Search Results For: ဂွါဒီယိုလာ

၁၂ ပွဲဆက် အနိုင်ရရေး စွမ်းဆောင်ခဲ့သည့် ကစားသမားများကို နည်းပြဂွါဒီယိုလာ ချီးကျူး

ပြိုင်ပွဲစုံမှာ ၁၂ ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ မနေ့က ကစားသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ၁၂ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာပါ။

ပရီးမီးယားလိဂ်မှာတော့ ၈ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တယ်။ 

ရှက်ဖီးယူနိုက်တက်အသင်းက ကစားသမားတွေအားလုံး ခံစစ်မှာ စုပြုံပိတ်ကစားတဲ့ အသင်းဖြစ်လို့ ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

ကစားသမားတွေအနေနဲ့ ၁၂ ပွဲဆက်တိုက် အနိုင်ရခဲ့တာတောင် တိရစ္ဆာန်တွေလို လှုပ်ရှားရုန်းကန်ပြီး ကစားခဲ့တယ်လို့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်း အမှတ်အများဆုံး ရယူနိုင်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ၄၀၁ မှတ် ရှိသွားခဲ့ပါတယ်။ မန်စီးတီး နောက်မှာ လီဗာပူးက ၃၈၄ မှတ်နဲ့ ဒုတိယလိုက်နေပါတယ်။

3 months Ago

ချဲလ်ဆီးမှ ထုတ်ပယ်ခံရသည့် နည်းပြလမ်းပတ်ကို ဂွါဒီယိုလာက အားပေးစကားပြော

လော့ဒေါင်းကာလ ပြီးဆုံးချိန်မှာ နည်းပြ လမ်းပတ်နဲ့ ညစာအတူ စားနိုင်ဖို့ မျှော်လင့်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးနည်းပြရာထူးကနေ တနင်္လာနေ့က ထုတ်ပယ်ခံခဲ့ရပြီး နည်းပြ ဂွါဒီယိုလာက လမ်းပတ်ကို အားပေးစကားဆိုခဲ့တာပါ။ 

ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ရင် အစားထိုးခံရမှာဖြစ်ပြီး အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားကြောင်း၊ လော့ဒေါင်းကာလ ပြီးဆုံးချိန်မှာ လမ်းပတ်နဲ့ စားသောက်ဆိုင်မှာ တွေ့ချင်သေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောခဲ့တာပါ။ 

လက်စတာနည်းပြ ရော်ဂျာကတော့ လမ်းပတ်အတွက် စိတ်မကောင်းဖြစ်မိပြီး အသင်းဘက်က အခုထက် အချိန်ပိုပေးသင့်ကြောင်း သုံးသပ်ပါတယ်။

အလားတူ ခရစ္စတယ်ပဲလေ့နည်းပြ ရွိုင်းဟော့ဆန်နဲ့ အာဆင်နယ်နည်းပြ အတီတာတို့ကလည်း လမ်းပတ်ကို အချိန်တစ်ခုပေးသင့်ကြောင်း သုံးသပ်ကြပါတယ်။

3 months Ago

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်း ၁ လခန့် အနားယူရမည်ဟု နည်းပြဂွါဒီယိုလာ အတည်ပြု

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် တစ်လလောက် အနားယူရမယ်လို့ နည်းပြ ပတ်ဂွါဒီယိုလာက အတည်ပြုသွားပါတယ်။  အက်စ်တွန်ဗီလာနဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီဘရိုင်းက တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ချက်ခြင်းလူစားလဲခဲ့ရတာဖြစ်ပါတယ်။  ဒဏ်ရာကို စစ်ဆေးအပြီးမှာတော့ ၄ ပတ်ကနေ ၆ပတ်အထိ အနားယူရမယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြုခဲ့ပါတယ်။ ”ကီဗင်ရဲ့ ဒဏ်ရာကို အသင်းဆရာဝန်က စကမ်ဖတ်စစ်ဆေးခဲ့ပြီး ၄ ပတ်ကနေ ၆ ပတ်အထိ အနားယူရမယ်လို့ ပြောပါတယ်။ ဒါက အသင်းအတွက်ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပေမယ့် ကျနော်တို့ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။”  ဒီဘရိုင်းအနေနဲ့ တစ်လလောက် အနားယူရမှာဖြစ်လို့ လာမယ့်ဖေဖော်ဝါရီလ ပိုင်းမှာ ကစားရမယ့်  လီဗာပူး၊ စပါးနဲ့ အာဆင်နယ်ပွဲအထိ လွဲချော်ဖို့ ရှိပါတယ်။ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ  ၃ ဂိုးသွင်းပြီး ၁၀ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာကြောင့် သူဒဏ်ရာကြောင့် အနားယူရမှာက မန်စီးတီးတိုက်စစ်ပိုင်းအတွက် အခက်တွေ့ဖို့ ရှိနေပါတယ်။ 
3 months Ago

အသက်ကြီးမှ မန်နေဂျာဘဝက အနားယူမည်ဟု ပက်ဂွါဒီယိုလာ ပြော

အရင်က ခန့်မှန်းထားတာထက် မန်နေဂျာဘဝမှာ ကြာကြာဆက်နေသွားဖို့ ရှိနေတယ်လို့ မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောပါတယ်။  အသက် ၄၉ နှစ်အရွယ် ဂွါဒီယိုလာဟာ တခြားသော စိတ်ဝင်စားမှုတွေနောက် လိုက်ဖို့အတွက် ဘောလုံးနည်းပြဘဝကို ခပ်စောစောအချိန်မှာ အနားယူဖို့ ကန့်သတ်ထားတယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။  “အရင်ကတော့ နည်းပြအလုပ်ကို သိပ်မကြာခင်မှာ အနားယူလိုက်ဖို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် အခုတော့ အသက်တွေကြီးလာမှ အနားယူမယ်လို့ တွေးမိလာပါတယ်။ ဘာလို့လဲတော့ မသိပါဘူး” လို့စပိန်သား နည်းပြက ပြောပါတယ်။ သူဟာ မန်စီတီးအသင်းနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ အဓိကကျတဲ့ ဆုဖလား ၆ လုံးလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။  မန်စီတီးကိုမရောက်ခင် သူဟာ ဘာကာအသင်းမှာ ၄ နှစ်၊ ဘိုင်ယန်မြူးနစ်အသင်းမှာ ၃ နှစ်တာဝန်ယူခဲ့သူပါတယ်။  “အတွေ့အကြုံက ခင်ဗျားအတွက် အထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့် ကျနော်ပရော်ဖက်ရှင်နယ်အဖြစ် လုပ်နေတဲ့ ပုံစံမှာပေါ့” လို့ သူကပြောပါတယ်။ မန်စီးတီးအသင်းမှာ ၅ နှစ်ကြာတာဝန်ယူဖို့ ပြင်ဆင်ထားမှုဟာ ဂွါဒီယိုလာရဲ့နည်းပြဘဝမှာ အသင်းတစ်သင်းကို အချိန်အကြာဆုံးကိုင်တွယ်မှုဖြစ်ပါတယ်။  သူဟာ စီတီးကို ၂၀၁၆ ခုနှစ်မှာ ရောက်ရှိလာသူဖြစ်ပြီး မန်ချက်စတာသားတွေအတွက် ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ အက်ဖ်အေဖလား ၁ လုံးနဲ့ လိဂ်ဖလား ၃ လုံး ဆွတ်ခူး  ပေးထားနိုင်သူဖြစ်ပါတယ်။  ဂွါဒီယိုလာရဲ့အသင်းဟာ ဒီနေ့ည ၁၁ နာရီမှာ ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ရမှာပါ။ ဒီပွဲ မတိုင်ခင် အသင်းဟာ ၆ ပွဲဆက်နိုင်ထားပြီး ဇယားထိပ်က ပြိုင်ဘက်အသင်းအများစုထက် ၂ ပွဲလျော့  နေပေမယ့် ဂွါဒီယိုလာကတော့ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့အကြောင်းကို မတွေးသေးဘူးလို့ ပြောပါတယ်။ “ကျနော်တို့မှာ ၂ ပွဲကန်ဖို့ ရှိနေသေးပေမယ့် ဒီ ၂ ပွဲလုံးရှုံးသွားတာမျိုး ဒါမှမဟုတ် တခုခုလည်းဖြစ်သွားနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက ခက်ခဲတာချည်းပဲဆိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေတာက ပိုကောင်းပါတယ်။ ပရီးမီးယားလိဂ်ကိုမလာခင် ကျနော်မေးမြန်းစူးစမ်းမှုတွေအရ အသင်းတိုင်းက တခြားအ အသင်းတိုင်းကို ရှုံးနိမ့်နိုင်ပါတယ်ဆိုတာမျိုးကို ကြားခဲ့ရပါတယ်။ ဒီအမှန်တရားကို အခုရာသီမတိုင်ခင်အထိ ကျနော် သေသေချာချာ သဘောမပေါက်ခဲ့ပါဘူး။ အခုတော့ ဒါကို ပထမဆုံးအနေနဲ့ ကျနော်သိမြင်လာရပါပြီ” လို့ သူက ပြောပါတယ်။
4 months Ago

ဂွါဒီယိုလာနှင့် အင်းနရစ်တို့ကို အကောင်းဆုံးနည်းပြ နှစ်ဦးအဖြစ် မက်ဆီ ချီးကျူး

နည်းပြ ဂွါဒီယိုလာနဲ့ အင်းနရစ်တို့က အကောင်းဆုံးနည်းပြ နှစ်ဦးဖြစ်တယ်လို့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောပါတယ်။  ရာသီအကုန်မှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိချိန်မှာ စီးတီးနည်းပြ ဂွါဒီယိုလာကို မက်ဆီက ချီးကျူးခဲ့တာပါ။  လာဆက်တာနဲ့ အင်တာဗျူးမှာ မက်ဆီက ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဂွါဒီယိုလာနဲ့ လူးဝစ်အင်းနရစ်တို့ နှစ်ဦးကို ချီးကျူးခဲ့ပြီး သူတို့နှစ်ဦးလက်အောက်မှာ သင်ယူခွင့်ရခဲ့တာက ကံကောင်းခဲ့ကြောင်း မက်ဆီက ပြောပါတယ်။ ဂွါဒီယိုလာက ထူးခြားတဲ့နည်းပြဖြစ်ပြီး လူးဝစ်အင်းနရစ်ကလည်း ကောင်းမွန်တဲ့နည်းပြ ဖြစ်လို့ အကောင်းဆုံးနည်းပြ နှစ်ဦး ဖြစ်ကြောင်း၊ သူတို့နှစ်ဦးကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ တိုးတက်လာခဲ့သလို နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီးလည်း သူတို့က သင်ကြားပေးခဲ့တယ်လို့ မက်ဆီက ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
4 months Ago

