲ့ မတူပီမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၆၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၄၇ ဒီဂရီ၊ အနက် ၆၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
2 years Ago

မင်းပြားတိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဖားပြိုကျေးရွာ ရန်ကုန်-စစ်တွေကားလမ်းမအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး  အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်က “တိုက်ပွဲမှာ အရပ်သားသုံးယောက်ဒဏ်ရာရထားတယ်ခင်ဗျ။ တယောက်က ဝမ်းဗိုက်မှာဒဏ်ရာရတယ်။ နောက်တယောက်မှာတော့ ညာဘက်ပေါင်မှာ ဒဏ်ရာရတယ်။ နောက်မြစ်နားရွာက တယောက်တော့ ဦးခေါင်းဒဏ်ရာရသွားတယ်။ အခုတော့သူတို့မင်းပြား ဆေးရုံမှာ ဆေးကုသနေမှုခံနေတယ်။ အဲ့ဒီလူနာသုံး ယောက်ထဲက နှစ်ယောက်ကို စစ်တွေဆေးရုံကို ဒီနေ့ပို့ဖို့လုပ်နေတယ်။” ဒဏ်ရာရတဲ့သူ ၃ ဦးထဲမှာ ဝခေါက်ချောင်းကျေးရွာသား အသက် ၆၀ အရွယ် ဦးကြာထွန်းအောင်က ဝမ်းဗိုက်မှာဒဏ်ရာရရပြီး မကွေးတိုင်းနတ်မောက်မြို့က ဦးသံချောင်း အသက် ၅၉ နှစ်က ညဖက်ပေါင်မှာဒဏ်ရာရရှိကာ မင်းပြားမြို့နယ် ငစိုင်းရိုင်းချောင်းကျေးရွာ မြစ်နားရွာက ဦးအောင်မြင့်အသက် ၆၇ ခုနှစ်တော့ ဦးခေါင်းမှာ အသီးသီးဒဏ်ရာရရှိခဲ့တာပါ။ ရာမောင်တံတားအနီးက အမ်းသားရွာက သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌကို အမ်းသားကြီး က ”တိုက်ပွဲက မရပ်သေးဘူး။ အခုအချိန် အထိတိုက်ပွဲက ဖြစ်နေတုန်းပဲလေ။ ၃နာရီ ၄၇ မိနစ်ရှိပြီ၊ မနက်ကတည်းကဖြစ်နေတာ။ စိုးရိမ်ရတာတခုကေတော့ ကျည်ဆန်တွေနေအိမ်တွေပေါ်ကျတယ်။ အိမ်ခေါင်မိုးတွေဖောက်သွားတယ်။” လို့ ပြောပါတယ်။ မင်းပြားမြို့နယ်၊ ရာမောင်တံတား၊ ဖားပြိုကျေးရွာ ရန်ကုန်-စစ်တွေ ကားလမ်းမအနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေ ပိတ်မိနေပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုတော့ မင်းပြားမြို့အထက် ကျိန်တောင်ဘုရားစေတီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း မင်းပြားမြို့ခံတွေက ပြောပါတယ်။
2 years Ago

မင်းပြားတွင် တိုက်ပွဲကြောင့် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ ပိတ်မိနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား၊ ဖားပြိုကျေးရွာ ရန်ကုန်-စစ်တွေ ကားလမ်းမအနီးမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၉ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေ ပိတ်မိနေတယ်လို့ သိရပါတယ်။ ရာမောင်းတံတား ဇက်ကူးဆိပ်နားမှာ တိုက်ပွဲဖြစ်ပွားနေပြီး ရန်ကုန်ဘက်သွားတဲ့ ယာဉ်တွေ ရာမောင်တံတားကားလမ်းမတွေမှာ ပိတ်မိနေတယ်လို့ တံတားအနီး အမ်းသာရွာက သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။ “၉ နာရီ ၁၅ မိနစ်လောက်မှာ စပြီးတော့ တိုက်ပွဲဖြစ်နေကြတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေ ကျနော်တို့ တွေ့မြင်နေရတယ်။ တိုက်ပွဲကတော့ အခုအချိန်အထိ ဖြစ်နေတုန်းပဲ၊ အထိအခိုက် အကျဆုံးရှုံးကတော့ ကျနော် မသိရသေးဘူး။ ကားလမ်းတွေကလည်း အကုန်ပိတ်ထားရတယ်။ ရာမောင်တံတားမှာ ဇက်ကူးမရဘူး။ ကားတွေကလည်း အကုန်ပိတ်ဆို့နေတယ်။” တိုက်ပွဲပိုမိုပြင်းထန်လာပါက တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနား ကျေးရွာဒေသခံတွေနဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်နေကြတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ ဖားပြိုကျေးရွာဒေသခံတဦးက “ကျနော်အိမ်နားကပဲ လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေ မြင်ရတယ်။ ကျနော်တို့ကတော့ ဗုံးတွင်းအောက်ပုန်းနေကြတာရှိတယ်။ ကြောက်ပြီးတချို့ကျတော့ ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ထန်ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးဘူးလို့ ဖားပြိုကျေးရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။
2 years Ago

