Search Results For: ချဲလ်ဆီး

ချဲလ်ဆီးဘက် ပင်နယ်တီပေးခဲ့သည့် ဒိုင်လူကြီး၏ စွမ်းဆောင်ရည်ကို မော်ရင်ဟို ဝေဖန်

ချဲလ်ဆီးအသင်းကို ပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီး အန်ဒရီမာရီနာရဲ့ ဆုံးဖြတ်ချက်ကို မော်ရင်ဟိုက ဝေဖန်ခဲ့လိုက်ပါတယ်။

ဒါ့အပြင် မာရီနာရဲ့ စွမ်းဆောင်ရည်ကို သဘောမကျဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ မော်ရင်ဟိုရဲ့ စပါးအသင်းက ချဲလ်ဆီးကို ၁ ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး အဆင့် ၈ နေ ရာကိုရောက်ရှိသွားခဲ့ပါတယ်။ 

တစ်လုံးတည်းသော အနိုင်ဂိုးကို ဂျော်ဂျင်ဟိုက ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီး ဒီရလဒ်ကြောင့် မော်ရင်ဟိုက နည်းပြဘဝပထဆုံးအဖြစ် အိမ်ကွင်းမှာ ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ဧရိယာအတွင်းမှာ တီမိုဗာနာကို စပါးနောက်ခံလူ အဲရစ်ဒိုင်ရာက လှဲချခဲ့တာကြောင့် ဒိုင်လူကြီးမာရီနာက ပင်နယ်တီပေးခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို စပါးကစားသမားတစ်ချို့က စောဒကတက်ခဲ့ကြပါတယ်။ 

အင်္ဂလန်  လက်ရွေးစင်ဒိုင်ရာအနေနဲ့ ဗာနာကို မလိုအပ်ဘဲ ကစားပုံကြမ်းခဲ့တာလည်း ဖြစ်ပါတယ်။ သူ့အသင်းဘက်က ပုံစံကောင်းပြနိုင်ခဲ့ပေမမယ့် ဒိုင်လူကြီးမှားယွင်း ဆုံးဖြတ်ချက်ကြောင့် ရှုံးနိမ့်ခဲ့တဲ့အပေါ် ဒေါသထွက်မိတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

“ရုန်းကန်ခဲ့ရပေမယ့် သူတို့ဘက်ကအခွင့်အရေးဘယ်လောက်ရခဲ့လည်း ပြန်ကြည့်ရပါတယ်။ ကျနော်တို့ ဘောလုံးပိုင်ဆိုင်မှုမရှိခဲ့တာလည်း ဟုတ်ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးဖန်တီးမှုနည်းပါးခဲ့တာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အဓိကပြဿနာက ပင်နယ်တီပါပဲ။ အဆုံးမှာ ပင်နယ်တီက ပွဲကို အဆုံးအဖြတ်ပေးသွားခဲ့တာပါ။ အဆုံးမှာ ပင်နယ်တီကြောင့် သူတို့နိုင်သွားခဲ့တာဖြစ်ပြီး လက်ခံနိုင်စရာမရှိတဲ့ ပင်နယ်တီကြောင့် ရှုံးခဲ့ရတာဟာ ကျနော်တို့အတွက်နာကျင်ရပါတယ်။” 

ဒိုင်လူကြီးနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ကျနော် သူစွမ်းဆောင်ရည်ကို သဘောမကျပါဘူး။ ကျနော်နဲ့သူနဲ့ကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာကြောင့် ဒီလိုပြောနိုင်တာပါ” လို့ ပြောခဲ့ပါတယ်။ 

ချဲလ်ဆိးနဲ့ပွဲအပြီးမှာ မော်ရင်ဟိုက လူးကပ်မော်ရာ၊ လာမယ်လာနဲ့ ဗင်နီစီးယပ်စ်စတဲ့ စပါးကစားသမားတွေအပြင် အသင်းလိုက်ကစားပုံကို ချီးကျူးပြောဆိုသွားခဲ့ပြီး လာမယ့်သီတင်း ပတ်မှာ အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟာရီကိန်း ပြန်လည်ပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

3 months Ago

ငယ်စဉ်က စပါးပရိသတ်ဖြစ်ခဲ့ဖူးဟု ချဲလ်ဆီးနည်းပြ တူချယ် ဝန်ခံ

စပါးအသင်းရဲ့ ပရိသတ်ဖြစ်ခဲ့ဖူးတယ်လို့ ချဲလ်ဆီးနည်းပြ သောမက်စ်တူချယ်က ဝန်ခံစကား ဆိုလိုက်ပါတယ်။

ဂျာမန်နည်းပြ တူချယ်ဟာ ငယ်စဉ်က စပါးအသင်းကို အားပေးခဲ့ဖူးကြောင်း၊ အဲဒီချိန်ကာလ အရ တိုက်ရိုက်ကြည့်ရှုလို့မ ရတာကြောင့် မိနစ်အနည်းငယ်လောက်ကိုသာ ကြည့်ရှုခဲ့ရတယ်လို့ တူချယ်က ပြောပါတယ်။ 

တူချယ်က “ကျနော် ငယ်ငယ်တုန်းက တီဗွီကနေ တိုက်ရိုက်ပြသတဲ့ ဘောလုံးပွဲဆိုတာ မရှိပါဘူး။ အမှန်တကယ်ကြည့်ရှုခဲ့ဖူးတာက ၁ မိနစ်၊ ၂ မိနစ်စာ ဟိုက်လိုက်လေးတွေပဲ ကြည့်ခဲ့ရပါတယ်။ ဒါတောင် ၄ ပတ်မှာ တစ်ကြိမ်ပြသတဲ့ အားကစားရုပ်သံတစ်ခုကနေ ကြည့်ဖူးတာပါ။ လန်ဒန်အခြေစိုက်ကလပ်ရယ်လို့တောင် အဲဒီအချိန်က မသိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ခုတော့ သူတို့ရဲ့ အဓိကပြိုင်ဘက်အသင်းကို ကျနော် အလုပ်လုပ်နေပါပြီ။ နောက်တစ်ပတ်ပွဲစဉ်မှာ သူတို့နဲ့ ဆုံတဲ့အခါကျရင် အနိုင်ယူနိုင်ဖို့ အစွမ်းရှိသမျှ ကြိုးစားသွားမယ်” လို့ ပြောပါတယ်။

3 months Ago

နည်းပြလမ်းပတ်ကို ထုတ်ခဲ့သည့် ချဲလ်ဆီးအသင်းကို ဝိန်းရွန်းနီ ဝေဖန်

နည်းပြလမ်းပတ်ကို ထုတ်ပယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းကို ဒါဘီနည်းပြ ဝိန်းရွန်းနီက ဝေဖန်လိုက် ပါတယ်။ 

အင်္ဂလန်နည်းပြ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို ရလဒ်ကောင်းရအောင် စွမ်းဆောင် နိုင်ခြင်း မရှိခဲ့တာကြောင့် အသင်းပိုင်ရှင် အေဗရာမိုဗစ်က ထုတ်ပယ်ခဲ့တာပါ။

 နည်းပြ လမ်းပတ်အနေနဲ့ ချဲလ်ဆီးအသင်းမှာ အခုထက် အချိန်ပိုမို ရရှိခဲ့သင့်ကြောင်းနဲ့  အောင်မြင်တဲ့ နည်းပြတိုင်းဟာ အစပိုင်းမှာ အခက်အခဲတွေ့လေ့ရှိတာက မထူးဆန်းကြောင်း ရွန်းနီက ပြောပါတယ်။ 

”သက်သေတွေက လိမ်ညာလို့ မရပါဘူး။ ကလော့ပ်ကိုပဲ ကြည့်ပါ။ သူ့ကို အချိန် ပေးခဲ့တာကြောင့် ပရီးမီးယားလိဂ်နဲ့  ချန်ပီယံ လိဂ်ဆုဖလားတွေ ရယူပေးခဲ့တယ်။ အာဆင်ဝင်းဂါးတို့ ဆာအဲလ်စ်ဖာဂူဆန်တို့ကို ပြန်ကြည့်ရင်လည်း အစပိုင်းမှာ ခက်ခဲခဲ့ကြ ရတာပါပဲ။ ရိုမန်အေဗရာမိုဗစ် ချဲလ်ဆီးကို ရောက်လာကတည်းက နည်းပြတွေကို အချိန်မပေးဘူး ဆိုတာမျိုး လူသိများခဲ့ပြီး နည်းပြတွေကို လုံလောက်တဲ့အချိန်မပေးခဲ့ပါဘူး” လို့ ရွန်းနီက ဝေဖန်ခဲ့ပါတယ်။ 

နည်းပြ လမ်းပတ်ဟာ မနှစ်တုန်းက ကောင်းမွန်တဲ့ရာသီ တစ်ခု ဖြတ်သန်းနိုင်ခဲ့ပြီး လူငယ် ကစားသမားတွေလည်း မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ရွန်းနီက အင်္ဂလန်အသင်းဖော်ဟောင်း လမ်းပတ်ကို  ချီးကျူးခဲ့ပါတယ်။

3 months Ago

ချဲလ်ဆီးနှင့် ဝုဗ်တို့ ဂိုးမရှိ သရေကျ၊ နည်းပြသစ် တူချယ် စံချိန်သစ်တင်

မနေ့ ညကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ဝုဗ်အသင်းနဲ့ ဂိုးမရှိသရေကျသွားပြီး နည်းပြသစ် သောမတ်စ်တူချယ်ကတော့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးပွဲမှာ  စံချိန်သစ်တစ်ခုတင်လိုက်နိုင် ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးအသင်းဟာ ဝုဗ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ 

နည်းပြ တူချယ်ဟာ ချဲလ်ဆီးကို အင်္ဂါနေ့မှာ အသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ဝုဗ်အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရတာပါ။ 

ဒီပွဲဟာ ဂိုး မရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာကြောင့် တူချယ်ရဲ့ ပွဲဦးထွက်မှာ ၁ မှတ်ပဲ ရခဲ့ ပါတယ်။ 

တူချယ်က ပွဲမတိုင်ခင်ပြီးခဲ့တဲ့ ရက်အနည်းငယ်ဟာ အိမ်မက်ဆန်ဆန် ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ ပြီး တိုက်စစ်ကစားဟန်ကို မြင်တွေ့ရမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ 