အာတီတာကို ထုတ်ပယ်လျှင် မဟာအမှားကြီးဖြစ်မည်ဟု နည်းပြ ဂွါဒီယိုလာပြော

နည်းပြ အာတီတာကို ထုတ်ပယ်လိုက်ရင် မဟာအမှားကြီးဖြစ်သွားလိမ့်မယ်လို့ အာဆင်နယ် ဘုတ်အဖွဲ့ကို ဂွါဒီယိုလာက မှတ်ချက်ပေးသွားပါတယ်။  နည်းပြ ဂွါဒီယိုလာဟာ အာတီတာရဲ့ အာဆင်နယ်အသင်းနဲ့ ကရာဘောင်းဖလား ကွာတား ဖိုင်နယ်မှာ ထိပ်တိုက်တွေ့နေပြီး အာတီတာကို ထုတ်ပယ်သင့်သလားဆိုတာကို နည်းပြဂွါဒီယိုလာက မှတ်ချက်ပေးပြောသွားခဲ့တာဖြစ်ပါတယ်။  အာတီတာနဲ့ နှစ်အကြာကြီး လက်တွဲခဲ့ဖူးတဲ့အတွက် သူ့ရဲ့အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ကို သေချာသိရှိပြီး အချိန်တစ်ခုပေးပြီး စိတ်ရှည်ပေးဖို့သာ လိုအပ်တယ်လို့ အကြံ ပေးခဲ့တာပါ။  ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်းက အောင်မြင်မှုတွေရရှိခဲ့ပေမဲ့ အာတီတာမပါဘဲ မဖြစ်နိုင်ကြောင်းလည်း ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့ပါတယ်။ 
4 months Ago

ဆိုးလ်ရှား၏ တန်ဖိုးကို သိကြရန် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ ပြော

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် မန်စီးတီးနည်ပြ ပက်ဂွါဒီယိုလာကတော့ နည်းပြ ဆိုးလ်ရှားကို မန်ချက်စတာဒါဘီပွဲမတိုင်ခင် ထောက်ခံစကား ပြောလိုက်ပါတယ်။  အင်္ဂါနေ့ပွဲမှာ လိုက်ပစ်ဇ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေတင် လှည့်ပြန်ခဲ့ရပါပြီ။ ဒီရလဒ်ကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြ ရာထူးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့ ရလဒ်ကို ရရှိထားပြီး မန်စီးတီးအသင်းရဲ့အထက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဒါဘီပွဲမတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ အနိမ့်အမြင့် အတက်အကျများတဲ့ ဘောလုံးမန်နေဂျာတွေအကြောင်း မန်စီးတီးနည်းပြ ပက်ကို မေးမြန်းခဲ့ပြီး “ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျနော်တို့ကို လစာတွေအများကြီး ပေးထားကြတာပေါ့ဗျ” လို့ ပက်က အရွှန်းဖောက်ခဲ့ပါတယ်။  ဆိုးလ်ရှားနဲ့ပတ်သက်ပြီး သူက “အရေးကြီးဆုံးအချက်က ဆိုးလ်ရှားရဲ့ တန်ဖိုးကို သိထားဖို့ပါပဲ။ ဒီအတွက် လုံးဝ သံသယမရှိပါဘူး။ သူက ကြံ့ခိုင်ပြီးသားလူဖြစ်လို့ ကျနော့်ဆီက အားပေးမှု မလိုအပ်ပါဘူး။ ဒီအလုပ်က ဘယ်လိုပုံစံရှိလဲဆိုတာ သူ သိပါတယ်။ ကျနော်တို့ အနိုင်ရရင် လူတွေက ဉာဏ်ကြီးရှင်တွေလို ချီးကျူးကြပြီးတော့ ရှုံးရင်တော့ ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းမှာ ဖြစ်သလို ကမ္ဘာတဝန်းလုံးက ကလပ်အသင်းတိုင်းမှာလည်း ဖြစ်ပါတယ်။ ဒါဟာ အရှိတရားပါ” လို့ ပက်က ပြောပါတယ်။ ပက်ရဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ၈ နှစ် ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာလည်း ပက်လက်ထက် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်သွားဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။  လာမယ့် မန်ချက်စတာဒါဘီမှာ နောက်ခံလူ အဲရစ်ဂါစီယာ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ ပက်က ပြောခဲ့ပြီး ဒဏ်ရာကနေ ပြန်ကောင်းခါစ အဂွဲရိုးဟာ လာမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ မန်ချက်စတာမြို့မှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ကန့်သတ်ချက်တွေရှိနေဆဲ ဖြစ်တာကြောင့် စနေနေ့ပွဲဟာ ပရိသတ်မပါတဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
4 months Ago

မန်ယူနှင့်ပွဲတွင် အဂွဲရိုးကို  အသုံးမပြုဟု ဂွါဒီယိုလာ ပြော

မန်ယူနဲ့ ကန်မယ့် ပွဲစဉ်မှာ တိုက်စစ်မှူး အဂွဲရိုးကို ပွဲထွက်ကစားစေမှာ မဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။  အဂွဲရိုးဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် မာဆေးကို ၃ ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့ပါတယ်။   အဂွဲရိုးအနေနဲ့ မာဆေးနဲ့ ပွဲမှာ ၂၅မိနစ် ဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းခဲ့ပေမဲ့ လေ့ကျင့်ချိန် သိပ်မရသေးတာကြောင့် မန်ယူနဲ့ ပွဲမှာ ပွဲထွက် အသုံးပြုမှာ မဟုတ်ဘဲ တစ်ဆင့်ချင်းစီ သွားရမှာဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  နည်းပြဂွါဒီယိုလာအနေနဲ့ မန်ချက်စတာဒါဘီမှာ အဂွဲရိုးကို လူစားဝင် ကစားစေဖို့တော့ ရှိပါတယ်။  တိုက်စစ်မှူး အဂွဲရိုးဟာ မာဆေးနဲ့ ပွဲမှာချန်ပီယံလိဂ်သွင်းဂိုး ၁ ဂိုးရခဲ့တာကြောင့် စုစုပေါင်း ၄၁ ဂိုး ရှိသွားပြီဖြစ်ပါတယ်။  တောင်အမေရိကကစားသမားတွေထဲမှာ မက်ဆီပြီးရင် ချန်ပီယံလိဂ်သွင်းဂိုး ဒုတိယ အများဆုံး ကစားသမားအဖြစ် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနဲ့အတူ ပူးတွဲရပ်တည် နေပါတယ်။
4 months Ago

ချန်ပီယံလိဂ်အုပ်စုကျော်ဖြတ်နိုင်မှု ဒါဘီပွဲကို သက်ရောက်မှု မရှိဟု ဂွါဒီယိုလာ ပြော

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို စောစောစီးစီးကျော်ဖြတ်ထားနိုင်ခြင်းက နောက်တစ်ပတ်မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲအတွက် အားသာချက်ဖြစ်စေတယ်လို့ ပြောစကားကို မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပယ်ချခဲ့ပါတယ်။  မန်စီတီးအသင်းဟာ အုပ်စုပွဲစဉ်တစ်ပွဲကျန်တဲ့ အချိန်မှာတင် ရှုံးထွက်အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီဖြစ်ပြီး နောက်လာမယ့် မာဆေးလ်နဲ့ပွဲက သူတို့အတွက် သိပ်အရေးမကြီးတော့ဘူးလို့ သတ်မှတ်ရပါမယ်။  မန်စီတီးက ဒီပွဲမှာ အဓိကကစားသမားတွေကို အနားပေးနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပေမဲ့ တစ်ဖက်မှာတော့ ယူနိုက်တက်အသင်းဟာ အုပ်စုတက်ဖို့ ဂျာမနီမြေမှာ လိုက်ပစ်ဇ်အသင်းကို မဖြစ်မနေ အနိုင်ကန်ရမှာ ဖြစ်ပါတယ်။  ဒီလိုမျိုး သီတင်းပတ်လည်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်အနေအထားက စနေနေ့ မန်ချက်စတာဒါဘီပွဲအတွက် သက်ရောက်မှု ရှိလာနိုင်တယ်လို့ ယူဆချက်တချို့ ထွက်ပေါ်နေပေမဲ့ ဂွါဒီယိုကတော့ ဒါကို လက်မခံပါဘူး။  ဒါဘီပွဲစဉ်တွေရဲ့ သဘာဝအတိုင်း ဘယ်အသင်းမှာမှ အားသာချက်ဆိုတာ ရှိမနေဘူးလို့လည်း ပြောပါတယ်။  “ဒါဘီပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတွေဟာ ပင်ပန်းနေကြမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဆန့်ကျင်ဘက်အဖြစ် ရေကုန်ရေခမ်းယှဉ်ပြိုင်ကြမှာပါ။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ အာရုံစူးစိုက်မှုရှိရမှာပါ” လို့ မန်စီတီးနည်းပြက  ပြောပါတယ်။  မန်စီတီးအသင်းရဲ့ တိုးတက်ပြောင်းလဲလာပုံကိုလည်း နည်းပြက ကျေနပ်နေပြီး သူ့ အသင်းဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။  “ကျနော်တို့ တစ်လကျော်ကထက်ပိုကောင်းလာပါတယ်။ ဒါပေမဲ့ ဒါဟာ ပုံမှန်ပါပဲ။ ကြိုတင်ပြင်ဆင်မှု၊ အချိန်ယူမှုမရှိဘူးဆိုရင် ဒါဟာဖြစ်လာနိုင်တာပါပဲ။ ဒါကို ဆက်လက် လုပ်ဆောင်သွားရပါမယ်။”  မန်စီတီးအသင်းကို ဂွါဒီယိုလာ ရောက်လာပြီးချိန်ကတည်းက အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ 
5 months Ago