မင်းပြားတွင် လက်နက်ကြီးပေါက်ကွဲ၍ လူငယ် ၁ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အရှေ့ဘက် ၅ မိုင်ခန့်ကွာဝေးတဲ့ ရာမောင်တံတားအနီး ဖားပြို(ရခိုင်ရွာ)မှာ ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကျန်လက်နက်ကြီး ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကျေးရွာအနီးရှိ တမိုင်ခန့်ကွာဝေးတဲ့တောင်နားကို ထင်းခုတ်သွားတဲ့ သူငယ်ချင်းနှစ်ယောက် လမ်းမှာပေါက်ကွဲမှုဖြစ်တာကြောင့် တဦးသေဆုံးသွားတယ်လို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။ “သူတို့ နှစ်ယောက်က ထင်းခုတ်ဖို့သွားကြတယ်။ ထင်းခုတ်လို့ ပြန်အလာမှာဖြစ်တာ။ သူတို့နှစ်ယောက် ခပ်လှမ်းလှမ်းကနေ ရှေ့ဆင့်နောက်ဆင့်သွားနေကြတာဆိုတယ်။ နောက်က အသံကြားလိုက်တဲ့အချိန် လှည့်ကြည့်လိုက်တော့ သူငယ်ချင်းခန္ဓာ ကိုယ်တကိုယ်လုံး မီးလောင်ပြီလို့ ပြောတယ်။ အဲ့ဒီမှာ ငလုံးချေဆိုတဲ့တယောက် သေတယ်။ နောက်တယောက်ကခပ်လှမ်း လှမ်းမှာရှိနေတော့ ဒဏ်ရာရတာမရှိဘူး။” ဖားပြိုကျေးရွာက ကျေးရွာသားတဦးဖြစ်တဲ့ ကိုကျော်ဆန်းဝင်းက “မပေါက်ကွဲသေးဘဲ ကျန်နေခဲ့တဲ့ စစ်လက်ကျန်လက်နက်ကြီးပေါက်ကွဲတာလို့ပြောတယ်။ အဲ့ဒီမှာ လက်နက်ကြီး မပေါက်ကွဲဘဲကျန်ခဲ့တာ။ အဲဒါကိုသူသွားပြီးကိုင်ရာကနေ ပေါက်ကွဲမှုဖြစ်တယ်” လို့ ပြောပါတယ်။ သေဆုံးသွားသူဟာ  ငလုံးချေ အသက် ၁၆ နှစ်ဟာ ဖားပြို(ရခိုင်ရွာ)ကဖြစ်ပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဝမ်းဗိုက်နဲ့ ရင်အုံ၊ မျက်လုံး၊ မျက်နှာ၊ လက်မောင်းတွေမှာ ပြင်းထန်ဒဏ်ရာရှိပြီး ပေါက်ကွဲတဲ့နေရာမှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။ သေဆုံးတဲ့သူအလောင်းကိုတော့ ဖားပြို(ရခိုင်ရွာ)သုသာန်မှာထားရှိတဲ့အချိန်မှာ ကျေးရွာ အနားမှာ တပ်စွဲထားတဲ့ တပ်မတော်စစ်သားတချို့က သေဆုံးသူရဲ့အလောင်းကို လာရောက်ကြည့်ရှု ခဲ့ပြီး ပြန်သွားခဲ့တယ်လို့ ဖားပြိုကျေးရွာသားတွေကပြောပါတယ်။ မကြာသေးခင်က ရာမောင်းတံတားအနီးဖားပြိုကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။   
2 years Ago

ဝေဘာဂီဆေးရုံနှင့် မင်းပြားဆေးရုံက လူနာနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မရှိ

စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေတေဲ့ လူနာတွေထဲက ဝေဘာဂီအထူးကုဆေးရုံက တရုတ်နိုင်ငံသားတဦးနဲ့ မင်းပြားမြို့နယ်ဆေးရုံက အမျိုးသားတဦးတို့ရဲ့ ဓာတ်ခွဲအဖြေတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မရှိတာကြောင့် ဆေးရုံက ဆင်းခွင့်ပြုသင့်၊ မပြုသင့် ဆက်လက်စောင့်ကြပ် ကြည့်ရှုနေတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လပွတ္တာမြို့မှာ တရုတ်နိုင်ငံ ဂျယ်ခေါင်မြို့ကနေ ပြန်လာတဲ့ အမျိုးသားနဲ့ ဇနီးဖြစ်သူမှာ ဖျားနာတာနဲ့ ချောင်းဆိုးတဲ့ လက္ခဏာတွေ ခံစားနေရတဲ့အတွက် လပွတ္တာခရိုင်ပြည်သူ့ဆေးရုံမှာ စောင့်ကြပ်ကုသနေပြီး ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ မန်တိန်မြို့ကနေ ပြန်ရောက်လာတဲ့ သဲကုန်းမြို့နယ်က အမျိုးသမီးတဦးမှာလည်း ဖျားနာတာ၊ လည်ချောင်းနာတာနဲ့ ချောင်ဆိုးတဲ့လက္ခဏာတွေ တွေ့ရတဲ့အတွက် သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြပ်ကုသပေးနေပြီး ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။   ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုတာနဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၇ နာရီခွဲအထိ သံသယလူနာ ၂ ဦးအပါအဝင် လူနာ ၉ ဦးအား ဆေးရုံးတွေမှာ ဆက်လက်စောင့်ကြည့် ကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၃၅၀၀၀ လောက်၊ တရုတ်နိုင်ငံမှာ သေဆုံးသူ ၇၂၂ ဦး၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ ၁ ဦးစီနဲ့ ပျောက်ကင်းသူက ၂၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
2 years Ago

မင်းပြားမြို့ ရာမောင်မြစ်အတွင်း လူသေအလောင်းတွေ့ရှိ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ရာမောင်မြစ်အတွင်းက မျောပါလာတယ်လို့ ယူဆရတဲ့ ပုပ်ပွအလောင်းတလောင်းကို တွေ့ရှိရတယ်လို့ မင်းပြားမြို့ ပြည်တော်လှရပ်ကွက် ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၃ ရက် မနက် ၇ နာရီဝန်းကျင်လောက်က ပြည်တော်လှရပ်ကွက် မြစ်ကမ်းနားရှိ ရွှေပြည်တန်သင်္ဘောဆိပ်ကမ်းအနီးမှာ ပုပ်ပွနေတဲ့အမျိုးသား အလောင်းတလောင်းကို တွေ့ရှိခဲ့တယ်လို့ မင်းပြားမြို့ နာရေးကူညီမှုဖောင်းဒေရှင်းက ပြောပါတယ်။ မင်းပြားမြို့ နာရေးကူညီမှုဖောင်းဒေရှင်း ဒုဥက္ကဋ္ဌ ပြည်တော်လှအုပ်ချုပ်ရေးမှူး  ဦးသိန်းထွန်းက “ရုပ်အခြေအနေကတော့ ပုပ်ပွပြီးတော့ ကားနေပြီ၊ ၃ ရက်၊ ၄ ရက်လောက်ရှိမယ့် အခြေအနေပါ။ လွယ်အိတ် အသေးတလုံးလွဲပြီးတော့ ပါလာတယ်။ ရုပ်က သိပ်မှန်းမရတော့ဘူး။ မျောလာတဲ့အလောင်းက ဘယ်သူဘယ်ကလဲ ဆိုတာ မသိနိုင်ပေမယ့်အသက် ၃၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း စစ်ဆေးချက်တွေ ယူသွားတယ်”လို့ ဆိုပါတယ်။ မျောပါလာတဲ့ အဲ့ဒီအလောင်းကိုတော့ သက်ဆိုင်ရာရဲစခန်းက တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ရဲတပ်ဖွဲတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရောက်ရှိလာပြီးနောက် မင်းပြားမြို့ ပြည်သူဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်လိုက်ပါတယ်။  အခုကိစ္စနဲ့ပတ်သက်လို့ မင်းပြားမြို့ ရဲတပ်ဖွဲ့နဲ့ မင်းပြားအုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
2 years Ago

မင်းပြားမြို့အနီး အင်အား ၅ ဒသမ ၆ ရှိ မြေငလျင်လှုပ်ခတ်

ရခိုင်ပြည်နယ် မင်းပြားမြို့အနီးမှာ   ပြင်းအား ရစ်(ခ်)တာစကေး ၅ ဒသမ ၆ ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင် မနေ့ညနေက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၁၈ မိနစ် ၅ စက္ကန့် အချိန်မှာ စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၃၄)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မင်းပြားမြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ အနက် ၇၇ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့အပါအဝင် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစတဲ့ မြို့တွေမှာ သိရှိခံစားခဲ့ရတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။
2 years Ago