သူ့ရဲ့ ပွဲဦးထွက်လူစာရင်းဟာ အံ့သြစရာတွေနဲ့ပြည့်နှက်နေခဲ့ပြီး သူ့ရဲ့ကစားကွက် အလှည့် အပြောင်းမှာ တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းက နောက်ခံလူအဖြစ်ပါဝင်လာခဲ့ပါတယ်။

  ဒီပွဲမှာ တူချယ်ရဲ့ချဲလ်ဆီးအသင်းဟာ အမှတ်ပြည့်မရခဲ့ပေမဲ့ ဘောလုံးပိုင်ဆိုင်မှုမှာတော့ စံချိန်တင်ခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာတင် ဘောလုံးပေးမှုပေါင်း ၄၃၃ ခုရှိခဲ့ပြီး ဒါဟာ ၂၀၀၃-၀၄ နောက်ပိုင်းပရီးမီးယားလိဂ်ရဲ့ စံချိန်တင်အရေအတွက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ၄၃၃ ကြိမ်ဟာ ၂၀၁၆ မေလနောက်ပိုင်း တူချယ်ကိုင်တွယ်တဲ့ အသင်းတွေထဲမှာ အများဆုံးစံချိန်လည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ချဲလ်ဆီးအသင်းရဲ့ဘောလုံးပေးပို့မှု စုစုပေါင်းဟာ အကြိမ်ပေါင်း ၈၂၀ ရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုဟာ ၇၈ ဒသမ ၉ ရာခိုင်နှုန်းအထိရှိပါတယ်။

ဒါဟာအချက်အလက်တွေကိုစတင် မှတ်တမ်းတင်ချိန်ကတည်းက မန်နေဂျာ တစ်ဦးရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ စံချိန်တင်အရေတွေလည်း ဖြစ်ပါတယ်။  

တူချယ်ချဲလ်ဆီး မတိုင်ခင် ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ခဲ့ပြီး ပဲရစ်ကလပ်ကို ပြီးခဲ့တဲ့ နှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီဇင်ဘာလမှာတော့ ရာထူးကနေ အထုတ်ခံခဲ့ရပြီး သူ့နေရာမှာ ပိုချက်တီနိုကအ စားဝင်ရောက်ခဲ့ပါတယ်။ 

ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းမတိုင်ခင် တူချယ်ဟာ မိန့်ဇ်အသင်းကို ၅ ရာသီကြာ ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ည သရေရလဒ်ကြောင့်ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာကို ရောက်လာပြီ တနင်္ဂနွေနေ့မှာ ဘန်လေအသင်းနဲ့ ကစားရပါမယ်။ 

3 months Ago

ဂျာမန်နည်းပြတူချယ်ကို ချဲလ်ဆီးအသင်း တရားဝင်ခန့်အပ်

ချဲလ်ဆီးအသင်းဟာ ဂျာမန်နည်းပြ တူချယ်ကို အသင်းရဲ့ နည်းပြသစ်အဖြစ်  ၁၈ လစာချုပ်နဲ့ တရားဝင်ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

နည်းပြလမ်းပတ်ကို ထုတ်ပယ်ပြီး တစ်ရက်အကြာမှာပဲ နည်းပြသစ် ခန့်အပ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပီအက်စ်ဂျီအသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တူချယ်ဟာ အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး လမ်းပတ် ထုတ်ပယ်ခံရချိန်မှာ အစားထိုးတာဝန်ယူဖို့ ဖြစ်လာခဲ့တာပါ။ 

အသက် ၄၇ နှစ်ရှိ နည်းပြ တူချယ်ဟာ အော့စ်ဘက်၊ မိန့်ဇ်နဲ့ ဒေါ့မွန်အသင်းတွေမှာလည်း တာဝန်ယူခဲ့ဖူးပါတယ်။ နည်းပြဘဝ အောင်မြင်မှုအနေနဲ့ ဒေါ့မွန်နဲ့ ပိုကယ်ဖလားတစ်လုံး၊ ပီအက်စ်ဂျီနဲ့ ပြည်တွင်း ဆုဖလားတွေအပြင် ချန်ပီယံလိဂ်မှာ ဒုတိယရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

3 months Ago

ချဲလ်ဆီးမှ ထုတ်ပယ်ခံရသည့် နည်းပြလမ်းပတ်ကို ဂွါဒီယိုလာက အားပေးစကားပြော

လော့ဒေါင်းကာလ ပြီးဆုံးချိန်မှာ နည်းပြ လမ်းပတ်နဲ့ ညစာအတူ စားနိုင်ဖို့ မျှော်လင့်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးနည်းပြရာထူးကနေ တနင်္လာနေ့က ထုတ်ပယ်ခံခဲ့ရပြီး နည်းပြ ဂွါဒီယိုလာက လမ်းပတ်ကို အားပေးစကားဆိုခဲ့တာပါ။ 

ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ရင် အစားထိုးခံရမှာဖြစ်ပြီး အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားကြောင်း၊ လော့ဒေါင်းကာလ ပြီးဆုံးချိန်မှာ လမ်းပတ်နဲ့ စားသောက်ဆိုင်မှာ တွေ့ချင်သေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောခဲ့တာပါ။ 

လက်စတာနည်းပြ ရော်ဂျာကတော့ လမ်းပတ်အတွက် စိတ်မကောင်းဖြစ်မိပြီး အသင်းဘက်က အခုထက် အချိန်ပိုပေးသင့်ကြောင်း သုံးသပ်ပါတယ်။

အလားတူ ခရစ္စတယ်ပဲလေ့နည်းပြ ရွိုင်းဟော့ဆန်နဲ့ အာဆင်နယ်နည်းပြ အတီတာတို့ကလည်း လမ်းပတ်ကို အချိန်တစ်ခုပေးသင့်ကြောင်း သုံးသပ်ကြပါတယ်။

3 months Ago

ပြောင်းလဲမှုလုပ်ရန် လမ်းပတ်ကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ဟု ချဲလ်ဆီး အသင်းပိုင်ရှင်ပြော

ချဲလ်ဆီးအသင်းကို မဖြစ်မနေ ပြောင်းလဲမှုလုပ်ရမယ့်အချိန်ဖြစ်လို့ နည်းပြလမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ကြောင်း အသင်းပိုင်ရှင် အေဗရာမိုဗစ်က ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာအနိုင်ရခဲ့ပြီး ၅ ပွဲရှုံး ၁ ပွဲသရေကျခဲ့လို့ အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာ အထိ ကျဆင်းသွားခဲ့ရပါတယ်။ 

ဒါကြောင့် နည်းပြလမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး လမ်းပတ်နဲ့ ပုဂ္ဂိုလ်ရေးအရ အလွန်ခင်မင်မှုရှိပေမယ့်လည်း ပြောင်းလဲရမယ့်အခြေအနေကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဗရာမိုဗစ်က အသင်းရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားခဲ့တာပါ။

ဒါ့အပြင်  လမ်းပတ်ရဲ့ စွမ်းဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း၊ အသင်းရဲ့ စံပြကစားသမားအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်းနဲ့ အချိန်မရွေး အသင်းဆီ ပြန်လာနိုင်ကြောင်း အေဗရာမိုဗစ်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောခဲ့တာပါ။ 

အသက် ၄၂ နှစ်ရှိ အင်္ဂလန်နည်းပြလမ်းပတ်ဟာ ၂၀၁၉ ခုနှစ်က ဒါဘီကနေ ချဲလ်ဆီးနည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ လစ်လပ်သွားတဲ့ နည်းပြရာထူးအတွက် ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ်တူချယ်ကို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

3 months Ago

ဂိုးသမားကယ်ပါနှင့် တိုက်စစ်မှူး ဗာနာတို့ကို ချဲလ်ဆီးနည်းပြ ကာကွယ်ပြောဆို

လူတန်တောင်းနဲ့ပွဲမှာ အမှားပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူး တီမိုဗာနာနဲ့ ဂိုးသမားကယ်ပါတို့ကို ချဲလ်ဆီးနည်းပြလမ်းပတ်က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ 

တနင်္ဂနွေနေ့ပွဲမှာ လူတန်တောင်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အခုလိုပြောဆိုခဲ့တာပါ။ 

ဒီပွဲမှာ အေဗရာဟမ်ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အက်ဖ်လေဖလား နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပေမယ့် ပွဲချိန်တစ်လျှောက်လုံး ချဲလ်ဆီးအသင်းဟာ ရုန်းကန်ခဲ့ရပါတယ်။ 

ဒီပွဲမှာ လူတန်တောင်းရရှိသွားခဲ့တဲ့ ဂိုးမှာ ဂိုးသမား ကယ်ပါရဲ့ အမှားတချို့ပါဝင်ခဲ့ပြီး ဗာနာကလည်း ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို လွဲချော်သွားခဲ့ပါတယ်။

လမ်းပတ်က ကယ်ပါဟာ ဒုတိယပိုင်းမှာ ပြိုင်ဘက်အသင်းရဲ့ ကြိုးစားမှုတွေကို ကာကွယ်ပေးခဲ့ကြောင်း  ထောက်ပြခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးမှာလည်း အသင်းသားအားလုံးမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ 

“ပြောရရင် ၂ ဂိုး စီ သရေကျနိုင်လောက်တဲ့ ပြိုင်ဘက်ရဲ့ကြိုးစားမှုတွေကို ကယ်ပါက ကောင်းကောင်းကာကွယ်ပေးနိုင်ခဲ့ပါတယ်။ လူတွေအတွက် ကယ်ပါကို ဝေဖန်ဖို့ လွယ်ကူနေပေမယ့် သူဟာ ပုံမှန်ပွဲကစားခွင့်မရရှိထားဘူးဆိုတာ သတိပြုရပါမယ်။ သူဟာ လေ့ကျင့်ရေးကွင်းမှာလည်း ကြိုးစားတဲ့ ဂိုးသမားကောင်းတစ်ဦးဖြစ်ပါတယ်။ ကျနော်တို့ ပြိုင် ဘက် ကစားသမားတစ်ယောက်ကို ကိုယ့်ဧရိယာထဲက နေရာလွတ်မှာရှိနေစေပြီး မပေးသင့်တဲ့အချိန်မှာ ကန်ခွင့်ပေးလိုက်ရတဲ့အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ကျွန်တော်တို့ ဂိုးပြန်ပေးလိုက်ရတဲ့ လျင်လျင်မြန်မြန်တုံ့ပြန်ပြီး ပွဲကိုပြန်စိုးမိုးနိုင်ခဲ့ပါတယ်။ ကျနော်တို့ ၂ ဂိုးလောက်နဲ့ ဦးဆောင်ထားသင့်ချိန်မှာ လိုအပ်တဲ့ဂိုးတွေမရရှိခဲ့လို့ အနည်းငယ်တော့ စိတ်ရှုပ်ထွေးစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့ ဂိုးတွေရရှိပြီးတာနဲ့ တပြိုင်နက် ပွဲဟာ သက်သောင့်သက်သာဖြစ်သွားခဲ့ပါတယ်” လို့ လမ်းပတ်က ပြောပါတယ်။ 