ဖူဟမ်နှင့် ပွဲတွင် လူစားလဲမှု မလုပ်ခဲ့သည့်အပေါ် နည်းပြ ဂွါဒီယိုလာ ဖြေရှင်း

ဖူဟမ်အသင်းနဲ့ပွဲမှာ လူစားလဲမှု တစ်ကြိမ်မှ မလုပ်ခဲ့တဲ့အပေါ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဖြေရှင်းလိုက်ပါတယ်။  မန်စီးတီးအသင်းဟာ ဖူဟမ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားသမား ၁၁ ဦးလုံးကို ပွဲချိန်ပြည့်အသုံးပြုသွားခဲ့တာပါ။  လူစားလဲမှု မရှိခဲ့တာက လာမယ့်ဗုဒ္ဓဟူးနေ့ ကစားမယ့် မာဆေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ် အတွက်ဖြစ်ပြီး ဖူဟမ်နဲ့ပွဲမှာ မကစားခဲ့ရတဲ့သူတွေက ချန်ပီယံလိဂ်မှာ အင်ပြည့်အားပြည့်နဲ့ ကစားနိုင်မယ်လို့ ဂွါဒီယိုလာကပြောပါတယ်။  နောက်ဆုံးပွဲချိန် ၂၅ မိနစ်အတွင်းမှာ ကွင်းလယ်လူ ဒီဘရိုင်းက အနည်းငယ် မောပန်း နေခဲ့တယ်လို့လည်း  ဂွါဒီယိုလာက ပြောပါတယ်။  ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၃ ကြိမ်သာ ပြုလုပ်ခွင့်ရပေမဲ့ တစ်ကမ္ဘာလုံးမှာ ၅ ဦးအထိ လဲလှဲအသုံးပြုခွင့်ရှိတာက ဘာကြောင့်လဲဆိုတာ နာမလည်နိုင်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းကြီးတွေက ၅ ဦး လူစားလဲခွင့်ပေးဖို့ တောင်းဆို နေပေမဲ့ အသင်းငယ်တွေဘက်က ၃ ဦးသာ လဲလှယ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ 
5 months Ago

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပက်ဂွါဒီယိုလာ ပြော

ဒီမနက်အစောပိုင်း ကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက  ပေါ်တိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီး ၁၆ သင်း အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒီပွဲ သရေရလဒ်ကြောင့် မန်စီးတီးဟာ အုပ်စု C ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိနေပြီး တပွဲကန်ဖို့ ကျန်နေတဲ့အချိန်မှာ နောက်တဆင့်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။  ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့အတွက် ဘယ်အသင်းမှာမှ အာမခံချက် မရှိဘူးလို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကပွဲအပြီးမှာ ပြောပါတယ်။  ဒါပေမဲ့ ဥရောပအင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်၊ အက်သလက်တီကို၊ အင်တာမီလန်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ လိုက်ပစ်ဇ်အသင်းတို့ဟာ အုပ်စုအဆင့်ကနေ ထွက်ခွာရဖွယ်ရှိတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူဘူးလို့ ပြောပါတယ်။ “အုပ်စုအဆင့်ကနေ တက်ရောက်ဖို့ဆိုတာ ဘယ်လောက်အရေးပါပြီး နောက်တဆင့် ရောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိထားပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဟာ လုံးဝ လွယ်ကူမှုမရှိတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ တစ်ပွဲ၊ နှစ်ပွဲလောက် အိပ်ပျော်သွားမယ် ဆိုရင် အခြေအနေတွေအားလုံးက ရှုပ်ထွေးကုန်တော့တာပါပဲ။ ဒီနေ့ကတော့ ပျော်စရာကောင်းတဲ့ နေ့ ဖြစ်ပြီးတော့ ချန်ပီယံလိဂ်ကို ဖေဖော်ဝါရီလအထိ မေ့ထားလို့ရပါပြီ။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်သွားပါမယ်” လို့ ပက်က ပြောပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ မာဆေးလ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး မန်ချက်စတာဒါဘီ ပွဲမတိုင်ခင် ၃ ရက်အလိုမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ နိုင်နိုင် ရှုံးရှုံး ထူးခြားမှုမရှိတော့ကြောင့် ဒီပွဲအတွက် ကစားသမားတွေကို အနားပေးနိုင်ပေမယ့် ပက်ကတော့ မာဆေးလ်အသင်းကိုလည်း အတောင့်တင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။  မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ ချန်ပီယံလိဂ် ၄ ပွဲမှာ clean sheets ရရှိခဲ့ပေမယ့် ပေါ်တူဂီမြေမှာတော့ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဒီပွဲမှာ စတားလင်း၊ ရူဘင်ဒီယတ်၊ အဲရစ်ဂါစီယာတို့ဟာ ဂိုးရဖို့နီးစပ်ခဲ့ပြီး ဂျေဆုရဲ့ သွင်းဂိုး တဂိုးဟာလည်း VAR ကြာင့် ပယ်ဖျက်ခံခဲ့ရပါတယ်။  သွင်းဂိုးတွေ ရှားပါးနေမှုဟာ မန်စီးတီးအသင်း ဒီရာသီမှာ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာတစ်ခုဖြစ်ပြီး ဂိုးမရှိ သရေရလဒ် ထပ်မံထွက်ပေါ်ခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အတွက် ဝမ်းသာမိတယ်လို့ ပက်က ပြောပါတယ်။
5 months Ago

မာရာဒိုနာ ကွယ်လွန်ခဲ့သည့်အပေါ် အဂွဲရိုးမိသားစု စိတ်ထိခိုက်နေဟု ဂွါဒီယိုလာ ပြော

မာရာဒိုနာ ကွယ်လွန်သွားခဲ့တဲ့အပေါ်အဂွဲရိုးရဲ့မိသားစု စိတ်ထိခိုက်ခံစားရကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ မာရာဒိုနာရဲ့အငယ်ဆုံးသမီးဖြစ်သူ ဂျီယန်နီနာနဲ့ လက်ထပ်ခဲ့ပြီး ၁၁ နှစ်အရွယ် သားတစ်ဦးရှိပါတယ်။  အဂွဲရိုးဟာ ၂၀၁၂ ခုနှစ်က မာရာဒိုနာရဲ့ သမီး ဂျီယန်နီနာနဲ့ ကွာရှင်းခဲ့ပေမယ့် သားဖြစ်သူနဲ့ ပတ်သက်ပြီး သူ့အဘိုး ကွယ်လွန်ခဲ့မှုအပေါ်မှာ စိတ်ထိခိုက်နေရတယ်လို့ သိရပါတယ်။  အဂွဲရိုးရဲ့ အခြေအနေကို ပြောဖို့ခက်ခဲပြီး အထူးသဖြင့် သူ့ရဲ့ သားဖြစ်သူအခြေအနေက အဂွဲရိုးရဲ့ မိသားစုအတွက် ဝမ်းနည်းစရာအခြေအနေ ဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  အဂွဲရိုးဟာ ဒဏ်ရာကနေ ပြန်လည်သက်သာခဲ့လို့ အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစားဝင်ကစာခဲ့ပါတယ်။  ဒီကနေ့ည ၉ နာရီခွဲ ကစားမယ့် ဘန်လေနဲ့ပွဲမှာတော့ ပါဝင်ကစားနိုင်ဖွယ်မရှိပါဘူး။  မာရာဒိုနာက ဘယ်တော့မှာ မေ့လို့မရတဲ့သူဖြစ်ပြီး အားလုံးနဲ့အတူ အမြဲရှိနေမယ်လို့ အဂွဲရိုးက သူ့ရဲ့ တွစ်တာကနေ ရေးသားခဲ့ပါသေးတယ်။
5 months Ago

အိုလံပီယာကော့စ်ကို အနိုင်ရရှိခဲ့သည့်မန်စီးတီးအသင်း၏စွမ်းဆောင်ရည်ကို ဂွါဒီယိုလာ ချီးကျူး

မန်စီတီးအင်းဟာ လာမယ့်ပွဲစဉ်တွေမှာ အကောင်းဆုံး ပုံစံကို ပြန်လည်ပြသနိုင်တော့မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  ချန်ပီယံလိဂ်မှာ အိုလံပီယာကော့စ်အသင်းကို ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိကာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အခုလို ပြောခဲ့တာပါ။ ဒီပွဲရဲ့တစ်လုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်လူ ဖီးလ်ဖိုဒန်က သွင်းယူပေးခဲ့ပြီး မန်စီတီးအသင်းဟာ ဒီပွဲမှာ ပြိုင်ဘက်ဂိုးပေါက်ကို ၂၂ ကြိမ်ထိ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။  ဂွါဒီယိုလာက ဒီပွဲမှာပြသခဲ့တဲ့ မန်စီတီးတစ်သင်းလုံးရဲ့ ခြေစွမ်းကို ကျေနပ်အားရနေပြီး ကစားသမားတွေဟာ အခုရာသီ အစမကောင်းခဲ့တာကနေ ရုန်းထွက်ဖို့ အဆင့်သင့်ဖြစ်နေပြီ ဆိုတာကို ပြသနေတယ်လို့ ယုံကြည်နေပါတယ်။  မန်စီတီးဟာ ပရီးမီးယားလိဂ်မှာ ရာသီစကတည်းက ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိ အချိန်မှာအဆင့် ၁၃ ကို ရောက်နေကာ ထိပ်ဆုံးက စပါးအသင်းနဲ့ ၈ မှတ်ကွာဟနေပါတယ်။ “ကျနော်တို့ နေရာစုံမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကိုတက်  ရောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် တခြားပြိုင်ပွဲတွေကို ပိုပြီး အာရုံစိုက်လို့ရပါပြီ။ ကျနော်တို့ ဂိုးတွေ ပိုသွင်းလိုနေပြီးတော့ တစ်နေ့ကျရင် စံချိန်အားလုံးကို ချိုးဖျက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ “ဒီနေ့ပွဲမှာကျနော်တို့အသင်းက ဂိုးတွေကို ပိုရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမား ၉ ယောက်လောက်ပိတ်ဆို့နေတော့ ဂိုးသွင်းဖို့ မလွယ်ကူခဲ့ပါဘူး။ တောင်ပံကစားသမားတွေကို တိုက်စစ်မှူးတွေနဲ့ နီးကပ်စွာ ကစားခိုင်းခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား၊ ဖီးလ်ဖိုဒန်နဲ့ ရာဟင်းစတားလင်းတို့ဟာ ဒီနေ့ပွဲမှာ အရမ်းကို တိုက်စစ်အား သန်ခဲ့ကြပါတယ်။ ဘင်ဂျမင် မန်ဒီ၊ ဂျာအိုကန်ဆယ်လိုတို့ဟာလည်း အရမ်းကောင်းခဲ့ပြီး ဂမ်ဒိုဝန်နဲ့ ရိုဒရီတို့ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။ ချုံပြောရရင်တော့ အသင်းရဲ့ စွမ်းဆောင်ရည်က ထိပ်ဆုံးအဆင့်မှာရှိနေပါတယ်” လို့ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီတီးနည်းပြက အသင်းရဲ့ ခံစစ်ကစားပုံကိုလည်း ချီးကျူးခဲ့ပါတယ်။ မန်စီတီးအသင်းရဲ့ခံစစ်ဟာ ဒီပွဲမှာ အိုလံပီယော့စ်အသင်းကို ဂိုးသွင်းခွင့် တစ်ကြိမ်သာ ခွင့်ပြုခဲ့ရ တဲ့အထိ ကျစ်ကျစ်လစ်လစ်ရှိခဲ့လို့ ဂွါဒီယိုလာက နောက်ခံလူဂျွန်စတုန်းကို ထုတ်ဖော်ချီးကျူးသွား ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမား စတုန်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းအတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။  မန်စီတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းကို နိုဝင်ဘာ ၂၈ ရက်နေ့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။
5 months Ago