၈ ရက်ကြာပျောက်ဆုံးနေသူအလောင်း မင်းပြားမြို့နယ် အုန်းတောထဲ၌ တွေ့ရှိ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီကျေးရွာက ၈ ရက်ကြာပျောက်ဆုံးနေတဲ့ ကိုဇော်ဝင်းသိန်းအလောင်းကို ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းက ဇောက်ချောင်းအုန်းတောထဲ တွေ့ရှိခဲ့တယ်လို့ ဖခင်ဖြစ်သူကပြောဆိုပါတယ်။ “အလောင်းကိုတွေ့တာ မေလွမ်းအလွန် အုန်းတောထဲမှာတွေ့တာ။ တွေ့တဲ့အချိန်မှာလည်း ပုပ်ပွနေပြီ၊ မျက်နှာတွေ၊ ဦးခေါင်းတွေ ရိုက်နှက် ထုရိုက်ထားတာတွေအများကြီးပဲ၊ ညာဘက်ရင်ဘတ်အောက်က လက်မောင်းအောက်မှာလည်း ဓားနဲ့ထိုးဒဏ်ရာတချက်တွေ့တယ်။ ကျန်တဲ့နေရာတွေမှာက အကုန်ထိုးရိုက်ထားတာတွေ့တယ်။” ကိုဇော်ဝင်းသိန်းဟာ ဇန်နဝါရီ ၁၀ ရက်နေ့ က ကားအပိုပစ္စည်းတွေကို သွားရောက်ဝယ်ဖို့ မင်းပြားမြို့ကို ဆိုင်ကယ်တစီးနဲ့ ရွာကနေ ညနေပိုင်း ၃ နာရီလောက်မှာထွက်သွားပြီးနောက် မင်းပြားမြို့မှာတညအိပ်ပြီး ဇန်နဝါရီ ၁၁ ရက်မနက်ပိုင်းက မေလွမ်းကျေးရွာအနီးမှာ ပျောက်ဆုံးသွားတာကို့ ဖခင်ဖြစ်သူက ပြောပါတယ်။ သေဆုံးသူ ကိုဇော်ဝင်းသိန်းရဲ့ အလောင်းကိုတော့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဂူသွင်းသင်္ဂြိုဟ်လိုက်ပြီလို့ မိသားစုဝင်တွေကပြောဆိုပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင် ဇန်နဝါရီ ၁၁ ရက် မနက် ၅ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မေလွမ်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တာရှိသလို မင်းပြားကျိန်းတောင်ဘုရားကနေ အမြောက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကလည်း မြောက်ဦးကွမ်းတောင်ကျေးရွာကနေ မြေပုံမြို့နယ်ညောင်းကန်ကျေးရွာကိုသွားတဲ့ စက်လှေနဲ့မိသားစု ၃ ယောက် မေလွမ်းကျေးရွာ အနီးမှာ တပ်မတော်စစ်ကြောင်းတခုက ပစ်ခတ်တဲ့ကျည်ထိမှန်ခဲ့တာကြောင့် ၁၀ လသားအရွယ် ကလေးငယ် သေဆုံးခဲ့တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
2 years Ago

မင်းပြားတွင် စစ်ကျန်လက်နက်ကြီး ပေါက်ကွဲသဖြင့် ၈ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာရဲ့ ၆ ဖာလုံအကွာမှာ ဇန်နဝါရီ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်ကျန်လက်နက်ကြီးကျည်ကို ကိုင်ကြည့်ရာမှ ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် ၈ ယောက် ဒဏ်ရရှိခဲ့တယ်လို့ ရွှေကျန်ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ "အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၃ ယောက်၊ အဲဒီအထဲမှာ စိုးရိမ်ရတာ ၃ ယောက်ပါတယ်။ အကုန်ထိခိုက် ဒဏ်ရာရတာက ၈ ယောက်ပါ။ သူတို့ မိသားစုဝင်တွေ ၈ ယောက်က တောကို ထင်းခွေဖို့သွားတာ၊ အဲဒီမှာ စစ်ကျန်လက်နက်ကြီး ပေါက်ကွဲမှုဖြစ်တာ။” ရွှေကျင်ကျေးရွာနားမှာ တပ်မတော်က မကြာသေခင်လပိုင်းတွေမှာ တပ်စွဲနေထိုင်ခဲ့တာရှိပြီး ကျေးရွာအနားတွေ တိုက်ပွဲမဖြစ်တာ ၄ လနီးပါးရှိနေပြီလို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။ မင်းပြား လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်သူတွေ ပါတယ်။ အခု သူတို့ကို ပန်းမြောင်းဆေးရုံကို သွားတယ်။ ပြီးတော့ အခြေအနေ စိုးရိမ်ရတဲ့သူတွေကိုတာ့ မြောက်ဦးဆေးရုံကို ပို့ရမယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာ တနှစ်ကျော်လာပြီ ဖြစ်ပါတယ်။ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတာ ၂၁  ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၆၂ ဦးရှိပြီလို့ သိရပါတယ်။ မြေမြှုပ်မိုင်း အပါအဝင် တိုက်ပွဲအတွင်းမှာ သေဆုံးတာနဲ့ လက်နက်ကြီးကျည်ကျလို့ သေဆုံးတာ ၁၀၅ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူက ၃၄၁ ဦး ရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းအရ သိရပါတယ်။
2 years Ago

မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီး ပစ်ခတ်ခံရသဖြင့် ကလေးငယ်တဦး သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ် မေလွမ်းကျေးရွာအနီးမှာ ဇန်နဝါရီ ၁၁ ရက်နေ့က တပ်မတော်စစ်ကြောင်းတခုက  ပစ်ခတ်တဲ့ကျည် ထိမှန်ခဲ့တာကြောင့် ၁၀ လသားအရွယ် လေးငယ်တဦး သေဆုံးသွားတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ဖခင် ဦးမောင်အေးတင်က “ကျနော်တို့ မြောက်ဦး ကွမ်းတောင်ကနေ ၁၀ နာရီထိုးကနေထွက်လာတယ်။ ကျနော်ရယ်၊ ကျနော့်မိန်းမရယ်၊ ကျနော့်သားရယ် သုံးယောက်၊ စက်လှေနဲ့လာကြတယ်။ မင်းပြားမြို့နယ် မေလွမ်း၊ အနားမရောက်ခင်မှာ ရေလယ်ဘုရားရှိတယ်။ အုန်းကျွန်းအလွန်နားမှာ ကျနော်တို့ကို သေနတ်နဲ့ လှမ်းပစ်တယ်။ ကျနော်က မိန်းမကိုလှမ်းပြောလိုက်တယ်။ သေနတ်ပစ်နေတယ်။ ကလေးယူပြီးတော့ ဝပ်နေလိုက် ပြောလိုက်တယ်။ အဲဒီလိုလှမ်းပစ်တော့ ကျနော်က ဝါးခမောက် (မက်ကလာ) ကို ယမ်းပြတယ်။ ဝေး၊ ဝေး ကျနော်တို့ ပြည်သူတွေ၊ အရပ်သားတွေ၊ မပစ်ကြနဲ့တော့လို့ လှမ်းပြောလိုက်တယ်။ ဒါပေမဲ့ စစ်သားတွေက ထပ်ပစ်တယ်။ ကျနော် စက်လှေ မောင်းနေတာကို ရပ်လိုက်တယ်။ သားကိုကြည့်လိုက်တော့ နောက်ဘက်က ကျည်ဆန်ဝင်ပြီးတော့ အူထွက်နေပြီ၊ အသက်မသေသေးဘူး” လို့ ပြောပါတယ်။ အဲဒီနောက် စက်လှေရပ်လိုက်ပြီး အရပ်သားတွေဖြစ်ကြောင်း ထပ်မံအော်ပြောလိုက်တဲ့အချိန်မှာ ပစ်ခတ်သံတွေ ရပ်သွားပြီး ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေ ပစ်တဲ့နေရာကနေ ထွက်သွားကြတယ်လို့ ဆိုပါတယ်။ သေလုမြောပါးဖြစ်နေတဲ့ ၁၀ လအရွယ်သားဖြစ်သူကို ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့အနီးဆုံး မေလွမ်းကျေးရွာရဲ့ ကျန်းမာရေးရေးဌာနမှာ သွားရောက်ပြသဖို့ စက်လှေကို အဆုံးအထိတင်ပြီး မောင်းနှင်ခဲ့ပေမယ့် မေလွမ်းအရောက်မှာ သားဖြစ်သူ သေဆုံးသွားတယ်လို့ မိခင်ဖြစ်သူ ဒေါ်လှသိန်းဦးက ပြောပါတယ်။ “ဘယ်သူ ပစ်တယ်။ ဘယ်က ပစ်တယ်ဆိုတာ ကျမတို့ အနီးကပ်မြင်ပါတယ်။ ဗမာစစ်သားတွေက အနီးကပ်ဆုံးမှာ ကျမတို့ စစ်လှေနဲ့လာတာကို မြင်လျက်နဲ့ လှမ်းပစ်လိုက်တာ၊ လက်ခုပ်နှစ်ဖက်တီးနေတဲ့ကြားထဲမှာ ကျမသားလေး မြေစာပင် ဖြစ်ရတယ်။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ ဒီအရပ်သားတွေ ဘယ်တော့လွတ်မြောက်မလဲ၊ ဒီလိုပဲခံ နေရတော့မလား။” အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျနော်တို့တွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဖွဲ့အစည်းတရပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့သည် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်မယ့်ကိစ္စ လုံးဝ မလုပ်ဘူး။ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့်ဥစ္စာကို အတက်နိုင်ဆုံးရှောင်တယ်။ ဒါပေမဲ့ တိုက်ပွဲနယ်မြေမှာ ဖြစ်သွားရင်တော့ ကျနော်တို့လည်း စိတ်မကောင်းစွာနဲ့ပဲ ဒါမျိုးက ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတွက်ကြောင့်မို့လို့။ ခင်ဗျားတို့ပြောတဲ့ မနေ့က မေလွမ်းကိစ္စမှာလည်း တိုက်ပွဲဖြစ်တာသည် မေလွမ်းအနားမှာဖြစ်တာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားတာသည် ရာမောင်တံတားနားမှာ ဖြစ်တာ” လို့ ပြောဆိုပါတယ်။ ဒီလိုဖြစ်စဉ်မတိုင်ခင် ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မေလွမ်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တာရှိသလို မင်းပြားကျိန်းတောင်ဘုရားကနေ အမြောက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ တပ်မတော်နဲ့ အေအေတို့ မေလွမ်းကျေးရွာအနီး တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာ မသိကြောင်းနဲ့ ဖုန်းမရှိတဲ့အတွက် အဆက်အသွယ်မရှိဘဲ အခြေအနေ ကောင်းမယ်ထင်လို့ စက်လှေနဲ့ ထွက်လာရာကနေ ဒီလိုဖြစ်သွားရတာလို့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ဖခင်က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေတိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတာ ၂၁ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးရေဟာလည်း ၆၂ ဦးရှိလာနေပြီဖြစ်ပါတယ်။ စစ်ကြောရေးကာလမှာ သေဆုံးတာတွေ၊ တိုက်ပွဲအတွင်းမှာ သေဆုံးတာတွေ၊ လက်နက်ကြီးကျည်ကျလို့ သေဆုံးတာတွေ အပါအဝင် စုစုပေါင်း ၁၀၅ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၄၁ ဦးအထိ ရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းအရ သိရပါတယ်။
2 years Ago