မော်ကမ်ဘီနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဗာနာရဲ့သွင်းဂိုးဟာ နိုဝင်ဘာလ အစောပိုင်းကာလကတည်းက သူ့ရဲ့ပထမဆုံးသော သွင်းဂိုးဖြစ်ပြီး တနင်္ဂနွေနေ့ပွဲမှာ ပင်နယ်တီပါလွဲခဲ့တာက ဂျာမနီလက်ရွေးစင်ကစားသမားရဲ့ ဖိအားတွေကို ပိုများလာစေခဲ့တယ်လို့ လမ်းပတ်က ပြောပါတယ်။

“ဗာနာအတွက် ကျနော်လည်း စိတ်ပျက်မိပါတယ်။ ဒီနေ့ပွဲမှာ သူဟာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့သလို ခြိမ်းခြောက်မှုတခုအဖြစ်လည်း အမြဲရှိနေပါတယ်။ သူဟာ တွဲဖက်တိုက်စစ်မှူး အေဗရာဟမ်နဲ့ ချိတ်ဆက်နိုင်ခဲ့သလို အသင်းဖော်တွေနဲ့လည်း တွဲဖက်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိုချင်သလို မဖြစ်လာဘူးဆိုတာက ဖြစ်တတ်ပါတယ်။ ကျနော်လည်း ပင်နယ်တီလွဲဖူးတော့ ဒီခံစားချက်ကိုနားလည်ပါတယ်။ သူစိတ်ပျက်နေမယ်ဆိုတာ လည်း သိပါတယ်။ သူ့ကိုဆွဲတင်ပေးဖို့က ကျနော်နဲ့ ချဲလ်ဆီးအသင်းသားတွေရဲ့ တာဝန်ပါ။ ဒါဟာ သူဘယ်လို ရုန်းကန်နေရသလဲဆိုတာကို ပြသနေပါတယ်။ အခုချိန်ဟာ ဗာနာအတွက် အကောင်းဆုံး အခိုက်အတန့်မဟုတ်ပေမယ့် သူ့အတွက် အချိန်တွေ မကြာခင်ရောက်ရှိလာမယ်လို့ မျှော်လင့်ပါတယ်။” 

3 months Ago

ရလဒ်ဆိုးရွားနေသဖြင့် ချဲလ်ဆီးအသင်း၏အခြေအနေကို စိုးရိမ်မိဟု နည်းပြလမ်းပတ် ပြော

လက်စတာအသင်းကို အင်္ဂါနေ့က ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို စိုးရိမ်မိတယ်လို့ နည်းပြ လမ်းပတ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ကင်းပါဝါကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ လက်စတာအသင်းအတွက် အနိုင်ဂိုးတွေကို အန်ဒီဒီနဲ့ မက်ဒီဆင်တို့က ပထမပိုင်းမှာတင် သွင်းယူခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ ရောက်ရှိသွားပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဆင့် ၄ နေရာက လီဗာပူးထက် ၁ ပွဲ ပိုကစားပြီးချိန်မှာ အမှတ်ကွာဟချက်ကလည်း ၅ မှတ်အထိ ရှိလာခဲ့ပါပြီ။ အင်္ဂါနေ့ ရလဒ်ဟာ ချဲလ်ဆီးအသင်းရဲ့နောက်ဆုံး ၈ ပွဲအတွင်း ၅ ပွဲမြောက် ရလဒ်ဆိုးရွားမှု ဖြစ်ပြီး ဒါဟာ လမ်းပတ်ပေါ်မှာရှိနေတဲ့ ဖိအားတွေကိုလည်း မီးမောင်းထိုးပြနေပါတယ်။ လမ်းပတ်ကလည်း သူ့အနေနဲ့လက်ရှိ အသင်းရဲ့အခြေအနေတွေအပေါ် လျစ်လျူရှုထားလို့ မရတော့ဘူးလို့ ပြောပါတယ်။  “ကျနော်တို့ ဖူလ်ဟမ်နဲ့ပွဲမှာ ခြေစွမ်းမကောင်းခဲ့ပေမယ့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်တပွဲကို ရှုံးခဲ့တယ်ဆိုတဲ့အသင်းရဲ့ ရလဒ်က ကျဆင်းသွားတဲ့သဘောပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်မိပါတယ်။ ကျနော်တို့ ပုံစံကောင်းတစ်ခုကနေ အခုလိုအခြေအနေအထိ ထိုးကျခဲ့တာပါ‌။ ကျနော်တို့နိုင်ပွဲတချို့ ရခဲ့ပေမယ့် ၈ ပွဲမှာ ၅ ပွဲ ရှုံးတယ်ဆိုတာက ကျနော်တို့ လိုချင်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။” ရှုံးနိမ့်မှုအတွက် စိတ်ပျက်ကြောင်း ပြောခဲ့ပေမဲ့ ပြိုင်ဘက် လက်စတာအသင်းကိုတော့ လမ်းပတ်က ချီးကျူးခဲ့ပါတယ်။ လက်စတာဟာ မိနစ် ၉၀ လုံး ချဲလ်ဆီးအသင်းကို ထိန်းချုပ်ကစားသွားနိုင်ခဲ့တယ်လို့လည်း သူက ဝန်ခံပါတယ်။  လမ်းပတ်က “ကျနော်တို့ပိုကောင်းတဲ့အသင်းကို ရှုံးနိမ့်ခဲ့တာပါ။ သူတို့က ပိုပြီးထက်မြက်သလို၊ ကျနော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့ဟာ ပုံစံကောင်းမှာရှိနေပြီး ကျနော်တို့ကတော့ ပုံစံကောင်း ပျောက်ဆုံးနေပါတယ်။ set piece ကနေ ဂိုးပေးလိုက်ရတဲ့အပေါ် စိတ်ပျက်မိသလို ဒုတိယဂိုးကိုလည်း ကျနော်တို့ ကောင်းကောင်းမကာကွယ်နိုင်လိုက်ပါဘူး။ စိတ်ပျက်မိဆုံးအရာက ဒီကိုလာပြီးရှုံးခဲ့တာဖြစ်ပေမဲ့ အခြေခံအကျဆုံးကို ပြောရရင် ဘောလုံးကိုင်မထားနိုင်တဲ့တာဟာ အရေးကြီးခဲ့ပါတယ်‌။ ကျနော်တို့ အခွင့်အရေးတချို့ ဖန်တီးနိုင်ခဲ့သလို ပင်နယ်တီရမယ့် အခိုက်အတန့်လည်း ရှိခဲ့ပေမဲ့ ရှုံးနိမ့်မှုအတွက် ဒါကို လွှဲချနေမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
3 months Ago

ဒက်ကလန်ရိုက်ကို ချဲလ်ဆီးနှင့် မန်ယူ မကမ်းလှမ်းထားဟု ဝက်စ်ဟမ်းနည်းပြပြော

ကွင်းလယ်လူ ဒက်ကလန်ရိုက်အတွက် ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေက ကမ်းလှမ်းထားတာ မရှိကြောင်း ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က အတည်ပြုပါတယ်။  အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ချဲလ်ဆီးက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဒီနှစ်ရာသီမှာ မန်ယူအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။  ဒက်ကလန်ရိုက်အတွက် ချဲလ်ဆီးနဲ့ မန်ယူအသင်းဆီက ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရှိကြောင်းနဲ့ သတင်းမှားတွေသာ ဖြစ်တယ်လို့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ပြောပါတယ်။ ဒက်ကလန်ရိုက်ဟာ အသင်းအတွက် ခမ်းနားတဲ့ စွမ်းဆောင်မှုတွေ လုပ်ဆောင်ထားပြီး အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်လ်ပါဝင် ကစားနိုင်ခြင်းမရှိတဲ့ ကွင်းလယ်မှာ ကြီးမားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ နည်းမိုယက်စ်က ပြောပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ အသက် ၂၂ နှစ်ရှိ ဒက်ကလန်ရိုက်အတွက် ပေါင်သန်း ၇၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
3 months Ago

ဖူလ်ဟမ်နှင့်နိုင်ပွဲက ချဲလ်ဆီးအသင်းအတွက် ထိုက်တန်မှုရှိဟု လမ်းပတ်ပြော (ရုပ်သံဟိုက်လိုက်)

စနေနေ့ ဖူလ်ဟမ်အသင်းအပေါ် နိုင်ပွဲဟာ အသင်းအတွက် ထိုက်တန်မှုရှိတယ်လို့ ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းဟာ ပြိုင်ဘက်ကို တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့တာဖြစ်ပြီး အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ကွင်းလယ်လူ မေဆန်မောင့်က ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။  ဒီပွဲမတိုင်ခင် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် စနေနေ့နိုင်ပွဲကြောင့် အဆင့် ၇ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ “နိုင်ပွဲရတဲ့ခံစားချက်က တကယ်ကို ကောင်းတာပေါ့။ ကျနော်တို့ ပြီးခဲ့တဲ့ပွဲတွေတုန်းက လိဂ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပြီး ဒါကို ချေဖျက်ရပါမယ်။ ဖူလ်ဟမ်အသင်းက ကျနော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ ကျနော်တို့ပွဲကို ကောင်းကောင်းစတင်ပြီး ဘောလုံးကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၁၀ ယောက်ပဲ ကျန်တဲ့အသင်းကို လွယ်လွယ်ကူကူ အနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ တိုက်ပွဲဝင် စိတ်ဓာတ်ကြောင့် ဒီပွဲကို ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာပါ။ ၁၀ ယောက်ပဲ ကျန်တဲ့ပြိုင်ဘက်ကို ဖွင့်ပြီးတိုက် လာအောင်လုပ်ဖို့ ဖိအားရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ လက်ရှိပုံစံမှာ အားနည်းချက်ရှိနေပြီး ယုံကြည်မှုကလည်း ကျဆင်းနေပါတယ်။ ဒါပေမဲ့ လုပ်နိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်” လို့ လမ်းပတ်က ပြောပါတယ်။ မေဆန်မောင့်ရဲ့ဂိုးဟာ သူ့ရဲ့ဒီရာသီ  ဒုတိယမြောက်လိဂ်ဂိုးဖြစ်ပြီး ကစားသမားဟာ ဂိုးသွင်းယူမှုအပိုင်းမှာ တိုးတက်လာဖို့ မျှော်လင့်တယ်လို့လည်း လမ်းပတ်က ပြောပါတယ်။ အင်္ဂလန်လက်ရွေးစင်ရဲ့ပုံစံနဲ့ပတ်သက်ပြီး ကျေနပ်မိတယ်လို့လည်း သူက ထပ်မံပြောဆိုပါတယ်။
3 months Ago