ကစားသမားဘဝ ကုန်ဆုံးချိန်အထိ မက်ဆီကို ဘာစီလိုနာတွင် ဆက်ရှိစေချင်ဟု ဂွါဒီယိုလာပြော

မက်ဆီရဲ့အနာဂတ်နဲ့ ပတ်သက်လို့ မသိရပေမဲ့ ဘာစီလိုနာမှာပဲ ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ဆက်ရှိဖို့ မျှော်လင့်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ ၂ နှစ်သက် တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းဟောင်း ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိခဲ့တာပါ။  မက်ဆီရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သူ့အမြင်ကတော့  ဘာစီလိုနာအသင်း ပရိသတ်တဦးလိုပဲ မက်ဆီကို ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ဘာစီလိုနာမှာပဲ ဆက်ရှိဖို့ မျှော်လင့်တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီအနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဘယ်လိုဆုံးဖြတ်မလဲဆိုတာမသိကြောင်းနဲ့ လက်ရှိအချိန်အထိတော့ ဘာစီလိုနာ ကစားသမားအဖြစ်ဆက်ရှိနေဆဲဖြစ်တယ်လို့ ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့ပါတယ်။ မက်ဆီဟာ အခုနှစ်အပြောင်းအရွှေ့က ဘာစီလိုနာကနေ ထွက်ခွာချင်ကြောင်း လူသိရှင်ကြား ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ အသင်းနဲ့ တရားရင်ဆိုင်ရမယ့် အခြေအတွေကြောင့် အသင်း ပြောင်းရွှေ့ခြင်း မပြုခဲ့တာဖြစ်ပါတယ်။ 
5 months Ago

အလုပ်ဆက်လုပ်လိုသဖြင့် သက်တမ်းတိုးခြင်းဖြစ်ကြောင်း ဂွါဒီယိုလာ ပြော

မပြီးဆုံးသေးတဲ့ အလုပ်တွေ ဆက်လုပ်ချင်တဲ့ဆန္ဒကြောင့် မန်စီးတီးနဲ့စာချုပ်သက်တမ်းတိုး ခဲ့တာလို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။  စပိန်နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂ နှစ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။  မန်စီးတီးအသင်းနဲ့ ဆုဖလားတွေရယူနိုင်ခဲ့ပေမဲ့ အနာဂတ်မှာလည်း ဆက်လက်ရယူသွား လိုပြီး မရဖူးသေးတဲ့ ဆုဖလားတွေလည်း ရယူဖို့ အားလုံးကဆန္ဒရှိနေကြတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီးတီးနဲ့ နည်းပြဂွါဒီယိုလာတို့ဟာ ချန်ပီယံလိဂ်ဆုဖလားရရှိဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပေမဲ့ အမြင့်ဆုံး ဆီမီးဖိုင်နယ်အဆင့်အထိသာ တက်ရောက်နိုင်ခဲ့ဖူးတာပါ။  အသင်းဥက္ကဋ္ဌ နဲ့ ဘုတ်အဖွဲ့ဘက်က ပြီးခဲ့တဲ့ ၄ နှစ်စလုံးမှာ အကောင်းဆုံး ထောက်ခံ အားပေးခဲ့ကြပြီး နည်းပြတဦးအနေနဲ့ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်လို့လည်း ဂွါဒီယိုလာက ကျေးဇူးတင်စကားပြောပါတယ်။  မန်စီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာကို ၂ နှစ်သက်တမ်းတိုးခဲ့တာကြောင့် ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် မက်ဆီကိုလည်း ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ သတင်းထွက်နေ ပါတယ်။ 
5 months Ago

နည်းပြဂွါဒီယိုလာ မန်စီတီးအသင်းနှင့်  ၂ နှစ်သက်တမ်းတိုး

မန်စီတီးနည်းပြ ပက်ဂွာဒီယိုလာဟာ အသင်းနဲ့စာချုပ်ကို ၂ နှစ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ကာ ၂၀၂၃ ခုနှစ်နွေရာသီအထိ မန်စီတီးအသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကြောင့် ဂွါဒီယိုလာရဲ့ နည်းပြသက်တမ်းအတွင်း မန်စီတီးအသင်းမှာ အချိန်အကြာဆုံး နည်းပြခဲ့မှုအဖြစ်လည်း သတ်မှတ်ရမှာဖြစ်ပါတယ်။  နိုင်ငံတကာသီတင်းပတ်ကြောင့် ကလပ်ပွဲစဉ်တွေရပ်နားထားရစဉ်အတွင်း ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတာဝန်ရှိသူတွေအကြား စာချုပ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာဖြစ်ပြီး အခုသဘောတူညီချက်က မန်စီတီးပရိသတ်တွေအတွက် ဝမ်းမြောက်စေမှာအသေအချာပါပဲ။ ဂွါဒီယိုလာဟာ မန်စီတီးအသင်းနဲ့အတူ ဖလား ၈ လုံး ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာက “ကျနော်မန်စီတီးအသင်းကို စရောက်ချိန်ကတည်းက ကလပ်အသင်း၊ မန်ချက်စတာမြို့နဲ့ အသင်းကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အားပေးသူတွေ၊ မြို့ခံတွေအပြင် ဥက္ကဋ္ဌနဲ့ အသင်းပိုင်ရှင်တို့ကည်း ကျနော့်ကို ကြိုဆိုနေတယ်လို့ ခံစားရပါတယ်။ အဲ့အချိန်ကစပြီးတော့ ကျနော်တို့ဟာ ကောင်းမွန်တဲ့ကိစ္စအပြင် ဂိုးတွေ၊ နိုင်ပွဲတွေနဲ့ ဆုဖလားတွေကို အတူတကွ အောင်နိုင်ခဲ့ကြပါတယ်။ အဲ့ဒီအတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုအထောက်အပံ့မျိုးက မန်နေဂျာတဦးအတွက် အရေးကြီးဆုံးပါ။ ကျနော့်နည်းပြ အလုပ်အတွက် လိုအပ်တဲ့ အရာမှန်သမျှကို ဒီမှာရရှိနေပါတယ်။ နောက်ပိုင်းအသင်းပိုင်ရှင်၊ ဥက္ကဋ္ဌတို့ရဲ့ယုံကြည်မှုကြောင့်လည်း ဒီမှာနောက် ၂ နှစ်ထပ်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျနော့်အတွက်နောက်ထပ်စိန်ခေါ်မှုက အသင်းကို တိုးတက်လာဖို့ ဆင့်ကဲပြောင်းလဲလာဖို့အတွက်ဖြစ်ပြီး မန်စီတီးအသင်းကို ဒီလိုမျိုးကူညီရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိပါတယ်” လို့ ပြောပါတယ်။ ဂွါဒီယိုလာကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ မန်စီတီးပရိသတ်တွေလည်း ဝမ်းသာမယ်လို့ထင်ကြောင်း အသင်းဥက္ကဋ္ဌ ခဲလ်ဒွန်းမူဘာရတ်က ပြောပါတယ်။
5 months Ago