၅ နှစ်ကျော်ကြာဆောင်ရွက်ခဲ့သည့် တက်လမ်းစီမံကိန်း မင်းပြားနှင့်မြေပုံတွင် ရပ်ဆိုင်း

ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက်နေ့က ရပ်ဆိုင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ IRC တက်လမ်းစီမံချက်မှာ မြေပုံနဲ့ မင်းပြား မြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၂ ရွာမှာ လူဦးရေ ၅၆,၀၀၀ ကျော်ကို စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီတွေကို ၅ နှစ်ကျော်ကြာ ဆောင်ရွက်ပေးခဲ့ပါတယ်။ IRC ထုတ်ပြန်ချက်မှာတော့ ရေငံတား တာတမံ အရှည် ၃၁ မိုင်ခန့် ရေတံခါး ၂၄ ခု၊ ဆားငန်ရေဒဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာကို လယ်သမား ၁၆,၅၉၈ ဦးဖြန့်ဝေပေးတာ၊ ကျေးရွာပေါင်း ၉၇ ရွာမှာ အမျိုးသမီးဦးရေ ၂၅၉၃ ဦးကို ငွေကြေးစီမံခန့်ခွဲမှုသင်တန်းတွေက ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ်အစိုးရက လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ပြီးနောက် ခရီးသွားလာခွင့်တွေ တနှစ်ခန့်မရရှိဘဲ စီမံကိန်းကို မူလသတ်မှတ်ထားတာ ထက် တနှစ်စော ရပ်ဆိုင်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ IRC စီမံကိန်းရပ်ဆိုင်း လိုက်တာကြောင့် ဒေသခံကျေးရွာလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှု အခြေအနေတွေ ပိုမိုလျော့ကျသွားသလို လက်ရှိပဋ္ဋိပက္ခအတွင်းမှာ ပြန်လည် ထူထောင်နိုင်မှုကိုလည်း နှေးကွေးသွားစေမယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။ IRC စီမံကိန်းရပ်ဆိုင်းမှုကြောင့် မြေပုံနဲ့ မင်းပြားမှ ဝန်ထမ်း အားလုံးနီးပါး ၆၀ ဦးထက်မနည်း အလုပ်အကိုင် ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။ အခုထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး (ပြောရေးဆိုခွင့်ရှိသူ) ဦးဝင်းမြင့်ကို ဆက်သွယ်နေပေမယ့် (ဖုန်းလက်ခံဖြေဆိုတာမရှိ) ဆက်သွယ်လို့ မရသေးသလို အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ IRC ကတာဝန် ရှိသူတွေကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
2 years Ago