တောင်ကိုရီးယားခံစစ်မှူး ကင်မင်ဂျေးကို ချဲလ်ဆီးနှင့်အပြိုင်ခေါ်ယူရန်  စပါးစိတ်ဝင်စား

တောင်ကိုရီးယား ခံစစ်မှူး ကင်မင်ဂျေးကို စပါးနဲ့ ချဲလ်ဆီးအသင်းတွေက အပြိုင်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။  ဧရာမဘီလူကြီးလို့ နာမည်ပြောင်ပေးထားတဲ့ အရပ် ၆ ပေ ၄ လက်မရှိ ကင်မင်ဂျေးဟာ   တရုတ်ကလပ် ဘေဂျင်းဂူအမ် အသင်းမှာ ကစားနေတာပါ။  စပါးနည်းပြမော်ရင်ဟိုဟာ ထွက်ခွာသွားတဲ့ နောက်ခံလူ ဗာတွန်ဂမ်နေရာအတွက် တောင်ကိုရီးယားလက်ရွေးစင် ကင်မင်ဂျေးကို ခေါ်ယူလိုနေတယ်လို့ Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။  စပါးအသင်းမှာ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်လည်း ခြေစွမ်းပြနေပြီး အပြောင်းအရွှေ့ဖြစ်ခဲ့ရင်တော့ လက်ရွေးစင်အသင်းဖော် ၂ ဦး ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။  အလားတူ လန်ဒန်အခြေစိုက် ကလပ်တစ်သင်းဖြစ်တဲ့ ချဲလ်ဆီးကလည်း ကြံ့ခိုင်မှုရော၊ ခြေစွမ်းပိုင်းပါ ကောင်းမွန်တဲ့ ကင်မင်ဂျေးကို ခေါ်ယူလိုနေပြီး စပါးနဲ့ အပြိုင် ကမ်းလှမ်းရနိုင်တယ်လို့ ဆိုပါတယ်။  အသက် ၂၄ နှစ်ရှိ ဗဟိုခံစစ်မှူး ကင်မင်ဂျေးဟာ ဘေဂျင်းဂူအမ်နဲ့ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ 
3 months Ago

ချဲလ်ဆီးအသင်း မော်ကန်ဘီကို ၄ ဂိုးပြတ်အနိုင်ရ

ချဲလ်ဆီးကစားသမားတွေဟာ အညှာအတာကင်းကင်းနဲ့ ပြိုင်ဘက်ကို အသေအကျေ ထိုးနှက်ချင်စိတ် နည်းပါးနေတယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။ မနေ့ညကကန်သွားတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မော်ကန်ဘီအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမဲ့ လမ်းပတ်က အခုလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။  ဒီပွဲမှာ ချဲလ်ဆီးအသင်းဟာ လိဂ်တူးပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ပါတယ်။  တီမိုဝါနာဟာ ဒီပွဲမှာ ၁၃ ပွဲကြာ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ကိုင်ဟားဗတ်ဇ်ဟာလည်း ၁၅ ပွဲဆက်ခြေစွမ်းပြဖို့ ရုန်းကန်နေရမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲပဲနိုင်ခဲ့တဲ့အထိ ခြေစွမ်းဆိုးရွားနေမှုကိုလည်း ဂိုးပြတ် ရလဒ်နဲ့ ကာကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒါပေမဲ့ နည်းပြလမ်းပတ်ကတော့ သူ့အသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေမှာ ရှိနေတဲ့ ပြိုင်ဘက်ကို အသေအကျေထိုးနှက်တိုက်လိုက်လိုစိတ် နည်းပါးနေတယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။  “ငယ်ရွယ်တဲ့လူစာရင်းကနေ တခါတရံတောင်းဆိုဖို့ မဖြစ်နိုင်တာက လုံးဝမပြောင်းလဲပဲရှိဖို့ နဲ့ အသေအကျေထိုးနှက်ဖို့ပါပဲ။ လိဂ်မှာရှိတဲ့ တခြားကစားသမားတွေ အပတ်စဉ် လုပ်ပြနေသလိုပေါ့။ ကျနော်တို့မှာ အလားအလာကောင်းတဲ့ လူငယ်ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် ကစားသမားတွေကို ထိပ်သီးအသင်းတွေကို စိန်ခေါ်လာနိုင်တဲ့အဆင့်အထိ ရောက်လာဖို့ လုပ်စရာတွေအများကြီးရှိနေ ပါသေးတယ်” လို့လမ်းပတ်က ဆိုပါတယ်။  ဗုဒ္ဓဟူးနေ့မှာ လမ်းပတ်ဟာ သီယာဂိုဆေးဗား၊ ဘန်ချီဝဲလ်နဲ့ ဂိုးသမားမန်ဒီတို့ကိုသာ အနားပေးခဲ့ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ကစားခဲ့ပါတယ်။  ဒီပွဲမှာ တီမိုရီဟာ စက်တင်ဘာလနောက်ပိုင်းပထမဆုံးအဖြစ် အရံခုံကနေတဆင့်ပွဲကစား ခွင့်ရရှိခဲ့ပါတယ်။  ဒါပေမဲ့ သူ့အတွက်ကစားချိန်နည်းပါးနေခြင်းက တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ပြီး တီမိုရီဟာ ဇန်နဝါရီအပြောင်းအရွေ့မှာ အငှားထွက်ကစား ရနိုင်တယ်လို့  နည်းပြလမ်းပတ်က ပြောပါတယ်။ 
3 months Ago

လမ်းပတ် နေရာအစားထိုးနိုင်ရန် နည်းပြ ၄ ဦးကို ချဲလ်ဆီးအသင်း လျာထား

ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်နေရာမှာ အစားထိုးဖို့ နည်းပြ ၄ ဦးကို လျာထားပြီး ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲ မှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲ ရှုံး၊ ၁ ပွဲ သရေကျခဲ့တာပါ။ အမှတ်ပေးဇယားအဆင့် ၉ အထိ ကျဆင်းသွားခဲ့တာကြောင့် နည်းပြလမ်းပတ်ရဲ့ ထိုင်ခုံဟာလည်း လှုပ်ခတ်လာခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက အစားထိုးခန့်အပ်ဖို့ လျာထားထားတဲ့ နည်းပြစာရင်းမှာ ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ်၊ ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီ၊ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟတ်တယ်လည်း ပါဝင်နေပါတယ်။ အသင်းပိုင်ရှင် ရုရှားသူဌေး အေဗရာမိုဗစ်ဟာလည်း ရလဒ်မကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ နည်းပြတွေကို အချိန်ပေးလေ့မရှိဘဲ ထုတ်ပယ်ခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့တာပါ။  ဒါပေမဲ့ ဒီအချိန်မှာတော့ အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ လမ်းပတ်ကိုတော့ အချိန်တစ်ခု ဆက်လက်ပေးသွားဦးမယ်လို့ သိရပါတယ်။
4 months Ago

ချဲလ်ဆီးအသင်း ခြေစွမ်းတက်လာသော်လည်း အဆုံးသတ်ကောင်းရန်လိုဟု လမ်းပတ် ပြော

ခံစစ်ကစားပုံတိုးတက်လာပေမဲ့ တိုက်စစ်ပိုင်းမှာ အဆုံးသတ်ကောင်းမွန်ဖို့ လိုအပ်နေသေး ကြောင်း ချဲလ်ဆီးနည်းပြလမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ ပရီးမီးယာလိဂ်နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး နည်းပြ လမ်းပတ်အပေါ် ဖိအားတွေ ကျရောက်နေတာပါ။  ဒီဇင်ဘာ ၆ ရက်က လိဒ်ယူနိုက်တက်ကို အနိုင်ရပြီး နောက်ပိုင်း အဲဗာတန်၊ ဝုဗ်၊ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ အက်စ်တန်ဗီလာအသင်းတွေနဲ့ ၅ ပွဲ မှာ ဝက်စ်ဟမ်းကိုပဲ အနိုင်ရခဲ့ပြီး ၃ ပွဲ ရှုံး ၁ပွဲ သရေ ကျခဲ့တာပါ။  လက်ရှိအချိန်က ခက်ခဲတဲ့ အချိန်ရောက်နေပြီး ရှေ့ဆက်ပြီး တိုက်ပွဲဝင်သွားရမှာဖြစ်လို့ အဲဒီ အတွက် သန်မာနေဖို့ လိုတယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။  ခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းအပြင် ခံစစ်ကစားပုံလည်း တိုးတက်လာပေမဲ့ တိုက်စစ်ပိုင်းမှာတော့ အရည်အသွေးမြင့်တဲ့ ခြေစွမ်းတွေ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လမ်းပတ်ကသုံးသပ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိအခြေအနေမတိုင်ခင်က ပြိုင်ပွဲစုံမှာ ၁၇ပွဲဆက်တိုက်ရ ရှုံးပွဲ မရှိ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။  
4 months Ago