ဘာစီလိုနာနည်းပြအဖြစ် လုံးဝပြန်မသွားဟု ဂွါဒီယိုလာ ယတိပြတ်ငြင်းဆို

ဘာစီလိုနာနည်းပြ ဘဝဟာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး တစ်ကျော့ပြန်လည်နည်းပြမှာ မဟုတ်ဘူးလို့ မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ ပက်နဲ့မန်စီတီးအသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လတာကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်တဲ့ ခန့်မှန်းပြောဆိုမှုများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ စပိန်နည်းပြဟာ မန်စီတီးအသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးဖို့ လမ်းဖွင့်ထားသူဖြစ်ပါတယ်။ ဒါပေမယ့် သူသာလာမယ့်နွေရာသီမှာ မန်စီတီးအသင်းကနေထွက်ခွာဖြစ်ပါက ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌလောင်း ဖစ်တာဖွန့်ကည်း အသက် ၄၉ နှစ်အရွယ် ဂွါဒီယိုလာနဲ့ အသင်းခေါင်းအောင်မက်ဆီတို့ ပြန်လည်တွေ့ဆုံဖို့ စိတ်အားထက်သန်နေပါတယ်။  ဒါပေမဲ့ ရှက်ဖီလ်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “ကျနော့်ရဲ့ ဘာစီလိုနာ နည်းပြဘဝက ပြီးဆုံးသွားခဲ့ပါပြီ။ ဒါဟာ ဘဝမှာ တစ်ခါပဲလုပ်ရမယ့်အရာတွေထဲက တခုလို့လည်း ကျနော်ထင်ပါတယ်။ ဘာစီလိုနာနည်းပြအဖြစ်ဆောင်ရွက်နိုင်တဲ့ ထူးချွန်သူတွေအများကြီးရှိပါတယ်။ ဥပမာပြောရရင် အခုနည်းပြ ရော်နယ်ကိုးမန်းကိုပဲကြည့်ပါ။ ကျနော့်အတွက်ကတော့ ပြီးဆုံးခဲ့ပါပြီ။ ကျနော်က ကျနော့်ရဲ့မြို့ကိုပြန်ပြီး ကျနော့်အသင်းကို ပရိသတ်တယောက်အနေနဲ့ပဲ ကြည့်ပါမယ်။ ဒါဟာ ပြီးဆုံးသွားခဲ့ပါပြီ” လို့ ပြောပါတယ်။ ဂွါဒီယိုလာဟာ သူ့ရဲ့နည်းပြဘဝကို ဘာစီလိုနာအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အသင်းကို ကိုင် တွယ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း အရေးပါတဲ့ဖလား ၁၄ လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီဆုဖလား တွေမှာ လာလီဂါဖလား ၃ လုံးနဲ့ ချန်ပီယံလိဂ် ဖလား ၂ လုံးလည်း ပါဝင်ပါတယ်။  သူဟာ နည်းပြအဖြစ်ရှိနေစဉ်မှာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းနားဆုံးအသင်းတွေထဲက တခုကို ဖန်တီးနိုင်ခဲ့ကာ တီကီ-တာကာ ကစားဟန်နဲ့အတူ မက်ဆီ၊ ဇာဗီ၊ အင်တီယေစတာ၊ ဘတ်စကွတ်နဲ့ ပီကေး စတဲ့ကစားသမား  တွေရဲ့ အကောင်းဆုံးခြေစွမ်းကို အသုံးပြုခွင့်ရရှိခဲ့ပါတယ်။     
6 months Ago

တိုက်စစ်မှူး အဂွဲရိုး တံကောက်ကြော ဒဏ်ရာရခဲ့ကြောင်း ဂွါဒီယိုလာ အတည်ပြု

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုပါတယ်။  အဂွဲရိုးဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ၃ ပွဲမြောက်ပွဲစဉ်မှာ ဒဏ်ရာထပ်ရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအစမှာ ကွင်းလယ်လူ ဖီးလ်ဖိုဒန်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ အဂွဲရိုးကို လူစားလဲခဲ့တာက ကြွက်သားဒဏ်ရာကြောင့်ဖြစ်ပြီး တံကောက်ကြောမှာ ဒဏ်ရာရခဲ့လို့ ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်သွားရမှာဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောပါတယ်။  တဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ အဲဒီပွဲစဉ်မှာ အဂွဲရိုး ဒဏ်ရာရသွားတာက မန်စီးတီး တိုက်စစ်အတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။  နောက်ထပ် တိုက်စစ်မှူးဖြစ်သူ ဂါဘရီယယ်ဂျေးဆူဟာလည်း ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပါတယ်။  ပြိုင်ပွဲ ၄ ပွဲကို ၃ ရက်ခြားပြီး ဆက်တိုက်ကစားရတဲ့အခြေအနေက ကစားသမားတွေ ဒဏ်ရာကင်းစင်နေဖို့ လိုအပ်ပြီး အဲဒီလိုမဟုတ်ရင်တော့ အခက်အခဲတွေ့မှာ အမှန်ပဲဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။ 
6 months Ago

မန်စီတီး ၃ - ၁ ပေါ်တို၊ ဒဏ်ရာရ ဖာနန်ဒင်ဟိုအခြေအနေ စိုးရိမ်ဟု ဂွါဒီယိုလာ ပြော (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၂၁ ရက်ညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဖာနန်ဒင်ဟိုရဲ့ အခြေအနေနဲ့ပတ်သက်လို့ အဆိုးဆုံးဖြစ်လာမှာ စိုးရိမ်မိတယ်လို့ မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာ က ပြောပါတယ်။  အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ဒီပွဲမှာ မန်စီတီးအသင်းက ပေါ်တိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ အဖွင့်လှခဲ့ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ဖာနန်ဒင်ဟို ဒဏ်ရာရရှိသွားခဲ့ခြင်းက အသင်းအတွက် ထိုးနှက်ချက်တခုဖြစ်လာနိုင်  ပြီး ဘရာဇီးလ်ကစားသမားဟာ ၈၄ မိနစ်မှာမှ လူစားဝင်ခဲ့ပေမဲ့ ပွဲအပြီးခင်မှာတင် ဒဏ်ရာ ကြောင့်ကွင်းထဲက နေထွက်ခွာသွားခဲ့ရပါတယ်။ မန်စီတီးအသင်းဟာ ဒီဘရိုင်း၊ ဂျေဆု၊ အကီ၊ မန်ဒီ၊လာပေါ့ထ်တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီဖြစ်ပြီး ဖာနန်ဒင်ဟိုပါ ဒဏ်ရာရ ကစားသမားစာရင်းကို ရောက်ရှိသွားခဲ့ခြင်းက အသင်းအတွက် စိုးရိမ်စရာဖြစ် လာပါတယ်။  ကွင်းလယ်လူဟာ အောက်တိုဘာ ၂၁ ရက်ပွဲမှာ ဂျွန်စတုမ်းနဲ့ လူစားလဲခဲ့ရပြီး ဒဏ်ရာ ကြောင့်သူဟာ ကာလ တခုအထိ အနားယူရနိုင်တယ်လို့ ဂွါဒီယိုလာက ပွဲအပြီးမှာပြောပါတယ်။ “သတင်းဆိုးကတော့ သူဒဏ်ရာရရှိခဲ့တာပါ။ သူဟာ ကာလရှည်အနားယူရတော့မယ့်ပုံစံ ဖြစ်ပြီး ဒါဟာဖြစ်ပြီးခဲ့ပါပြီ” လို့ ဂွါဒီယိုလာက ပြောပါတယ်။  “ သူ သီတင်းပတ် ၄ ခုကနေ ၆ ခုလောက်အထိအနားယူရနိုင်ပါတယ်။ သေချာတာကတော့ ဒါဟာအသင်းအတွက်သတင်းကောင်းမဟုတ်ပါဘူး။ ပွဲတွေ ကစားဖို့ အများကြီးရှိနေတဲ့အချိန်မှာ ကစားသမားတွေ ဒဏ်ရာရှိနေတာက ကျနော်တို့အတွက်ပြသနာပါ။ ဒါပေမဲ့ ဒါတွေက ဖြစ်လေ့ ဖြစ်ထရှိတဲ့အခြေအနေပါပဲ”လို့လည်း ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောပါတယ်။ ဒီပွဲမှာ မန်စီတီးအသင်းဟာ အက်ဂွဲရိုး၊ ဂမ်ဒိုဝန်၊ ကစားသမားသစ် ဖာဟန်တောရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒင်ဟို ဒဏ်ရာရရှိခဲ့ပေမဲ့လို့ ပေါ်တိုနဲ့ပွဲမှာ အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီး ကျေနပ်မှု ရှိတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီတီးဟာ လာမယ့်သီတင်းပတ်မှာ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်အဖြစ် မာဆေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။  “ပထမပိုင်းပြီးခါနီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နဲ့ ဒုတိယ ပိုင်းအစမှာ ကျနော်တို့ ပွဲကို ကောင်းကောင်းကစားခဲ့ပါတယ်။ ဒါဟာကောင်းမွန်တဲ့ အဖွင့်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ချန်ပီယံ လိဂ်မှာ ကစားသမား ၅ ယောက် လူစားလဲခွင့် ရရှိခြင်းက ကောင်းမွန်တဲ့အခြေအနေလည်း ဖြစ်ပါ တယ်” လို့ ဂွါဒီယိုလာက ပြောပါတယ်။
6 months Ago

မန်စီးတီးအသင်း ချန်ပီယံလိဂ် အောင်မြင်မှုမရသေးသည့်အပေါ် တာဝန်ရှိဟု ဂွါဒီယိုလာ ဝန်ခံ

မန်စီးတီးအသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုရအောင် လုပ်ဆောင်မပေးနိုင်တဲ့အပေါ်မှာ တာဝန်ရှိကြောင်း နည်းပြ ဂွါဒီယိုလာက ဝန်ခံလိုက်ပါတယ်။  နည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာကို ကိုင်တွယ်စဉ်က ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေမှာတော့ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခြင်း မရှိသေးတာပါ။ မန်စီးတီးအသင်းကိုလည်း ဆီမီးဖိုင်နယ်အဆင့်ကိုသာ အမြင့်ဆုံး ရောက်ရှိခဲ့တာကြောင့် အောင်မြင်မှုမရရှိသေးတဲ့အပေါ်မှာ  တာဝန်ရှိတယ်လို့ ခံစားရကြောင်း ဂွါဒီယိုလာက ဝန်ခံခဲ့တာပါ။  အသင်းကို ချန်ပီယံလိဂ်ဆုဖလား ရရှိအောင် လုပ်ဆောင်မပေးနိုင်တာက အရှိတရားတစ်ခု ဖြစ်ပြီး အဲဒါကို လက်ခံကြောင်းနဲ့  ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ ခြေစွမ်းမရှိခဲ့ဘဲ အမှားတွေလည်း ကျူးလွန်ခဲ့တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ အခုနှစ် ချန်ပီယံလိဂ်မှာတော့ အရင်ထက် တိုးတက်မှုတွေရှိလာဖို့ မျှော်လင့်ပြီး စိန်ခေါ်မှု အသစ်တစ်ခု၊ အခွင့်အရေးအသစ်တစ်ခုအနေနဲ့ ကြိုးပမ်းသွားရမှာ ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီးတီးအသင်းဟာ အောက်တိုဘာ ၂၂ ရက်မှာ ပေါ်တိုနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
6 months Ago

အမျိုးသမီးစည်းကြပ်ဒိုင်၏ပခုံးအား လှမ်းဆွဲခဲ့သူ အဂွဲရိုးကို ဂွါဒီယိုလာ ကာကွယ်ပြောဆို

အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ပွဲစဉ်မှာ အမျိုးသမီး စည်းကြပ်ဒိုင် မက်စီအဲလစ်နဲ့ ပတ်သက်တဲ့ တိုက်စစ်မှူး အဂွဲရိုးရဲ့ လုပ်ရပ်ကို မန်စီတီးနည်းပြ ဂွါဒီယိုလာက ကာကွယ်ပြောဆိုခဲ့ပါတယ်။  ဒီပွဲမှာ မန်စီတီးအသင်းက အာဆင်နယ်အသင်းကို စတားလင်းရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။  အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးဟာ ဒူးဒဏ်ရာကြောင့် ၄ လကြာအနားယူခဲ့ရပြီး ဒီရာသီ မန်စီးတီးအသင်းအတွက် ပထမဆုံးသော ပွဲထွက်ခွင့်ကို အာဆင်နယ်အသင်းနဲ့ ပွဲမှာရရှိခဲ့ပြီး အငြင်းပွားစရာ လုပ်ရပ်တခုကိုလည်း ကျူးလွန်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ သူဟာ စည်းကြပ်ဒိုင် မက်စီအဲလစ်နဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။ မန်စီးတီးဘက်က ရသင့်တယ်ထင်တဲ့ လက်ပစ်ဘောကို အာဆင်နယ်အသင်းထံ ပေးခဲ့တဲ့ စည်းကြပ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်မှာ အဂွဲရိုးက မက်ဆီအဲလစ်ရဲ့ ပခုံးကို အနောက်ကနေ လှမ်းဆွဲကာ စောကဒတက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး စည်းကြပ်ဒိုင်က သူ့ရဲ့လက်ကို ပြန်ပုတ်ချခဲ့ပါတယ်။  ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ အဂွဲရိုးဟာ အရေးယူခံရမှု မရှိခဲ့ပေမဲ့လည်း ဒီဖြစ်ရပ်ကို ပြိုင်ဘက်အသင်း ပရိသတ်တွေတင် မဟုတ်ဘဲ မန်စီးတီးပရိသတ်တွေကပါ လူမှုကွန်ရက်မှာ ဝေဖန်ခဲ့ကြပါတယ်။  “ကွင်းအတွင်း တာဝန်ရှိသူတွေနဲ့ ပတ်သက်လာရင် သူ့လက်ကို သတိထားသင့်တယ်” လို့လည်း ဂယ်ရီနဗီးလ်က တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အဂွဲရိုးနဲ့ မက်စီအဲလစ်တို့ ဖြစ်ရပ်ကို အရေးတယူလုပ်  ပြောဆိုသွားဖို့ ငြင်းဆန်ခဲ့ပြီး အဂွဲရိုးရဲ့ပုံစံကိုလည်း ကာကွယ်ပေးခဲ့ပါတယ်။   ဂွါဒီယိုလာက “ဟေ့လူတွေ၊  တော်ကြပါတော့ဗျ။ အဂွဲရိုးဟာ ကျနော်တွေ့ဖူးသမျှထဲမှာ နှစ်လိုဖွယ်အကောင်းဆုံးလူတဦးပါ။ ကျနော်တို့ တခြားပြဿနာတွေအကြောင်း ပြောလို့ရပေမဲ့ ဒီကိစ္စကိုတော့ ထားလိုက်ပါဗျာ” လို့ ပြောဆိုခဲ့ပါတယ်။ အဂွဲရိုးဟာ ဒဏ်ရာကြောင့် ဇွန်လကတည်းက အနားယူနေရသူဖြစ်ကာ ပြန်လည်ကစားနိုင်ခဲ့တဲ့အပေါ်မှာလည်း ဂွါဒီယိုလာက ကျေနပ်နေပါတယ်။
6 months Ago

ဂွါဒီယိုလာဟာ မက်ဆီ မပါဘဲ အောင်မြင်မှုရအောင် လုပ်နိုင်စွမ်းမရှိဟု ဘိုင်ယန်နည်းပြဟောင်း ဝေဖန်

နည်းပြ ဂွါဒီယိုလာဟာ မက်ဆီ မပါဘဲနဲ့ အောင်မြင်မှုရရှိအောင် လုပ်ဆောင်နိုင်သူ မဟုတ်ကြောင်း ဘိုင်ယန်နည်းပြဟောင်း ဖဲလစ်က ဝေဖန်လိုက်ပါတယ်။ စပိန်နည်းပြ ဂွါဒီယိုလာဟာ ၂၀၁၂ ခုနှစ်က ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေကို ဆက်လက်ကိုင်တွယ်ခဲ့ပါတယ်။  ဘိုင်ယန်နဲ့ရော မန်စီးတီးနဲ့ပါ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခြင်းမရှိခဲ့တာကြောင့် မက်ဆီ မပါဘဲ အောင်မြင်မှုရယူနိုင်ခြင်းမရှိသူ ဖြစ်တယ်လို့ နည်းပြ ဖဲလစ်မက်ဂေ့က ဝေဖန်ခဲ့တာပါ။  နည်းပြ ဂွါဒီယိုလာဟာ မက်ဆီ မပါဘဲနဲ့ အောင်မြင်တဲ့ ကစားကွက်တစ်ခု မဖော်ဆောင်နိုင်ခဲ့ကြောင်း၊ မက်ဆီကသာ ဆုဖလားရခဲ့တာဖြစ်ပြီး ဂွါဒီယိုလာက ဆုဖလားတွေ အောင်နိုင်ခဲ့သူ မဟုတ်ကြောင်း ဘိုင်ယန်နည်းပြဟောင်းက ဝေဖန်ခဲ့တာပါ။ တီကီတာကာ ကစားကွက်က နည်းစနစ်ပိုင်းမှာ ပြိုင်ဘက်တွေထက် ပိုမိုသာလွန်နေတဲ့ ကစားသမားတွေနဲ့သာ ကစားလို့ရပြီး ပရိသတ်တွေဘက်က ကြည့်ရင်တော့ ပျင်းရိငြီးငွေ့စရာ ကောင်းတဲ့ ကစားပုံဖြစ်ကြောင်း နည်းပြဟောင်း ဖဲလစ်မက်ဂေ့က ဝေဖန်ခဲ့ပါတယ်။
6 months Ago

မက်ဆီနှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ ဖုန်းအပြန်အလှန်ပြော

မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာနဲ့ မက်ဆီတို့ဟာ မကြာသေးခင်က စကားပြောဆိုခဲ့ပြီး မန်စီတီးအသင်းမှာ တချိန် ဆရာတပည့် ၂ ဦး ပြန်လည်ပေါင်းစည်းလိုနေတယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။  ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အံ့အား သင့်ဖွယ်တောင်းဆိုလိုက်ပြီး ဒီတောင်းဆိုချက်မှာ သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာ ခွင့်ပေးဖို့လည်း ပါဝင်နေပါတယ်။  ဒါပေမဲ့ ဘာစီလိုနာအသင်းဘက်ကတော့ မက်ဆီဟာ အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ ပေါင်သန်း ၆၃၀ တန်စာချုပ်ဖျက်သိမ်းကြေးရှိနေတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ဒီအချက်ဟာ သူအသင်းကနေ ထွက်ခွာဖို့  တင်းမာမှုဖြစ်လာနိုင်တဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။  လာလီဂါဖလားကို ဆုံးရှုံးလိုက်ရတာ၊ ချန်ပီယံလိဂ်မှာ ဘိုင်ယန်အသင်းကို အရှက်တကွဲရှုံး နိမ့်ခဲ့ရတာက ဘာစီလိုနာအသင်းကို အပြောင်းအလဲများစွာဖြစ်စေခဲ့ပြီး နည်းပြနဲ့ အားကစား ဒါရိုက်တာတို့လည်း ရာထူးကနေ   ဖယ်ရှားခံခဲ့ရပါတယ်။  မက်ဆီနဲ့ ဂွါဒီယိုလာတို့ဟာ ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ကြဖူးသူတွေဖြစ်ပြီး   သူတို့ ၂ ဦး ကြားမှာ မက်ဆီထွက်ခွာခွင့်မတောင်းဆိုခင်ကတည်းက အဆက်အသွယ် ရှိနေခဲ့ကြပါတယ်။  ဂွါဒီယိုလာဟာ အသက် ၃၃ နှစ်အရွယ် မက်ဆီနဲ့ပြန်လည်လက်တွဲဖို့ တော်တော်လေး စိတ်အားထက်သန်မှုရှိနေပြီး အကောင်းဆုံးကစားသမားဆု ၆ ကြိမ်ဆွတ်ခူးထားတဲ့ မက်ဆီရဲ့ လုပ်ခလစာကို ပေးချေနိုင်တဲ့ အသင်းအခြေနေကြောင့်လည်း ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ငြင်းဆန်ရခက်စေပါတယ်။  မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ၃၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဒါဟာ သူ့အတွက် ၂၀၀၇-၀၈ ခုနှစ်နောက်ပိုင်း အနည်းဆုံးဂိုးသွင်းစံချိန်လည်း ဖြစ်ပါတယ်။  သူဟာ ဘာစီလိုနာအသင်းကို ဂွါဒီယိုလာနည်းပြစဉ်တုန်းက အသင်းရဲ့တိုကစစ်ပိုင်းကို အဓိက ဦးဆောင်ခဲ့သူဖြစ်ပြီး အံ့သြသင့်ဖွယ်ခြေစွမ်းနဲ့အတူ ဆုဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ ပါတယ်။  ဒါ့ကြောင့် အာဂျင်တီးနားသားဟာ ဆရာဟောင်းနဲ့ ပြန်လည်လက်တွဲဖို့ ဆန္ဒရှိနေတာ ဖြစ်ပြီး   တနိုင်ငံတည်းသား မိတ်ဆွေဖြစ်သူ အဂူရိုနဲ့တွဲဖက်ကစားရမယ့်အပြင် ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံးအဆင့်မှာ ခြေစွမ်းပြရမယ့် အခွင့်အရေးရှိနေတာကြောင့်လည်း မက်ဆီအနေနဲ့ တခြား အသင်းတွေ ထွက်စာရင် မန်စီတီးအသင်းကို ရွေးချယ်ဖြစ်ဖို့ ရာခိုင်နှုန်းများစေပါတယ်။  ဒီလိုမျိုးသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမယ့် မန်စီတီးအသင်းဘက်က မက်ဆီ အတွက်  ကမ်းလှမ်းမှုလုပ်ဆောင်တာမျိုးတော့ မရှိသေးပါဘူး။  ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ်သတ်မှတ်ခံထား ရတဲ့ မက်ဆီကို မန်စီတီးအသင်းအပြင် မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန်၊ ပီအက်စ်ဂျီ အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။  မက်ဆီဟာ ကစားသမားဘဝက အနားမယူခင် သူ့ရဲ့ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ Newell’s Old Boy အသင်းကို ပြောင်းရွှေ့ကစားလိုတယ်လို့ ပြောဆိုခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ 
8 months Ago