မင်းပြားတွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သင်းပုန်းချောင်းနဲ့ ခွဆုံးကျေးရွာကြား အမ်းတောင်တန်းတွေ ကြားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို တပမတော်ဘက်က ရဟက်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်နဲ့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်း ၉ နာရီမှာ သင်းပုန်ချောင်းကျေးရွာနဲ့ နှစ်ဖာလုံနဲ့ အကွာအဝေးမှာရှိတဲ့ အမ်းလမ်းတောင်တန်းမှာ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ ၁၁ နာရီလောက်မှာ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သင်းပုန်းချောင်းကျေးရွာ မျက်မြင်တွေက ပြောဆိုပါတယ်။ “ကျနော်တို့ သင်းပုန်းချောင်းအရှ့ဘက် အမ်းလမ်းတောင်တန်းမှာဖြစ်ကြတာ။ မနက်ပိုင်း ၉ နာရီနှစ်ဖက်တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်လို့အပြီးမှာ စစ်တပ်ကနေပြီး ကျနော်တို့ရဲ့ ရွာထိပ်ကနေ လေယာဉ်နှစ်စီးလာပစ်တယ်။ ပစ်တာ ၁၅ မိနစ်လောက်ကြာတယ်။ ရဟတ်ယာဉ် နှစ်စီးနဲ့လာပစ်တာ” လို့ပြောပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ သင်းပုန်းချောင်း၊ ခွဆုံ(ရခိုင်ရွာ)၊ စတဲ့ ကျေးရွာတွေရှိကြပြီး အားလုံးနီးပါးက ဇီးပင်ကြီးကျေးရွာ ကိုထွက်ပြေးကြတယ်လို့ သင်းပုန်းချောင်းကျေးရွာက ကျေးရွာလူကြီးက ပြောဆိုပါတယ်။ မင်းပြားမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “တိုက်ပွဲဖြစ်ပွားတာဟုတ်တယ်။ တိုက်ပွဲဖြစ်ပွားနေရာကိုတပ်က လေယာဉ်နှစ်စီးနဲ့ လာပစ်တာကိုမြင်တယ်။ ပြီးတော့ ကျနော်တို့ ကျိန်းတောင်ဘုရားထက်ကလည်း တပ်ကနေ လက်နက်ကြီးတွေလှမ်းပစ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို လှမ်းပစ်နေတာ” လို့ ပြောပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့ကမ င်းပြားမြို့နယ် ငှက်ပျောချောင်းကျေးရွာအနီး၊ သင်းပုန်းချောင်း ကျေးရွာရဲ့ ၁ မိုင်ခန့်အကွာမှာ တပ်မတော်ယာဉ်တန်းမှ ကားနှစ်စီးမိုင်းဆွဲခံရပြီးနောက် သင်းပုန်းချောင်းကျေးရွာက ကျေးရွာသားနှစ်ယောက် ပျောက်ဆုံးနေတယ်လို့ သင်းပုန်းချောင်း ကျေးရွာသားတွေက ပြောဆိုပါတယ်။ ပျောက်ဆုံးနေသူတွေဟာ ဦးမောင်သန်းမြင့်နဲ့ ကိုဝင်းမောင်တို့ ဖြစ်ပြီး ဘယ်လက်နက်ကိုင်းအဖွဲ့အစည်းက ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာ မသိဘူးလို့ သင်းပုန်းချောင်းကျေးရွာသားတွေက ပြောဆိုပါတယ်။ အခုတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်မေးမြန်ရာမှာ ဖုန်းလက်ခံဖြေဆိုတာမရှိသေးသလို ရက္ခိုင့်တပ်တော် အေအေဖက်ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
2 years Ago