ဗီလာကို သရေကျခဲ့သော်လည်း  ချဲလ်ဆီးကစားသမားများကို  နည်းပြလမ်းပတ် ချီးကျူး

မနေ့ညက အက်စတွန်ဗီလာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကံတရားက ချဲလ်ဆီးအသင်း ဘက်မှာ ရှိမနေဘူးလို့  နည်းပြလမ်းပတ်က ညည်းတွားလိုက်ပါတယ်။  ဒီပွဲမတိုင်ခင် အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း လမ်းပတ်ဟာ သူ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့် မပျော်မရွှင်ဖြစ်ရတယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ မနေ့ညက ဗီလာနဲ့ပွဲမှာ ချဲလ်ဆီးအတွက် ဂီရော့ဒ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမဲ့ ဒုတိယပိုင်းမှာ အယ်ဂါ ဇီကဗီလာအတွက်ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ အမှတ်လျော့ခဲ့ပြီး ဝက်စ်ဟမ်းတစ်သင်းထဲကိုသာ အနိုင်ရရှိထားပါတယ်။  ချဲလ်ဆီးဟာ အဲဗာတန်၊ ဝုဗ်နဲ့အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးနိမ့်မှုတွေမှာ ကစားသမား တွေဟာ လုံလောက်တဲ့ အားစိုက်ထုတ်မှု မရှိဘူးလို့လည်း လမ်းပတ်က အပြစ်တင်ခဲ့ပါတယ်။  ဒါပေမဲ့ ဗီလာနဲ့ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ အနိုင်ရရှိခဲ့ခြင်း မရှိတာတောင် အသင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ မြင်တွေ့နေရပြီလို့ လမ်းပတ်က ပြောပါတယ်။ “စွမ်းဆောင်ရည်ပိုင်းမှာ တိုးတက်မှုတွေရှိလာပါတယ်။ ဗီလာအသင်းကလည်း ကောင်းခဲ့တယ်ဆိုပေမဲ့ ပထမပိုင်းမှာ ကျနော့်အသင်း ကစားပုံက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒါ့ကြောင့်ဦးဆောင်ဂိုးကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်” လို့ လမ်းပတ်က ပြော ပါတယ်။  “ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ဖိအားပေးနိုင်ခဲ့ပေမယ့် အခြေအနေကိုမဖြိုခွဲနိုင်ခဲ့ပါဘူး။ ကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ အားထုတ်မှုတွေ ကောင်းမွန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခွင့်အရေး တချို့နဲ့ ဂိုးရလုနီးပါးဖြစ်ခဲ့ပေမဲ့ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး။” လို့ လမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၆ နေရာကို ရောက်ရှိနေပါတယ်။
4 months Ago

ဟာဇက်နှင့် နှိုင်းယှဉ်ချီးကျူးပြောဆိုမှုကို ချဲလ်ဆီးကစားသမား ပူလီဆစ် ပယ်ချ

ဟာဇက်ရဲ့ ကစားပုံတွေကနေ သင်ယူလေ့လာခဲ့ပေမယ့် သူနဲ့မတူဘဲ ကွဲပြားခြားနားတဲ့ ကစားသမား ဖြစ်တယ်လို့ ချဲလ်ဆီးတောင်ပံတိုက်စစ်မှူး ပူလီဆစ်က ပြောပါတယ်။ အမေရိကန် တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ ချဲလ်ဆီးအသင်း ကစားသမားဟောင်း ဟာဇက်လို ခြေစွမ်းမျိုးရှိကြောင်း မန်ယူဂန္ထဝင် ပေါလ်စခိုးက ခိုင်းနှိုင်း ချီးကျူးခဲ့တာပါ။ ပူလီဆစ်က ဟာဇက်ရဲ့ခြေစွမ်းနဲ့ အနီးစပ်ဆုံး တူညီပြီး နေရာလွတ် ရှာဖွေနိုင်သလို ပြိုင်ဘက်တွေကို လိမ်ခေါက်ကျော်ဖြတ်ပြီး ဖန်တီးမှုတွေ ပြုလုပ်နိုင်သူလို့ ပေါလ်စခိုးက ချီးကျူးခဲ့တာပါ။ ပူလီဆစ်ကတော့ ဟာဇက်က ချဲလ်ဆီးအတွက် အလွန်ခမ်းနားတဲ့ ကစားသမားဖြစ်ပြီး သူ့လိုကစားပုံမျိုးရရှိအောင် တစ်ခါမှ မကြိုးစားခဲ့ဖူးကြောင်း၊ ပေါလ်စခိုးလို ကစားသမားဆီကနေ ချီးကျူးမှုရရှိတာကိုတော့ ကျေနပ်ကြောင်း ပူလီဆစ်က အသင်းဝက်ဘ်ဆိုဒ်ကို ပြောခဲ့တာပါ။  ဘယ်ကစားသမားရဲ့ ကစားပုံမှ အတုယူတာမျိုး မရှိခဲ့ဘဲ သင်ယူလေ့လာမှုတွေပဲ လုပ်ဆောင်ခဲ့တယ်လို့ ပူလီဆစ်က ပြောပါတယ်။
4 months Ago

ချဲလ်ဆီးနှင့်ပွဲတွင် အာဆင်နယ်အသင်း ပင်နယ်တီမရသင့်ဟု နဗီးလ် သုံးသပ်

အာဆင်နယ်အသင်း ပင်နယ်တီမရသင့်ကြောင်း မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်လိုက်ပါတယ်။  စကိုင်းစပေါ့ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့ရာမှာ အာဆင်နယ်အသင်း ဦးဆောင်းဂိုး ရရှိစေခဲ့တဲ့ ပင်နယ်တီဟာ ပေးသင့်တဲ့ အခြေအနေမှာမရှိဘူးလို့ နဗီးလ်က သုံးသပ်ခဲ့တာပါ။  အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူ တီယာနေးကို ရီဆီဂျိမ်းက ပြစ်ဒဏ်ဘောပြုလုပ်ခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးပြီးမှ ပင်နယ်တီပြစ်ဒဏ် သတ်မှတ်ခဲ့တာပါ။ ရီဆီဂျိမ်းအနေနဲ့ တီယာနေးအပေါ် ပင်နယ်တီပေးလောက်တဲ့ ထိတွေ့မှု မရှိကြောင်းနဲ့ တီယာနေးက ဟန်ဆောင်လှဲချခဲ့တာလို့ နဗီးလ်က သုံးသပ်ခဲ့ပါတယ်။  ”ဒါက ပင်နယ်တီ မဟုတ်ပါဘူး။ ပင်နယ်တီပြစ်ဒဏ်ဘော မဟုတ်ပေမယ့် ပေးခဲ့တယ်။ ပင်နယ်တီမဟုတ်တာ သေချာပါတယ်။ တီယာနေးက ကျော်လွန်သွားခဲ့ပြီးမှ ရီဆီဂျိမ်းစ်အပေါ် ခြေထောက်ပြန်ရောက်လာတာပါ။”
4 months Ago

ချဲလ်ဆီးနှင့်ပွဲ အူဘာမီယန်းပြန်ကစားနိုင်ရန် မသေချာသေးကြောင်း အာဆင်နယ်ထုတ်ပြန်

တိုက်စစ်မှူး အူဘာမီယန်းဟာ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပြန်ကစားနိုင်ဖို့ မသေချာသေး ကြောင်း အာဆင်နယ်အသင်းက သတင်းထုတ်ပြန်ပါတယ်။  အူဘာမီယန်းဟာ အသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက် ခြေသလုံးဒဏ်ရာကြောင့် လွဲချော်ခဲ့တာပါ။  အာဆင်နယ်အသင်းဟာ စနေညမှာ ချဲလ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အီမရိတ်ကွင်းမှာရင်ဆိုင်ရမှာပါ။  မန်ယူအသင်းကို အနိုင်ရခဲ့ပြီးနောက် ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အာဆင်နယ်အသင်းဟာ အဆင့် ၁၅ မှာ ရပ်တည်နေပြီး နိုင်ပွဲရဖို့ လိုအပ်နေတာပါ။  အူဘာမီယန်းဟာ အာဆင်နယ်အတွက် ၅ ဂိုးသွင်းယူထားပြီး ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ကြံခိုင်မှုအပိုင်းမှာ တိုးတက်လာဖို့ ကြိုးပမ်းနေကြောင်းလည်း အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။  ကွင်းလယ်လူ သောမက်စ်ပါတေးကတော့ ချဲလ်ဆီးနဲ့ ပွဲကို ဆက်ပြီးလွဲချော်မယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။  ချဲလ်ဆီးအသင်းမှာတော့ နောက်ခံလူတွေဖြစ်တဲ့ ဘင်ချီဝဲလ်၊ ရီဆီဂျိမ်းနဲ့ ဇီယက်ချ်တို့ လွဲ ချော်မယ်လို့ သိရပါတယ်။ 
4 months Ago

အာဆင်နယ်ကို လျှော့မတွက်ရန် ချဲလ်ဆီးအသင်းသားများကို လမ်းပတ်သတိပေး

အာဆင်နယ်အသင်းဟာ အရည်အသွေးမြင့်မားပြီး တန်းဝင်တဲ့ နည်းပြတစ်ဦးကို ပိုင်ဆိုင်ထားတယ်လို့ ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောပါတယ်။  ဒါကြောင့် ချဲလ်ဆီး ကစားသမားတွေအနေနဲ့လည်း အန္တရာယ်ရှိတဲ့ အာဆင်နယ်အသင်းကို လျှော့မတွက်ထားဖို့လည်း လမ်းပတ်က သတိပေးလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ တနင်္လာနေ့မှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်ရှိလာပါတယ်။ ဒီပွဲမတိုင်ခင် ချဲလ်ဆီးအနေနဲ့ ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တာကြောင့် ဦးဆောင်သူ လီဗာပူးအသင်းနဲ့ ၆ မှတ်အကွာကို ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၁၄ ပွဲမှာ ၈ ပွဲအထိ ရှုံးခဲ့တာကြောင့် အဆင့် ၁၅ နေရာကို ရောက်ရှိသွားခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာလည်း အဲဗာတန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြန်ပါတယ်။  ဒါကြောင့် အာတီတာနဲ့ သူ့အသင်းသားတွေဟာ လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းကို မဖြစ်မနေ ပြန်လည်ရှာဖွေရမှာဖြစ်ပြီး အဲဒီလိုမှ မဟုတ်ရင်တော့ တန်းဆင်းဇုန်ထဲအထိ ရောက်ရှိသွားမယ့်အခြေအနေလည်း ဖြစ်ပါတယ်။ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့်စနေနေ့မှာ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းကို သွားကစားရမှာဖြစ်တာကြောင့် လမ်းပတ်က သူ့အသင်းသားတွေကို သတိပေးလိုက်တာပါ။ ဝက်စ်ဟမ်းလို လန်ဒန်ဒါဘီအသင်းကို သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပေမယ့် ဘောက်ဆင်ဒေးမှာ ကစားမယ့် အာဆင်နယ်ပွဲမှာတော့ ဘာအာမခံချက်မှ ရှိမနေဘူးလို့ လမ်းပတ်က ပြောပါတယ်။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ လက်ရှိရပ်တည်မှုထက် ပိုပြီးအစွမ်းရှိတဲ့အသင်း ဖြစ်တာကြောင့် နည်းပြအာတီတာက အရှုံးမခံတဲ့ပွဲအတွက် သူ့အသင်းသားတွေကို တွန်းအားပေးထားမှာ သေချာတယ်လို့ လမ်းပတ်က ဆိုပါတယ်။ “အာဆင်နယ်မှာ အရည်အသွေးပြည့်ဝတဲ့ အသင်းလိုက် လူစာရင်းရှိနေပြီး ဖိအားဒဏ် ခံနေရတဲ့ တန်းဝင်နည်းပြတစ်ယောက် ရှိပါတယ်။ ဒါတွေ ပေါင်းစပ်မှုဟာ ယှဉ်ပြိုင်ဖို့ သိပ်ကိုခက်ခဲတဲ့ အခြေအနေတစ်ခုကို ဖြစ်စေပြီး ကျနော်တို့အနေနဲ့ မှန်မှန်ကန်ကန် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ခက်ခဲပြီးတော့ အပတ်တိုင်း စိတ်လှုပ်ရှားဖွယ်ရလဒ်တွေရှိ နေပါတယ်” လို့ ချဲလ်ဆီးနည်းပြက ပြောပါတယ်။
4 months Ago