ဘာစီလိုနာကို ပြန်သွားရန် မဖြစ်နိုင်ဟု‌ ဂွါဒီယိုလာ၏ အေးဂျင့်ပြော

ပက်ဂွါဒီယိုလာဟာ မန်စီးတီးအသင်းမှာ ဆက်ရှိနေဖို့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။ ပက်ဟာ အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ရောက်ရှိနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိအချိန်မှာ ဒါဟာ မဖြစ်နိုင်ဘူးလို့လည်း အေးဂျင့်ဖြစ်သူ ဂျိုးဆက် မာရီယာအော်ရိုဘစ်က ပြောပါတယ်။  ဘာစီလိုနာအသင်းဟာ သူတို့ရဲ့နည်းပြရာထူးအတွက် နာမည်ကျော် နည်းပြပေါင်းများစွာနဲ့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ လာလီဂါဖလားကို အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းကို လွှဲပြောင်းပေးခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိအချိန်မှာ အသင်းရဲ့အခြေအနေဟာ ဆိုးရွားတဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပြီး အသင်းခေါင်းဆောင် မက်ဆီကလည်း အသင်းကနေထွက်ခွာခွင့် တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့သလို အသင်းရဲ့အဓိက ကစားသမားတချို့ကိုလည်း ရောင်းထုတ်သွားမယ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့် နည်းပြနေရာအတွက်လည်း နည်းပြဟောင်း ဂွါဒီယိုလာကို အရေးပေါ် ပြန်လည်ခေါ်ယူသွားနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိလာပါတယ်။ ဂွါဒီယိုလာရဲ့ တီကီတာကာ ကစားဟန်နဲ့ ဘာစီလိုနာအသင်းမှာ အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့သူ ဖြစ်ပြီး သူသာ အသင်းကို ပြန်လည်ရောက်ရှိလာမယ်ဆိုရင် အသင်းရဲ့ အနေအထားဟာလည်း ပြန်လည်တည်ငြိမ်သွားမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဘာစီလိုနာအသင်းမှာ ကစားသမားဘဝကိုလည်း ဖြတ်သန်းခဲ့ဖူးတဲ့ ဂွါဒီယိုလာဟာ ၂၀၁၂ ခုနှစ်မှာ အသင်းကနေ ထွက်ခွာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့သလို လက်ရှိအချိန်မှာလည်း မန်စီတီးအသင်းနဲ့ ၂၀၁၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့လည်း ရှိနေတဲ့ ဂွါဒီယိုလာဟာ လက်ရှိအခြေအနေမှာ အသင်းဟောင်းကို ပြန်သွားဖို့မရှိဘူးလို့ သူ့အေးဂျင့်က ပြောပါတယ်။  “ဟုတ်ကဲ့၊ ဂွါဒီယိုလာ မန်စီးတီးမှာ ဆက်ရှိနေဖို့ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်” လို့ အော်ရိုဘစ်က Goal သတင်းကို ပြောပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာဟာ ဘာကာကို ပြန်သွားဖို့ လက်ရှိအချိန်မှာ စဉ်းစားမှာမဟုတ်သေးကြောင်းလည်း သူက ဆက်လက်ပြောဆိုပါတယ်။  ဘာစီလိုနာအသင်းရဲ့ အခြေအနေတွေအပြင် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်း ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရခြင်းကလည်း မန်စီးတီးမှာ ဂွါဒီယိုလာ ဆက်ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်လို့ ပိုပြီးပြောစရာ ဖြစ်စေခဲ့တာပါ။ မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းကို ရှုံးထွက်ခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပြန်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းမှာ ကစားသမားအသစ်တွေ ခေါ်ယူထားပြီး ထပ်ခေါ်မယ့်အခြေအနေတွေ ရှိနေလို့ အေးဂျင့်ရဲ့ပြောစကားဟာ မှန်ကန်မှုရှိမယ်လို့ ယူဆနိုင်ပါတယ်။  လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းရဲ့ နည်းပြရာထူးအတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ ရော်နယ်ကိုးမန်းတို့က ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။
8 months Ago

လိုင်ယွန်ကိုရှုံးနိမ့်ခဲ့ရသည့် မန်းစီးတီးကစားကွက်နှင့်ပတ်သက်၍ နည်းပြ ဂွါဒီယိုလာရှင်းလင်း

လိုင်ယွန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာဟာ အသင်းရဲ့အားနည်းချက်တွေကို ကာမိအောင်ကြိုးစားခဲ့ခြင်းသာ ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောပါတယ်။ ဒီပွဲမှာ မက်ဝဲလ်ကော်နက်ရဲ့ ဦးဆောင်ဂိုးကို ဒီဘရိုင်းက ချေပပေးနိုင်ခဲ့ပေမဲ့ လိုင်ယွန် တိုက်စစ်မှူး ဒမ်ဘီလီက ၂ ဂိုးဆက် သွင်းယူမှုကို မတွန်းလှန်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဂွါဒီယိုလာရဲ့ လူထုတ်ပုံနဲ့ လူစားလဲပုံတွေဟာ တော်တော်လေးကို နားလည်ရ ခက်စေခဲ့ပြီး အသင်းနဲ့ သိပ်အသားမကျတဲ့ ခံစစ်ကစားသမား ၃ ယောက်နဲ့ အစွန်လူတွေ တွဲသုံးတဲ့ပုံစံကို အသုံးပြုခဲ့တာပါ။ ဒါ့အပြင် ဂိုးတွေ သွင်းဖို့လိုအပ်နေတဲ့အချိန်မှာလည်း ဖိုဒန်နဲ့ ဘာနာဒိုဆေးဗားလ်တို့လို တိုက်စစ်အားသန်ကစားသမားတွေကို အရန်ခုံမှာပဲ ဆက်ထိုင်စေခဲ့တာ တွေ့ရပါတယ်။  ပွဲအပြီး သူ့နည်းစနစ်နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက “မဟုတ်ဘူးဗျ။ အသင်းရဲ့ အားသာချက်တွေနဲ့ ယှဉ်မယ်ဆိုရင် ကျနော်တို့ရဲ့ အားနည်းချက်တွေကို ကာမိအောင်လုပ်ဖို့အတွက် ဒီလိုနည်းလမ်းကို အသုံးပြုခဲ့ရတာပါ။ သူတို့ဟာ မြန်ဆန်တဲ့ ရွေ့လျားမှုတွေ ပြုလုပ်ပြီး ၂-၂ အခြေအနေဖြစ်အောင် ဖန်တီးတတ်လို့ပါ။ ပထမပိုင်း ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ဟာ တကယ်ကို ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ ကျနော်တို့ အသင်းအနေနဲ့ တိုက်စစ်အတွက် နေရာလွတ်တွေရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်‌။ ဒါပေမဲ့ နောက်ဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာတော့ ဒီလိုအခြေအနေမျိုးမှာပဲ ကျနော်တို့ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး တစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ နောက်တစ်ဂိုးက လွဲချော်သွားခဲ့ပါတယ်” လို့ ပြောပါတယ်။ ဒီပွဲစဉ်မှာ မန်စီးတီး တိုက်စစ်မှူး စတားလင်းဟာ ဂိုးအလွတ်ကြီးရှေ့မှာ အနီးကပ် ကန်သွင်းခွင့်ရရှိခဲ့ပေမဲ့ မယုံကြည်နိုင်စရာကောင်းအောင်ကို လွဲချော်ခဲ့ပြီး ဒီလွဲချော်ခဲ့မှုက မန်စီးတီးအသင်းရဲ့ ပြန်လာနိုင်စွမ်းကို ကန့်သတ်ခဲ့တာလို့ ယူဆရပါမယ်။  အဲဒီနောက်မှာတော့ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီက ၂ ဂိုးဆက်တိုက် သွင်းယူခဲ့ပြီး မန်စီတီးရဲ့ ချန်ပီယံလိဂ်အိပ်မက်ဟာလည်း အဆုံးသတ်ခဲ့ရပါတယ်။ ဂွါဒီယိုလာက အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တိုးတက်မှုရှိချင်ရင် အမှားတွေ ကျူးလွန်လို့မရဘူး ဆိုတာကိုလည်း လက်ခံခဲ့ပါတယ်။  “ဒီအခြေအနေမှာ ကျနော်တို့ ချေပဂိုး ၁ ဂိုးရရင် အချိန်ပို နောက်ဆုံးမိနစ်မှာ နောက်ထပ်ချေပဂိုး ၁ ဂိုး ထပ်မံသွင်းယူနိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ ကျနော်တို့ဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ဖန်တီးပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ဒီတကြိမ်လည်း ကျနော်တို့ ထွက်ခဲ့ရပြန်ပြီဖြစ်ပြီ” လို့လည်း ဂွါဒီယိုလာက ပြောပါတယ်။ ဒီပွဲ ရှုံးနိမ့်မှုကြောင့် မန်စီးတီးအသင်းဟာ ဂွါဒီယိုလာလက်ထက် ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာရတာဖြစ်ပေမယ့် မန်စီးတီးနည်းပြကတော့ နောက်နှစ်တွေမှာ ဒီမှတ်တမ်းဆိုးကို ချေဖျက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
8 months Ago

ရီးရဲလ်ကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် ချန်ပီယံဆုအတွက် ယုံကြည်မှုတိုးလာဟု ဂွါဒီယိုလာပြော