မင်းပြားတွင် မူးယစ်ဆေးရောင်းချသုံးစွဲသူများကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေးစာကပ်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်က ရပ်ကွက်တွေထဲမှာ အနာဂါတ်ရခိုင်လူငယ်တွေအတွက် မူးယစ်ဆေးဝါးရောင်းသူတွေနဲ့ သုံးစွဲသူတွေကို ပြင်းထန်စွာအရေးယူသွားမယ်လို့ ရေးသားထားတဲ့ စာတွေကို  ဒီဇင်ဘာ ၂၁ ရက်က လျှပ်စစ်မီးတိုင်တွေမှာ ကပ်ပြီး သတိပေးထားပါတယ်။ မင်းပြားမြို့က ရပ်ကွက် ၈ ခုစလုံးမှာ စာတွေလိုက်ကပ်ထားတာဖြစ်ပြီး  ရပ်ကွက်တခုထဲမှာကို ၅ နေရာ ၆ နေရာလောက်ကပ်ထားတာတွေ့ရတယ်လို့ မင်းပြားမြို့ခံ ကိုသိန်းစံက ပြောပါတယ်။  “ဒီလိုအသိပေးတာ ကြိုဆိုပါတယ်။ အခုကပ်ထားတာက အေအေဘက်က ကပ်တာလား၊ ဘယ်သူကပ်လည်းဆိုတာ မသိဘူး။ မကြာသေးခင် ရက်ပိုင်းကတော့ မြောက်ဦးမြို့မှာ မူးယစ်ဆေး သုံးတဲ့လူငယ် ၂၀ ကို အေအေက ထိန်းသိမ်းထားတယ်လို့ သတင်းတွေမှာတွေ့ရတယ်။ လက်ရှိ အစိုးရ၊ မူးယစ်တပ်ဖွဲ့တို့၊ ရဲတို့က ဖမ်းမှ မဖမ်းကြတာဗျာ" အခုလို အသိပေးစာတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပထမဆုံးကပ်ပြီးနောက် မြောက်ဦးမြို့မှာလည်း သတိပေးစာတွေကပ်ခဲ့ဖူးပြီး အခု မင်းပြားမြို့ဟာ  တတိယမြောက် အသိပေးစာ ကပ်ခံရတဲ့မြို့ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်ညကတော့  ရက္ခိုင့်တပ်တော် (အေအေ)က  မြောက်ဦးမြို့ထဲဝင်ပြီး မူးယစ်ဆေးဝါးသုံးတဲ့  လူငယ် ၂ဝ ကျော်ကို ဖမ်းခေါ်ဆောင်သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေဆိုးရွားနေပြီး စိတ်ကြွမူးယစ်ဆေးတွေ ဖမ်းဆီးရမိမှုတွေလည်း မကြာခဏရှိနေပါတယ်။  ကောင်းကောင်း
2 years Ago

မင်းပြားမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတဦး ဈာပန ဒေသခံထောင်ချီ ပို့ဆောင်

ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ ကျေးရွာခံအမျိုးသမီးတဦးတို့ရဲ့ ဈာပနကို  ဒီနေ့ နေ့လယ်ပိုင်းက ဒေသခံထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ပြီး မင်းပြားသုဿာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ သေဆုံးသွားသူတွေဟာ စိတ္တရကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း ၄၂ နှစ်နဲ့ ၃၉ နှစ်အရွယ်ရှိတဲ့ စိတ္တရကျေးရွာက ဒေါ်ဖြူဖြူဝင်းတို့ဖြစ်ကြပြီး ဒေသခံ ၂၀၀၀ ကျော်က ရေဝေးသုဿာန်ကို လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာကို တပ်မတော် စစ်ကြောင်းက ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်က ဝင်ရောက်လာကာ သေနတ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ဖြူဖြူဝင်း သေဆုံးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ နှိပ်စက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ နယ်ခံလွှတ်တော်အမတ်နဲ့ မိသားစုတွေက ပြောပါတယ်။ ဒါ့ပြင့် တပ်မတော်စစ်သားတွေက ရွာအတွင်းပစ်ခတ်မှုတွေလုပ်ခဲ့ပြီးနောက်မှာ စိတ္တရာကျေးရွာက ကျေးရွာသား ၈ ယောက်ကို ခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီထဲမှာ ကျည်ထိဒဏ်ရာရရှိထားတဲ့ လူတယောက်ပါသွားတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက ပြောဆိုပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံအမျိုးသမီးတို့ အသတ်ခံရမှုနဲ့ပတ်သက်လို့ ကျူးလွန်သူများအား ထိရောက်စွာအရေးယူပေးဖို့ မိသားစုဝင်တွေက ဒီဇင်ဘာ ၁၂ ရက်န့က မင်းပြားမြို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသလို မိတ္တူကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင် အပင်ရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲမှူးချုပ်နယ်တော်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ကို တိုင်ကြားထားပါတယ်။ စိတ္တရကျေးရွာက ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်ရာမှာ သူ့အနေနဲ့ ခရီးထွက်နေတာ တပတ်လောက်ရှိနေပြီ ဖြစ်တာကြောင့် အဲ့ဒါတွေ အဆက်အသွယ်ပြတ်နေလို့ အတိအကျမသိဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။ ဒါ့အပြင် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့က တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ခဲ့ ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။  
2 years Ago
More News
Up