ကွင်းလယ်ပိုင်း အားနည်းမှုကြောင့် ချဲလ်ဆီးအသင်း ချန်ပီယံမဖြစ်နိုင်ဟု ပေါလ်စခိုး သုံးသပ်

ကွင်းလယ်ပိုင်းမှာ အခွင့်အရေးဖန်တီးနိုင်စွမ်း အားနည်းတဲ့အချက်က ချဲလ်ဆီးအသင်းကို ချန်ပီယံ မဖြစ်စေနိုင်တဲ့အချက် ဖြစ်တယ်လို့ ပေါလ်စခိုးက သုံးသပ်ဝေဖန်လိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရတာပါ။ အဲဒီပွဲစဉ်ကို BT Sport ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးကတော့ ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်က ချန်ပီယံဖြစ်ဖို့ အဆင်သင့်မရှိ မသေးကြောင်း ထောက်ပြခဲ့တာပါ။ ကွင်းလယ်မှာ ကန်တေက ထူးချွန်စွာနဲ့ ကစားပြနေပေမယ့် သူ့ရှေ့က မေဆန်မောင့်နဲ့ ခိုင်ဟာဗက်ဇ်တို့က လူငယ်ကစားသမားတွေ ဖြစ်လို့ ထူးခြားတဲ့စွမ်းဆောင်ရည် ပြသနိုင်ခြင်း မရှိဘူးလို့ ပေါလ်စခိုးက ဝေဖန်ပါတယ်။  ချန်ပီယံဖြစ်ဖို့အတွက် အချိန်လိုအပ်နေသေးပြီး မန်စီးတီးနဲ့ လီဗာပူးအသင်းတွေရဲ့ ခြေစွမ်းကို မယှဉ်နိုင်သေးကြောင်း ပေါလ်စခိုးက သုံးသပ်ခဲ့ပါတယ်။ 
4 months Ago

ချဲလ်ဆီးက ဝုဒ်ကို (၁-၂)ဂိုးဖြင့်  ရှုံးနိမ့်၊  မန်စီးတီးက ဝက်စ်ဘရွန်းနှင့် ၁ ဂိုးစီ သရေကျ

ဒီနေ့ မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက ဝုဗ်အသင်းကို (၁-၂ ) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။  အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝုဗ်အသင်းကို ထပ်ပြီး ရှုံးခဲ့လို့ ချဲလ်ဆီးအသင်း ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။  ပွဲချိန် ၄၉ မိနစ်မှာ ဂျရူးက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဝုဗ်အသင်းက ပွဲချိန် ၆၆ မိနစ်မှာ ပိုဒန့်စ်က ချေပဂိုး၊ ပွဲပြီးခါနီးမှာ ပတ်ဒရိုနက်တို့က အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်အတွက်တော့ ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီးနောက် နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။  ဒီပွဲ အရှုံးရလဒ်ကြောင့် ချဲလ်ဆီးအသင်းက အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက စပါး၊ လီဗာပူး တို့ထက် ၁ ပွဲပိုကစားထားပေမယ့် ၃ မှတ် ပြတ်သွားခဲ့ပါတယ်။  တခြားပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဝက်စ်ဘရွန်းနဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။  ပထမပိုင်းမိနစ် ၃၀ မှာ ဂွမ်ဒိုဂမ်က ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ၄၃ မိနစ်မှာ နောက်ခံလူ ဒိုင်ယက်စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် သရေရလဒ်နဲ့သာ မန်စီးတီး ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
4 months Ago

ကျနော့်အသင်း လူစာရင်းက အလယ်အလတ်အဆင့်မှာပဲ ရှိနေပါသေးတယ် - ချဲလ်ဆီးနည်းပြ

အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သူ့အသင်းဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရကြောင်းနဲ့ ဒီရှုံးပွဲဟာ ချဲလ်ဆီးအသင်းကို လိဂ်မှာ အတောင့်တင်းဆုံးလူအင်အား ရှိနေပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလို့ ပြောသူတွေအတွက် အသင်းရဲ့အခြေအနေ အစစ်အမှန်ကို သိရှိစေနိုင်ကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။ စနေနေ့ပွဲမှာ အဲဗာတန်အသင်းက ဆီဂတ်ဆန်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ချဲလ်ဆီးဘက်က ပြန်လည်ချေပနိုင်ခဲ့ခြင်း မရှိပါဘူး။ ချဲလ်ဆီး ကစားသမားတွေဟာ အဲဗာတန်ဘက်ကပေးတဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခဲ့ခြင်း မရှိခဲ့ဖူးလို့ လမ်းပတ်က ပြောပြီး ဒီနေ့ပွဲ ခြေစွမ်းကနေ သင်ယူရမယ်လို့လည်း ဆိုပါတယ်။ စနေနေ့ ရှုံးပွဲဟာ စက်တင်ဘာ ၂၀ ရက် လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ပထမဆုံး ရှုံးပွဲဖြစ်ပြီး ဒီအခြေအနေကြောင့် သူ့အသင်းကို ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းစာရင်းမှာ ထည့်သွင်းမသတ်မှတ်သင့်ဘူးလို့လည်း လမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးကို ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ပြောခဲ့တဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ရဲ့ ပြောဆိုမှုကို လမ်းပတ်က ပြန်လည်ချေပခဲ့တာလည်း ဖြစ်ပါတယ်။  လမ်းပတ်က “ဒါဟာ အကြာကြီးယှဉ်ပြိုင်ရမယ့် ရာသီတစ်ခုပါ။ ဒါဟာ ကျနော့်အသင်းကို ဖလားရမယ်၊ အင်းအားတောင့်တင်းတယ်လို့ ပြောထားသူတွေအတွက် အမှန်ကိုသိစေတဲ့ပွဲလည်း ဖြစ်ပါတယ်။ အကောင်းဆုံးလူစာရင်းလို့ ပြောမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်တွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတွေကို ပြန်ကြည့်သင့်ပါတယ်။ အဲဒီအသင်းတွေမှာ ဂိုးတွေအများကြီးသွင်းနိုင်တဲ့ တိုက်စစ်မှူးတွေ‌၊ အောင်မြင်မှုမျိုးစုံရထားတဲ့ ကွင်းလယ်လူတွေ ရှိနေပါတယ်။ ကျနော့်အသင်းမှာတော့ ဒီလို ကစားသမားမျိုး နည်းပါတယ်။ သူတို့ဟာ လူငယ်လေးတွေပဲ ရှိနေသေးတာကြောင့် ဒီလိုပြောဖို့ စောပါသေးတယ်။ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်း ကျနော် ဒီအသင်းမှာ ဆက်ရှိနေပြီး ကျနော်တို့အသင်းက ဖလားတွေ ရခဲ့မယ်ဆိုရင် ကျနော်တို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဆိုတဲ့စကားကို လက်ခံပါမယ်။ အခုချိန်မှာတော့ ဒီလိုပြောဖို့ စောနေပါသေးတယ်။ အခုချိန်မှာ ကျနော့်အသင်း လူစာရင်းက အလယ်အလတ်အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒါဟာ အမှန်တရားပါပဲ” လို့  ပြောပါတယ်။ ချဲလ်ဆီးအသင်း ပေးလိုက်ရတဲ့ ပင်နယ်တီမှာ အဲဗာတန်တိုက်စစ်မှူး ကတ်ဗင်လီဝိန်းကို ဂိုးသမား မန်ဒီက ထွက်တားခဲ့လို့ ပေးလိုက်ရတာဖြစ်ပြီး မန်ဒီရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းသွားခဲ့တယ်လို့ ယူဆနိုင်ပါတယ်။  ဒါပေမဲ့ လမ်းပတ်ကတော့ မန်ဒီကို ကာကွယ်ပြောဆိုပေးသွားခဲ့ပြီး ဂိုးသမားဟာ ချဲလ်ဆီးအသင်းကို ရောက်လာပြီးချိန်ကတည်းက လက်စွမ်းပြနေသူ ဖြစ်တယ်လို့ ပြောပါတယ်။
4 months Ago