ရီးရဲလ်မက်ဒရစ်လိုအသင်းကို ကျော်ဖြတ်နိုင်ခဲ့တာက ချန်ပီယံဆုအတွက်ပါ ယုံကြည်မှုရှိစေ ခဲ့တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။  မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပထမအကျော့က ရလဒ်တိုင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။  ဂျူဗင်တပ်ကို ကျော်ဖြတ်လာတဲ့ လိုင်ယွန်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို သြဂုတ် ၁၆ ရက်နေ့ ယှဉ်ပြိုင်သွားရမှာပါ။  အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲစတင်ကတည်းက ချန်ပီယံဆုဖလားရဖို့ ရည်မှန်းခဲ့ပြီး အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့တာက အရေးပါတဲ့ခြေ လှမ်းဖြစ်ပြီး ယုံကြည်မှုပါ ရှိလာစေခဲ့တယ်လို့ ဂွါဒီယိုလာကပြောပါတယ်။  အစဉ်အလာရှိတဲ့အသင်းကို နှစ်ကျော့စလုံးအနိုင်ယူခဲ့တာ အလွန်ကောင်းမွန်ပြီး နည်းပြဇီဒန်းအတွက်လည်း ရှုံးထွက်အဆင့်မှာ ပထမဆုံး ရှုံးနိမ့်သွားတာလို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ 
9 months Ago

အဲရစ်ဂါစီယာက သက်တမ်းတိုးရန် လက်မခံဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြော

မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုတဲ့ ဆန္ဒမရှိ ကြောင်း တရားဝင်ပြောပြထားပြီးဖြစ်တယ်လို့ နည်းပြဂွါဒီယိုလာကပြောပါတယ်။  အသက်၁၉နှစ်ရှိ စပိန်နောက်ခံလူ အဲရစ်ဂါစီယာဟာ နောက်ခံလူ လာပေါ်တေးနဲ့အတူ အသင်းခံစစ်မှာ ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပါတယ်။  အသင်းနဲ့စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တာကြောင့် မန်စီးတီးဘက်က သက်တမ်းတိုး လိုပေမယ့် ကစားသမားဘက်က လက်မခံဘဲ ပယ်ချထားတာပါ။  ၂၀၁၇  ခုနှစ်က ဘာစီလိုနာအကယ်ဒမီကနေ ပြောင်းရွှေ့လာတဲ့ ဂါစီယာဟာ အသင်း ဟောင်း ဘာစီလိုနာကို ပြန်သွားချင်နေပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။  အဲရစ်ဂါဆီယာဟာ အခုနှစ်မှာ ပရီးမီးယားလိဂ် ၁၃ ပွဲကစားထားပြီး အသင်းကြီး အတွက် စုစုပေါင်း ၂၂ပွဲ ကစားပေးခဲ့ပြီးဖြစ်ပါတယ်။  မန်စီးတီးအသင်းဟာ ဗဟိုခံစစ်နေရာအတွက် ဘုန်းမောက်က နသန်အကီကိုခေါ်ယူထားပြီး ဂျွန်စတုန်းနဲ့ အော်တာမန်ဒီတို့ထဲက တစ်ဦးကို ပြန်လည်ရောင်းချဖွယ်ရှိနေပါတယ်။ 
9 months Ago

ချန်ပီယံလိဂ် ပွဲပယ်ပြစ်ဒဏ်အတွက် မန်စီးတီးအသင်းကို ပြန်တောင်းပန်ရန် ဂွါဒီယိုလာ တောင်းဆို

ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခံရတဲ့ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်သွားခဲ့ပြီးနောက် မန်စီးတီးအသင်းကို ပြန်တောင်းပန်ဖို့ နည်းပြ ပက်ဂွါဒီယိုလာက တောင်းဆိုလိုက်ပါတယ်။ အယူခံအောင်မြင်မှုကြောင့် မန်စီးတီးအသင်းအပေါ် ချမှတ်ထားတဲ့ ဥရောပလိဂ်ပြိုင်ပွဲ ၂ နှစ် ပိတ်ပင်ထားခြင်းကို အားကစားဆိုင်ရာ သမာဓိခုံရုံးက တနင်္လာနေ့မှာ ပယ်ဖျက်ပေးခဲ့ပါတယ်။ ဘဏ္ဍာရေးအရမျှတစွာ ယှဉ်ပြိုင်ခြင်း FPP နဲ့ အသင်းလိုင်စင်ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန်စီးတီးအသင်းကို UEFA ရဲ့ ကလပ်အသင်းဆိုင်ရာ ဘဏ္ဍာရေးထိန်းချုပ်မှုအဖွဲ့ CFCB က ဖေဖော်ဝါရီလမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်ပြီးနောက် မန်စီးတီအသင်းဘက်က အယူခံသွင်းမယ်လို့ ထုတ်ပြန်ခဲ့ပြီး အယူခံအောင်မြင်ခဲ့ပြီးတော့ CAS က သူတို့ရဲ့ပြစ်ဒဏ်ကို ဖယ်ရှားပေးခဲ့ကာ ဒဏ်ကြေးကိုလည်း ပေါင် ၉ သန်းနီးပါးအထိ လျှော့ချပေးခဲ့ပါတယ်။  ဒီလိုသတင်းကောင်းမျိုးရှိခဲ့ပေမဲ့ ပြစ်ဒဏ်နဲ့ပတ်သက်လို့ ၅ လနီးပါးလောက် ဖိအားရှိခဲ့တဲ့ နည်းပြဂွါဒီယိုလာကတော့ ဘုန်းမောက်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စအပေါ် မကျေလည်မှုကို ထုတ်ဖော်ခဲ့ပါတယ်။  ဂွါဒီယိုလာက “ဒီဆုံးဖြတ်ချက်ကြောင့် ဝမ်းသာမိပါတယ်။ ဒါဟာ အသင်းအပေါ်လူတွေ ပြောခဲ့တဲ့အရာတွေက မှားယွင်းနေတယ်ဆိုတဲ့ သက်သေပြချက်ပါ။ ကျနော်တို့ဟာ ကွင်းထဲမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကွင်းထဲမှာ ကာကွယ်သွားမှာပါ။ ကျနော်တို့ဘက်ကသာ မှားခဲ့ရင် ဒီအမှားကို လက်ခံသွားမှာ ဖြစ်တာကြောင့် တာဝန်ရှိသူတွေဟာ ကျနော်တို့အသင်းကို တောင်းပန်စကား ပြောဆိုသင့်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ကို တခြားအသင်းတွေက ကာကွယ်ပေးတာမျိုးကို မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ဘက်ကသာ မဟုတ်တာ မလုပ်ခဲ့ဘူးလို့ယုံကြည်ရင် ကျနော်တို့ဘက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားဖို့အခွင့်အရေး ရှိနေပါတယ်။ ကျနော်တို့အသင်းဟာ ဥရောပမှာရှိတဲ့ တခြားအသင်းတွေလိုမျိုးပဲ တူညီတဲ့စည်းမျဉ်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကသာ FFP ကို ချိုးဖောက်တယ်ဆိုရင် ကျနော်တို့ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကသာ မှန်တယ်ဆိုရင် ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သွားရပါမယ်” လို့ ပြောပါတယ်။ ဒါ့အပြင် မန်စီးတီးနည်းပြဟာ ပြစ်ဒဏ်ပယ်ဖျက်ပေးလိုက်မှုအပေါ်  ဝေဖန်ခဲ့တဲ့အပေါ်  လာလီဂါဥက္ကဋ္ဌကိုလည်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
9 months Ago

ချန်ပီယံလိဂ် ကစားခွင့်ပြန်ရခဲ့သဖြင့် နည်းပြဂွါဒီယိုလာကို သက်တမ်းတိုးရန် မန်စီးတီး ပြင်ဆင်

မန်စီးတီးအသင်းဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့် ပြန်လည်ရရှိခဲ့တာကြောင့် နည်းပြ ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။  စပိန်နည်းပြ ဂွါဒီယိုလာဟာ တစ်နှစ်ကို ပေါင် သန်း ၂၀ ရရှိနေပြီး စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အားကစားဆိုင်ရာခုံရုံးမှာ အယူခံတင်သွင်းမှု အောင်မြင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ကစားခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ဒဏ်ကြေးအဖြစ် ယူရို ၁၀ သန်းသာ ပေးဆောင်ရတော့မှာပါ။ ဒီအခြေအနေကြောင့် အသင်းနည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းမှာ ရေရှည်အထိ ဆက်ရှိဖို့ သေချာသွားခဲ့ပြီး ရာသီအကုန်မှာ စာချုပ်သက်တမ်းတိုးဖို့ရှိတယ်လို့ Mirror သတင်းစာက ဖော်ပြထားပါတယ်။
9 months Ago

ချန်ပီယံလိဂ်နှင့်အက်ဖ်အေဖလားတွင် အမှားမလုပ်ရန် ကစားသမားများကို ဂွါဒီယိုလာ သတိပေး

ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ တဦးချင်း အမှားတွေဆက်ပြီး ကျူးလွန်နေလို့ မရကြောင်း မန်စီးတီးကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက သတိပေးလိုက်ပါတယ်။  မန်စီးတီးအသင်းဟာ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်အသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ အမှားတချို့လုပ်ခဲ့ပြီး နောက်ထပ် ဖြစ်မလာဖို့ အသင်းသားတွေကို သတိပေးခဲ့တာပါ။  အဲဒီလိုအမှားတွေ လုပ်နေမယ်ဆိုရင် အာဆင်နယ်နဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့မှာ ရလဒ်ကောင်းဖို့ မလွယ်ကြောင်း ဂွါဒီယိုလာက သုံးသပ်ခဲ့တာပါ။  တိုက်စစ်ဆင်တဲ့အချိန်မှာရော၊ ခံစစ်ကစားနေရချိန်မှာပါ အသင်းရဲ့ မူလကစားပုံအတိုင်း ကစားမယ်ဆိုရင် အခွင့်အရေးကောင်းတွေ ရလာမယ်လို့ ဆိုပါတယ်။ လိဂ်ရှုံးထွက်ဖလား ရယူနိုင်ခဲ့သလိုပဲ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေရယူပြီး ဖလားသုံးလုံးချန်ပီယံ ဖြစ်ချင်တယ်လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
10 months Ago
More News
Up