ချဲလ်ဆီးအသင်း၏အမေ့လျော့ခံ သူရဲကောင်း သို့မဟုတ် လေထဲက ဇူးမား

ချဲလ်ဆီးအသင်းရဲ့ ၁၆ ပွဲဆက်တိုက် ရှုံးပွဲ မရှိ အောင်မြင်မှုအတွက် အသင်းရဲ့ တိုက်စစ်ကစားသမားသစ်တွေကို မဖြစ်မနေ ချီးကျူးရပါမယ်။  ဒါပေမဲ့ လိဒ်အသင်းနဲ့ပွဲမှာ ခေါင်းတိုက်သွင်းဂိုးနဲ့ အရေးပါတဲ့အခိုက်အတန့်ကို ဖန်တီးပေးခဲ့ သူကတော့ နောက်ခံလူ ကတ်ဇူးမားပါ။ လိဒ်နည်းပြ ဘီယဲလ်ဆာဟာ ပွဲတပွဲကို အသေးစိတ်ကြိုတင်ပြင်ဆင်နိုင်သူအဖြစ် နာမည်ကြီးပေမဲ့ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာတော့ နာမည်ကျော် နည်းပြကြီးဟာ ဇူးမားရဲ့ခေါင်းတိုက်စွမ်းဆောင်ရည်ကို မေ့ထားခဲ့ပုံရပါတယ်။  ဒီပွဲမှာ set-piece တွေဟာ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကွဲပြားမှုရှိခဲ့တယ်လို့ နည်းပြကြီး ကိုယ်တိုင်က ဝန်ခံသွားခဲ့ပါတယ်။ လေထဲမှာ ဘောလုံးရရှိမှုက သေးငယ်တဲ့အစိတ်အပိုင်းတခုဖြစ်ပေမဲ့ ဒီရာသီ ချဲလ်ဆီးအသင်းအတွက်တော့ ကြီးမားတဲ့အကျိူးသက်ရောက်မှုကို ဖြစ်စေပါတယ်။  အသက် ၂၆ နှစ်အရွယ်နောက်ခံလူဟာ ကိုယ့်ဧရိယာထဲမှာတင်မဟုတ်ဘဲ ပြိုင်ဘက်ရဲ့ဧရိယာ ထဲမှာတောင် ခေါင်းတိုက်စွမ်းရည်ကောင်းကို ပြသထားနိုင်ပါတယ်။  ဒါ့ကြောင့် ဇူးမားဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ပြန်လည်ခေါ်ယူတာခံခဲ့ရပြီး ချဲလ်ဆီးနည်းပြ လမ်းပတ်အတွက် အားနည်းချက်ဖြစ်ခဲ့တဲ့ ခံစစ်ဟာလည်း အခုဆို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့ အနေအထားအထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ ဇူးမားဟာ အခုရာသီလိဂ်ပြိုင်ပွဲမှာ လေထဲက ဘောလုံးအနိုင်ရရှိမှု ၇၄ ဒသမ ၅ ရာခိုင်နှုန်းအထိရှိခဲ့တာကြောင့် ဥရောပရဲ့ထိပ်ဆုံး နောက်ခံလူအယောက် ၂၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။  ဒီစွမ်းဆောင်ရည်ကြောင့်ပဲ သူဟာ သီယာဂိုဆေးလ်ဗားရဲ့ အကောင်းဆုံး တွဲဖက်ကစားသမားဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။  သူ့ရဲ့ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်တွေကလည်း ဖလားရခဲ့တဲ့နှစ်တွေက ဂျွန်တယ်ရီနဲ့ ဂယ်ရီကာဟေလ်းတို့ရဲ့ စွမ်းဆောင်ရည်ကို သတိရစေပါတယ်။  လိဒ်နဲ့ပွဲက ဂိုးဟာဇူးမားအတွက် ဒီရာသီ ၄ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဒါဟာပရီမီးယားလိဂ် မှာ ဂိုးသွင်းအများဆုံးနောက်ခံလူထက် နှစ်ဆပိုများပါတယ်။  ဥရောပရဲ့ထိပ်သီးလိဂ် ၅ ခုမှာလည်း ဇူးမားထက်ဂိုးပိုသွင်းနိုင်တဲ့ နောက်ခံလူမရှိသေးဘဲ လိုက်ပစ်ဇ်အသင်းရဲ့ အန်ဂျလီနို တဦးတည်းကသာ ဇူးမားလိုမျိုး စွမ်းဆောင်ထားနိုင်ပါတယ်။ လိဒ်ကို ၃ ဂိုးပြတ်နဲ့နိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို ရောက်ရှိလာခဲ့ပြီး ဒါဟာ လမ်းပတ်ရဲ့ အကယ်ဒမီကစားသမားတွေနဲ့ ကစားသမားသစ်တွေ ပေါင်းစပ်မှုဟာ အလုပ်ဖြစ်နေသေးတယ်ဆိုတာကို ပြနေပါတယ်။  ဇူးမားကို ကစားသမားသစ် ဒါမဟုတ် ရှိရင်းစွဲကစားသမာအဖြစ် ကြိုက်သလိုသတ် မှတ်နိုင်ပေမဲ့ သူ့ ခြေစွမ်း တိုးတက်လာတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။  ဒီလိုမျိုး လွယ်လွယ်ကူကူဖြစ်လာတာတော့ မဟုတ်ပါဘူး။ သူဟာ အသက် ၂၁ နှစ်အရွယ် ကတည်းက မော်ရင်ဟိုရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ကစားသမားဖြစ်ခဲ့သူပါ။ လူငယ်ကစားသမားဘဝမှာ ဇူးမားဟာ wonderkid အဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့ ဒဏ်ရာရရှိခဲ့မှုက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ ၂ ရပ်စလုံးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ ပါတယ်။  သူဟာ ချဲလ်ဆီးရဲ့ ပွဲထွက်ကစားသမားပြန်ဖြစ်မလာခင် စတုတ်၊ အဲဗာတန်စတဲ့အသင်း တွေမှာ ကာလရှည်အငှားထွက် ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ လမ်းပတ်က ချဲလ်ဆီးအသင်းထံ ပြန်လည်ခေါ်ယူခဲ့ပါတယ်။  အပြောင်းအရွေ့ အပိတ်ခံထားရချိန်မှာ ကစားသမားသစ်ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် သူ့ကို ပြန်လည်ခေါ်ယူခဲ့ခြင်းမျိုးဖြစ်ပါတယ်။  အသင်းကိုပြန်လည်ရောက်ရှိလာပေမဲ့ ဇူးမားဘက်က ခြေစွမ်းပြနိုင်ခဲ့ခြင်းမျိုးတော့ မရှိပါဘူး။ ဇူးမားအပါအဝင် ချဲလ်ဆီးနောက်ခံလူတွေအားလုံး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဇူးမားဟာ သူ့ရဲ့ ပွဲထွက်ခွင့်ပြိုင်ဘက်တွေနဲ့ ဒဏ်ရာရရှိမှုတွေကို နောက်ကောက်ချထားကာ လက်ရှိ မြင်တွေ့နေရတဲ့ ဇူးမားအဖြစ် ထိုးထွက်လာခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်၊ ခံစစ်စွမ်းရည်တို့အပြင် သီယာဂိုဆေးလ်ဗားနဲ့အကောင်းဆုံးတွဲဖက် ကစားနိုင်မှုတွေကြောင့်ဇူးမားဟာ ချဲလ်ဆီးအသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာပြီး နောက်ဆုံးမှာတော့ wonderkid အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ သူ့ရဲ့အလားအလာတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီပဲဖြစ်ပါတယ်။
5 months Ago

ပရီးမီးယားလိဂ်ချန်ပီယံဆု ရေပန်းအစားဆုံးအဖြစ် ချဲလ်ဆီးကို ကလော့ပ်ရွေးချယ်

လက်ရှိအခြေအနေအရ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းမှာ ချဲလ်ဆီးအသင်းဖြစ်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီနေ့မနက်အစောပိုင်းပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကို ရောက်ရှိလာခဲ့ပြီး တနင်္ဂနွေ နေ့မှာ ကစားဖို့ရှိနေတဲ့ လီဗာပူးနဲ့ စပါးအသင်းတို့ကို ၁ မှတ်ဖြတ်ထားပါတယ်။  ချဲလ်ဆီးဟာ ချန်ပီယံဘွဲ့ကိုလုယူဖို့ အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သလို လီဗာပူးအသင်းကလည်း ချန်ပီယံဆုကို ကာကွယ်ဖို့အာရုံစိုက်ထားဆဲဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။ “ကျနော်ပွဲတွေကို ကြည့်မိရင် စပါးအသင်းက တော်တော်လေးကောင်းတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော့်အတွက်ချန်ပီယံဆုကို ရေပန်းအစားဆုံးအသင်းကတော့ ချဲလ်ဆီးပါပဲ။ သူတို့ဟာ လူစာရင်းတောင့်တင်းသလို ကစားသမားကောင်းတွေလည်း အများကြီးရှိပါတယ်။ သူတို့ကစားပုံကလည်း ကောင်းပါတယ်။ လက်ရှိအချိန်မှာ သူတို့အသင်းဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး တစ်ပွဲနဲ့တစ်ပွဲမတူညီတဲ့ ပြိုင်ဘက်တွေကို အံ့သြသင့်ဖွယ်ရာအနိုင်ယူပြနေပါတယ်။ ဖိအားတွေရှိနေတာ မှန်ပေမယ့် ဒါဟာ ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ကျနော်တို့အတွက်ဖိအားဆိုတာ ပွဲကိုအနိုင်ရဖို့ လိုအပ်တဲ့ဖိအားဖြစ်ပြီး လာမယ့်ဝုဗ်နဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရရှိအောင်ဆောင်ရွက်သွားပါမယ်။ ဒါဟာ ကျနော်တို့အတွက် ပစ်မှတ်ပဲဖြစ်ပါတယ်။ လာမယ့်ပွဲ၊ လာမယ့်ပြိုင်ဘက်နဲ့ပတ်သတ်ပြီးတော့ပဲ အပြည့်အဝအာရုံစိုက်ထားသင့်ပါတယ်။ အထူးသဖြင့်ပြိုင်ဘက်တွေရဲ့ အစောပိုင်းရလဒ်တွေ မဟုတ်ပါဘူး။” 
5 months Ago

တစ်ဦးတည်း ၄ ဂိုးသွင်းခဲ့သူ ဂျရူးကို  ချဲလ်ဆီးနည်းပြလမ်းပတ်ချီးကျူး

ဆီဗီလာနဲ့ပွဲမှာ တစ်ဦးတည်း ၄ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး အီလီဗီယာဂျရူးကို နည်းပြ လမ်းပတ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။  ပြင်သစ်တိုက်စစ်မှူး ဂျရူးဟာ တီမိုဝါနာနဲ့ အေဗရာဟမ်တို့ရဲ့နောက် တတိယဦးစားပေး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပြီး ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တာပါ။  ကစားခွင့်ရခဲ့တဲ့ ဗီလာနဲ့ပွဲမှာတော့ တစ်ဦးတည်း လေးဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အပေါ်မှာ ပရော်ဖက်ရှင်နယ် အလွန်ရှိတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့တာပါ။ ဂျရူးက ကစားသမားဘဝတလျှောက်လုံးမှာ အလွန်ချီးကျူးစရာကောင်းတဲ့ ပရော်ဖက်ရှင်နယ်စိတ်ဓာတ်ရှိပြီး ဒါကြောင့်လည်း ချန်ပီယံလိဂ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ သူ့ရဲ့အရည်အချင်းကို မြင်တွေ့ရတာဖြစ်တယ်လို့ နည်းပြလမ်းပတ်က ချီးကျူးခဲ့ပါတယ်။  ဒါ့အပြင် အသင်းမှာ ကစားခွင့်မရသေးတဲ့ လူငယ်တွေအတွက်လည်း ဂျရူးက စံပြ ကစားသမားဖြစ်ပြီး ပွဲထွက် မကစားရလည်း လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားခဲ့သူ ဖြစ်တယ်လို့လည်း နည်းပြလမ်းပတ်က ဂျရူးကို ချီးကျူးခဲ့ပါတယ်။ 
5 months Ago

ချဲလ်ဆီးအသင်း ချန်ပီယံဆုဖလား ၂ ခုရရန်  စိန်ခေါ်နိုင်ဟု ဂျိုကိုး သုံးသပ်

ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေကို အကောင်းဆုံး စိန်ခေါ် နိုင်တယ်လို့ ကစားသမားဟောင်း ဂျိုကိုးက သုံးသပ်ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ  အခုနှစ်ရာသီအတွက်  ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၂၀ အထိ အသုံးပြုခဲ့ပြီး ကစားသမားကောင်းတွေကိုခေါ်ယူ အားဖြည့်ခဲ့တာပါ။  ခံစစ်ပိုင်းမှာ ဂိုးသမားမန်ဒီ၊ သီယာဂိုဆေးလ်ဗားနဲ့ ဘင်ချီဝဲလ်တို့ကို ခေါ်ယူအားဖြည့်ခဲ့တာ က ပိုပြီး တောင့်တင်းသွားစေတယ်လို့ ဂျိုကိုးက ပြောပါတယ်။  ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေကို ချဲလ်ဆီးအသင်းက အကောင်းဆုံး စိန်ခေါ် နိုင်ပြီး ချဲလ်ဆီးအသင်းမှာ သိသာတဲ့ အားနည်းချက်ဆိုတာ မရှိဘဲ ပိုမိုတိုးတက်လာဖို့ပဲ ရှိတယ်လို့ လည်း ဂျိုကိုးက သုံးသပ်ခဲ့ပါတယ်။  ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းအပြင် တခြားအင်္ဂလိပ်ကလပ်တွေကိုလည်း လျော့တွက်လို့ မရကြောင်း ဂျိုလ်ကိုးက သုံးသပ်ခဲ့ပြီး လိဂ်ရဲ့အဆင့်အတန်းနဲ့ ပြိုင်ဆိုင်မှုပြင်း ထန်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ 
5 months Ago

ချဲလ်ဆီးတိုက်စစ်မှူး ဂီရော့ဒ် သက်ကြီး ဟက်ထရစ် ကစားသမားအဖြစ် မှတ်တမ်းဝင်

ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်ဟာ ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းတဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။  ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ချယ်လ်ဆီးက ဆီဗီလာကို ၄ ဂိုးပြတ်အနိုင်ရကာ ဂီရော့ဒ်ဟာ ၄ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးကို အုပ်စု E ရဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကိုတက်လှမ်းစေခဲ့ပြီဖြစ်ပါတယ်။  ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ရာသီအစပိုင်းမှာ ကစားသမားသစ်ဗာနာ၊ အေဗရာဟမ်တို့ နောက် တတိယဦးစားပေး ကစားသမားအဖြစ်သာ အသုံးပြုခြင်းခံနေရသူဖြစ်ပါတယ်။ ဒါပေမဲ့ ဆီဗီလာနဲ့ပွဲမှာ လမ်းပတ်က ဗာနာနဲ့ အေဗရာဟမ်တို့ကို  အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပြီး ဂီရော့ဒ်ကို အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။  ဂီရော့ဒ်ကလည်း ရရှိလာတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး အသင်းအတွက် စပိန်မြေမှာ အထူးခြေစွမ်း ပြခဲ့တာဖြစ်ပါတယ်။  အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ပွဲချိန် ၈ မိနစ်မှာ ဘယ်ခြေကန်ချက်နဲ့ ချဲလ်ဆီး  အသင်းကို  ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက်မှာ ညာခြေကန်နဲ့ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ကန်တေရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး သူ့ရဲ့ဟက်ထရစ်သွင်းဂိုးကိုရရှိခဲ့ပါတယ်။  စူပါဟက်ထရစ်ဖြစ်စေမဲ့ ဂိုးကိုတော့ ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ဒီပွဲမှာ ဂီရော့ဒ်ဟာ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်ဂိုး၊ ပင်နယ်တီသွင်းဂိုးစတာတွေနဲ့ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာ ကိုပြသခဲ့တာလည်း ဖြစ်ပါတယ်။  ၄ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂီရော့ဒ်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက် အကြီးဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။  သူဟာ ရီးရဲလ်တိုက်စစ်မှူး ပွတ်ရှ်ကတ်နောက်ပိုင်း ဥရောပပြိုင် ပွဲတွေမှာ ဟက်ထရစ် သွင်းနိုင်တဲ့အသက်အကြီးဆုံးကစားသမားလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။  “ဒါဟာတကယ်ကို  ကောင်းတဲ့ခံစားချက်ပါ။ တကယ်ကို ကောင်းတဲ့အသင်းလိုက်ကစားပုံ လည်း ဖြစ်ပါတယ်။ ကျနော့်အတွက် ၄ ဂိုး ရရှိခဲ့တာကြောင့် ဒါဟာ တကယ်ကို ကောင်းမွန်ပါတယ်” လို့ ဂီရော့ဒ်က ပွဲအပြီးမှာပြောပါတယ်။  သူဟာ ချဲလ်ဆီးအသင်းအတွက် ဥရောပပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဒုတိယ မြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ 
5 months Ago

လုံလောက်သည့်နားချိန်မရှိဘဲ ပွဲကစားရမည့်အပေါ် ချဲလ်ဆီးနည်းပြ လမ်းပတ် ဝေဖန်

နယူးကာဆယ်နဲ့ပွဲစဉ်ကို လုံလောက်တဲ့နားချိန်မရှိဘဲ ကစားရမယ့်အပေါ်မှာ ပရီးမီးယားလိဂ်ကို ချဲလ်ဆီးနည်းပြ လမ်းပတ်က ဝေဖန်လိုက်ပါတယ်။  ချဲလ်ဆီးအသင်းဟာ စနေနေ့ အစောဆုံးပွဲစဉ်အဖြစ် မြန်မာစံတော်ချိန်ည ၇ နာရီမှာ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ နိုင်ငံတကာပွဲစဉ်တွေက ကြာသာပတေးနေ့ မနက်ပိုင်းကမှ ပြီးဆုံးခဲ့ပြီး နားရက်တစ်ရက်လောက်သာ ရတဲ့အပေါ်မှာ နည်းပြ လမ်းပတ်က ဝေဖန်ခဲ့တာပါ။  ပွဲကစားမယ့်အချိန်က အကောင်းဆုံးအချိန်မဟုတ်ဘဲ အဲဒီလိုအခြေအနေမှာ ကစားဖို့ လိုအပ်တာမျိုးလည်း မဟုတ်ကြောင်း နည်းပြလမ်းပတ်က ဝေဖန်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကောင်းဆုံးဖြစ်စေချင်တယ်ဆိုရင် ပြင်ဆင်မှု ကောင်းကောင်းလုပ်နိုင်မယ့် အချိန်ပေးသင့်တယ်လို့ ဆိုပါတယ်။  အသင်းရဲ့အကောင်းဆုံးခြေစွမ်းနဲ့ ကစားချင်ပေမယ့်လည်း ပွဲစဉ်ဇယားအခြေအနေက အလွန်ခက်ခဲတယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။  ပရီးမီးယားလိဂ်အသင်းကြီးတွေထဲမှာ မန်ယူ-ဝက်စ်ဘရွန်း၊ စပါး-မန်စီးတီးအသင်းတွေက နိုဝင်ဘာ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ ထိပ်တိုက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်အသင်းက ညနေပိုင်းနဲ့ လီဗာပူးက နိုဝင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှ လက်စတာနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။  
5 months Ago

ချဲလ်ဆီးနည်းပြဘဝ လူကာကူနှင့် ဗန်ဒိုက်ကို ခေါ်ယူရန် နီးစပ်ခဲ့ကြောင်း ကွန်တီပြော

ချဲလ်ဆီးနည်းပြတာဝန်ယူချိန်က လူကာကူနဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ဖူးတယ်လို့ နည်းပြ ကွန်တီက ပြောပါတယ်။  လက်ရှိအချိန်မှာ အင်တာမီလန်နည်းပြ တာဝန်ယူနေတဲ့ ကွန်တီဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာပါ။  အဲဒီအချိန်က အဲဗာတန်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး လူကာကူနဲ့ ဆောက်သမ်တန် မှာ ကစားနေတဲ့ ဗန်ဒိုက်တို့ကို ခေါ်ယူဖို့ နေ့စဉ်စကားပြောဆိုခဲ့ဖူးတယ်လို့ ကွန်တီက ပြန် ပြောပြတာပါ။  ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးတဲ့နောက်မှာ ကစားသမား ၂ ဦးကို ခေါ်ယူဖို့ အလွန်နီး စပ်ခဲ့ပြီး အဲဒီကစားသမား ၂ ဦးက လူကာကူ နဲ့ ဗန်ဒိုက်တို့ဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းစာနဲ့ အင်တာဗျူးမှာ နည်းပြကွန်တီက ပြောပါတယ်။  လူကာကူ နဲ့ ဗန်ဒိုက်တို့နဲ့ နေ့တိုင်းဆက်သွယ်စကားပြောခဲ့ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ခြေစွမ်းက ၃၀ ရာခိုင်နူန်းလောက်တိုးတက်လာလိမ့်မယ်လို့ တာဝန်ရှိသူတွေကို ပြောခဲ့ကြောင်း လည်း ကွန်တီက ပြောပါတယ်။  ဒါပေမဲ့ အဆုံးသတ်မှာတော့ လူကာကူက မန်ယူနိုက်တက်ဆီပြောင်းရွှေ့ခဲ့ပြီး ဗန်ဒိုက်က လီဗာပူးဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 
5 months Ago
More News
Up